Tuesday, April 21, 2009

The 5G

ကိုညီလင်းဆက် ဘလော့ခ်ထဲက အရမ်းကြိုက်တာလေးမို့လို့ တင်ထားလိုက်တယ်။ အခုလောလောဆယ်တော့ ကျနော်က Get ပေါ့ဗျာ။ သင်ကော ဒီစက်ဝိုင်းထဲက ဘယ်နေရာမှာရောက်နေပြီလဲ။
Free Image Hosting at www.ImageShack.us

ဒါလေးက Web2.0 ပြောင်းလဲမှုနဲ့အတူ ပေါ်ပေါက်လာတဲ့ သဘောတရားလေးကို ကျွန်တော် လေ့လာမိတဲ့အတိုင်း ဆွဲထားတာပါ။ 5G လို့ နာမည်ပေးထားတယ်။ တကယ်တော့ ဒါကို ကြည့်လိုက်ရင် လူတိုင်း ဒီအထဲက အဆင့်တွေ အားလုံးနဲ့ ရင်းနှီးပြီးသား ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဟိုးအရင်ကတော့ ပုံစံတစ်မျိုးနဲ့ စီးဆင်းနေခဲ့တယ်။ အခုနောက်ပိုင်း Web2 ပြောင်းလဲမှုမှာတော့ အစီအစဉ်က ပိုကျလာတဲ့ သဘောပါပဲ။ ကျွန်တော့် အယူအဆအရ ဒါဟာ ၂၁ရာစုကို ဆန်းသစ်စေခဲ့တဲ့ ဖြစ်စဉ် တစ်ခုလို့ ယုံကြည်ပါတယ်။

  • Give = ပေးတယ်၊ ဝေမျှတယ်။
  • Get = ရယူတယ်။
  • Gather = စုဆောင်းတယ်၊ ပေါင်းစပ်တယ်။
  • Generate = ထုတ်လုပ်တယ်၊ ဖန်တီးတယ်။
  • Geek = ပညာရှင်

အထက်က ဖြစ်စဉ်လေးထဲမှာ သင်ဟာ ဘယ်အနေအထားမှာ ရှိလဲ ဆိုတာကို ကိုယ့်ကိုကိုယ် မေးကြည့်ပါ။ ဥပမာ ကိုယ်က သူများ ပေးတာတွေပဲ ယူနေရတဲ့ (GET) အနေအထားမှာ ရှိနေသေးတယ် ဆိုရင် အဲဒီနေရာကနေ စပြီး ကျန် စက်ဝိုင်း လှည့်လည်တဲ့ ပုံစံအတိုင်း သွားရပါမယ်။ သင်ဟာ သူများ ပေးထားတဲ့ နည်းပညာတွေ၊ အရင်းအမြစ်တွေကို ယူမယ်။ ပြီးရင် ဒုတိယအဆင့် စုဆောင်းမယ်။ (Gather) စုဆောင်းမယ် ဆိုရာမှာ တစ်ဦးတစ်ယောက်ထဲ ဆီကနေ မဟုတ်ဘဲ ရနိုင်သမျှ နေရာအားလုံး လူအားလုံး ဆီကနေ စုဆောင်းရပါမယ်။ ဒီလိုနဲ့ တဖြည်းဖြည်း များပြားလာတဲ့အခါ ကိုယ့်ဆီမှာ နည်းပညာနဲ့ အရင်းအမြစ်တွေ အလုံအလောက် ရှိလာတဲ့အခါ အဲဒါတွေကို ပေါင်းစပ်ပြီး အခြား ရလာဒ်တစ်ခု ဖြစ်လာအောင် ဖန်တီးရပါမယ်။ ဒါကို ကျွန်တော်က ဒီနေရာမှာ Generate လို့ပဲ သုံးနှုန်းထားပါတယ်။ ဒီလို အနေအထားမျိုး ရောက်အောင် ဖန်တီးလာနိုင်ပြီ ဆိုတာနဲ့ သင်ဟာ Geek တစ်ယောက် ဖြစ်လို့ လာပါပြီ။ အဲဒီလို ဖြစ်လာချိန်မှာ သင့်တုန်းက Get ဆိုတဲ့ အနေအထားလေးကို သတိတရနဲ့ သင် Geek ဖြစ်လာချိန်မှာ Give လုပ်ဖို့ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဒီစက်ဝန်းဟာ ထပ်ခါထပ်ခါ လည်ပတ်သွားပါမယ်။ ပညာရှင် ဆိုတာကို အမြင့်ဆုံး အဆင့်လို့ သတ်မှတ်ရင် သင်ဟာ ဒီအဆင့်ထဲမှာ အခြားသော နည်းပညာတွေ အားလုံးကို ပေါင်းစပ်၊ အသစ်ဖန်တီးပြီး ပညာရှင် အခါခါ ဖြစ်နိုင်ပါသေးတယ်။

တကယ်လို့များ သင်ဟာ အခုကတည်းက နည်းပညာ တစ်ခုမှာ Geek ဖြစ်နေပြီ ဆိုပါစို့။ ဒါဆိုရင်လည်း အခုန စက်ဝိုင်း အတိုင်းပါပဲ သင့်ရဲ့ နည်းပညာတွေ၊ အရင်းအမြစ်တွေ၊ အတွေးအမြင်တွေကို မျှဝေပါ။ ဒီလို မျှဝေရင်း အခြားသူတွေရဲ့ အတွေးအမြင် နည်းပညာတွေကိုလည်း ရယူပါ။ အားလုံးကို စုပေါင်းပြီး ကိုယ့်ပညာစွမ်းနဲ့ နောက်တစ်ခုကို တီထွင်ပါ။ ဒါဆို သင်ဟာ နောက်ထပ် နည်းပညာ တစ်ခုမှာ ပညာရှင်ဖြစ်ခွင့် ကြုံလာပြန်ပြီပေါ့။



ပေးခြင်း ဝေမျှခြင်း

ဒီလောကကြီးရဲ့ အရာတော်တော်များများဟာ Give & Take နဲ့ အများကြီး သက်ဆိုင်တယ်။ အပေးအယူပေါ့။ ဒီတော့ သူများဆီက ကိုယ်ယူချင်ရင် ကိုယ်တိုင်ကလည်း သူများကို ပေးရဲရပါမယ်။ ပညာလျှိုတယ်ဆိုတဲ့ ခေတ်ဟာ ကုန်နေပါပြီ။ ပညာအစွမ်း ဘယ်လောက် ရှိတယ်လို့ အသုံးချရတဲ့ခေတ်၊ သူများနဲ့ ယှဉ်ပြိုင်ရတဲ့ခေတ် ဖြစ်နေပါပြီ။ ကိုယ့်ဆီမှာ ကောင်းတာလေး တစ်ခုရှိရင် သူငယ်ချင်း မိတ်ဆွေများကို ဝေမျှပေးပါ။ အဲဒီအခါ သူတို့မှာ ကောင်းတာလေး တစ်ခု တွေ့လာတဲ့ အချိန်ကျရင် သင့်ကိုလည်း သတိရပါလိမ့်မယ်။


ရယူခြင်း

ရယူခြင်း ဆိုရာမှာ ဘယ်က ဆိုတဲ့ စကားက အရေးကြီးပါတယ်။ ကိုယ်ရယူတဲ့ နေရာဟာ မှန်ကန်တိကျတဲ့ နေရာလား။ ယုံကြည် စိတ်ချရတဲ့ နေရာကလည်း ဆိုတာတွေကို သတိထားရပါမယ်။ သတင်းစာ ဂျာနယ်တွေမှာ အခုနောက်ပိုင်း ကိုးကား အင်တာနက် ဆိုတဲ့ စကားလေးကို တွေ့ရတယ်။ ဘယ်အင်တာနက် စာမျက်နှာက ကိုးကားတာလဲ။ အင်တာနက်ပေါ်မှာ လေးငါးနှစ်သားလောက်က စပြီး ရေးနေကြတာ အားလုံးကို အမှန်ယူလို့ မရပါဘူး။ ဒါကြောင့် ရယူခြင်း ဆိုရာမှာလည်း ကိုယ်လိုချင်တဲ့ဟာကို တိတိကျကျ ပေးနိုင်တဲ့ နေရာတွေက ဖြစ်ဖို့ အရေးကြီးပါတယ်။ ပေးတာကိုလည်း ယူတတ်ရပါတယ်။


စုဆောင်းခြင်း

ရယူထားတဲ့ အရာတွေကို ဒီအတိုင်း ဖြစ်သလိုထားလို့ မရပါဘူး။ သူ့သက်ဆိုင်ရာ အမျိုးအစားအလိုက် ခွဲခြား သိမ်းဆည်း ထားရမယ်။ ဘယ်အရာအတွက် ဘာတွေ စုနေတယ်ဆိုတာက ကိုယ့်ကိုကိုယ် သိနေရမယ်။ ဟိုဟာတွေ့လည်းစု ဒီဟာတွေ့လည်းစု ဆိုတာမျိုးက မကောင်းပါဘူး။ ကိုယ်ဘာလိုချင်တာလဲ ဆိုတာကို ပိုင်းခြား ထားရပါမယ်။ ဓာတ်ပုံ လိုချင်တယ် ဆိုရင်လည်း ဘာဓာတ်ပုံ၊ ဘယ်ဆိုဒ် စတာတွေကို အရင် ဆုံးဖြတ်ပြီး အဲဒါကိုပဲ တစိုက်မတ်မတ် ရှာဖွေ စုဆောင်းသင့်တယ်။ နည်းပညာ ဆိုရင်လည်း သူများတွေရဲ့ နည်းပညာကို သေချာလေ့လာ စုဆောင်းထားသင့်တယ်။


ထုတ်လုပ် ဖန်တီး

ကိုယ့်မှာ စုဆောင်းထားတာတွေ လုံလောက်ပြီ ဆိုတဲ့အခါ၊ အဲဒီဟာတွေကနေ ကိုယ့်ပညာကို အသုံးပြုပြီး အသစ်တစ်ခု ဖန်တီးရပါမယ်။ သူတစ်ပါးရဲ့ နည်းပညာတွေကနေလည်း ဉာဏ်ကွန့်မြူးပြီး ကိုယ့်အသစ်ကို ထုတ်နိုင်သေးတယ်။ ဥပမာ ပြင်သစ် ရူပဗေဒ သမားတစ်ယောက်က အင်္ဂလိပ် သင်္ချာသမား တစ်ယောက်ရဲ့ တွေ့ရှိချက် ဖော်မြူလာ တစ်ခုကို အသုံးချပြီး ရူပဗေဒအတွက် အသစ်တွေ့ရှိချက်တစ်ခု ဖြစ်အောင် လုပ်နိုင်တယ်။ ဒါကြောင့် နိုင်ငံတကာမှာ နည်းပညာ အသစ်တွေ နေ့တိုင်းနေ့တိုင်း ပေါ်နေတယ်။ အနည်းဆုံး ကိုယ်က ဓာတ်ပုံတွေ စုဆောင်းထားတယ် ဆိုရင်တောင် အဲဒီဓာတ်ပုံတွေကို ကဏ္ဍတွေခွဲပြီး ဓာတ်ပုံ ဂယ်လာရီကြီး လုပ်လို့ ရသေးတယ်။


ပညာရှင်

သင်ဟာ စုဆောင်းရင်း၊ မျှဝေရင်း၊ ပေါင်းစပ်တီထွင်ရင်းနဲ့ တဖြေးဖြေး ပညာတွေ တိုးတက်လာပြီးတဲ့နောက် ကိုယ်တိုင် ထုတ်လုပ်ဖန်တီး လာနိုင်တဲ့ အချိန်ကျတဲ့အခါ ပညာရှင် တစ်ယောက်အဖြစ် အများက အသိအမှတ် ပြုလာကြပါလိမ့်မယ်။ ဒါပေမယ့် အဲဒီနေရာမှာ ရပ်တန့်နေမယ်ဆိုရင် သင်ဟာ အဲဒါ တစ်ခုတည်းနဲ့ ပြီးဆုံး သွားပါလိမ့်မယ်။ ဒါကြောင့် ဟိုးအရင်က သင်စလျှောက်လှမ်းခဲ့တဲ့ လမ်းကလေးကို သတိတရနဲ့ သင်တွေ့ရှိတာ သင်ပေးနိုင်တာတွေကို အခြားသူတွေကို ပြန်လည် မျှဝေဖို့၊ အခြားသူတွေ ပေးထားတာတွေကိုလည်း စနစ်တကျ စုဆောင်း ရယူဖို့ အမြဲ လိုအပ်နေတယ် ဆိုတာကိုတော့ မမေ့ပါနဲ့။



အချုပ်ဆိုရရင် သင်ဟာ အခုအချိန်မှာ ဘာပဲ ဖြစ်နေနေ တချိန်ချိန်မှာ Geek တစ်ယောက် ဖြစ်နိုင်သေးတာပါပဲ။ ကိုယ်ဘယ်နေရာမှာလဲ ဆိုတာ အရင် သုံးသပ်ပြီး အဲဒီ နေရာကစလို့ စက်ဝန်းထဲကိုသာ ခုန်ချလိုက်ရုံပါပဲ။

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.