Tuesday, July 14, 2009

အမှတ်တရစင်္ကာပူ


စင်္ကာပူကို ပထမဆုံးအကြိမ်ရောက်တုန်းက မှတ်တမ်းလေးတွေပါ။ ဒီပို့စ်ကို တင်မယ်တင်မယ်နဲ့ အခုမှပဲတင်ဖြစ်တာပါ။ စင်္ကာပူမှာက ကျွန်တော့်ငယ်သူငယ်ချင်း ထက်မြတ်သူက အလုပ်လုပ်နေတာ ၁နှစ်လောက်ရှိပါပြီ။ ဟိုရောက်ရင်တော့ သူ့ဆီမှာပဲတည်းမယ်လို့ စိတ်ကူးထားတာ ဖြစ်ချင်တော့ ကျွန်တော် သွားဖို့တစ်ရက်အလိုမှာ ဒီကောင်က အစာအိမ်သွေးကြောပေါက်ပြီး ဆေးရုံတက်ရ ပါလေရော။ လာကြိုမယ့်သူမရှိတော့ ကျွန်တော်လဲ စိတ်ပူမိတာပေါ့။ ဒီလိုနဲ့ ပဲစင်္ကာပူကို Transtar Bus နဲ့ ည၇နာရီထွက်ဖြစ်ပါတယ်။ ကျွန်တော်ရောက်မယ့်အချိန်ကလဲ ည၁၂နာရီဆိုတော့ MRT ပိတ်ချိန်မို့ သူငယ်ချင်းတွေကလဲ လာမကြိုနိုင်ဘူး။ လမ်းမှာသူငယ်ချင်း စည်သူကဖုန်းဆက်ပြီး လမ်းညွှန်ပေးပါတယ်။ ဒီလိုနဲ့ စင်္ကာပူ Beach Road မှာရှိတဲ့ Golden Mile Complex ရောက်တော့ ည၁၂နာရီထိုးနေပြီ။ ကျွန်တော်လဲ Taxiငှားပြီး ထက်မြတ်သူရဲ့လိပ်စာကိုရှာရတော့တာပေါ့။ Taxi ကားမောင်းတဲ့သူက တရုတ်လူမျိုး အဖိုးကြီးတစ်ယောက်ပါ။ အတော်သဘောကောင်းပါတယ်။ Dakota Crescent ကိုသွားမယ်ဆိုပြီး လိပ်စာပြတော့ သူကသိပါတယ်။ ဒါပေမယ့် Block နံပါတ်ကိုတော့ လှည့်ပါတ်ရှာလိုက်ရတယ်။ သူကလဲ စိတ်ရှည်ရှည်နဲ့ ရှာပေးပါတယ်။ Taxi ခကတော့ S$ 5 ပေးလိုက်ရပါတယ်။ ဒီလိုနဲ့ ထက်မြတ်သူအိမ်ရောက်တော့ ထက်မြတ်သူရဲ့ဦးလေးက မအိပ်သေးပဲစောင့်နေပါတယ်။ ဒီလိုနဲ့ပဲ စင်္ကာပူမြေကို အဆင်ပြေချောမွေ့စွာနဲ့ပဲ ခြေချမိပါပြီ။


နောက်တစ်နေ့ မနက်ကျတော့ မနက်စာစားပြီးတာနဲ့ ထက်မြတ်သူအိမ်မှာ ကျောင်းကိစ္စနဲ့ ခဏလာနေတဲ့ ဂူဂူးနဲ့ သူငယ်ချင်းရှိတဲ့ TTSH (Tan Tock Seng Hospital) ဆေးရုံသွားကြပါတယ်။ ဂူဂူးကလဲ မြန်မာပြည်ကရောက်တာမကြာသေးတော့ နေရာကိုသိပ်မသိပါဘူး။ ဒါနဲ့ပဲ သူငယ်ချင်း စည်သူနဲ့ City Hall မှာချိန်းလိုက်ပါတယ်။ City Hall မှာ ပါလာတဲ့ငွေလေးလဲပြီး ဖုန်းကဒ်ဝယ်၊ Ez-Link Card ဝယ်ပြီး ဆေးရုံကိုသွားဖြစ်ကြတယ်။ စင်္ကာပူမှာတော့ Ez-Link Card တစ်ခုရှိရင် အကုန်အဆင်ပြေပါတယ်။ Ez-Link Card ရှိရင် Public Transport တွေဖြစ်တဲ့ MRT နဲ့ Bus Car တွေမှာ ငွေကို Cash ပေစးရာမလိုပဲ ကဒ်နဲ့ပဲအသုံးပြုတာပါ၊ အခုနောက်ပိုင်းမှာတော့ ERP, EPS, SMRT Taxis, NLB library branches နဲ့ MacDonald's Restuarants, တွေမှာတောင် အသုံးပြုလို့ရနေပါပြီ။ Ez-Link ကဒ်အသုံးပြုုတဲ့စက်တိုင်းမှာ အသုံးပြုပြီးတိုင်း ကိုယ့်ကဒ်ထဲက လက်ကျန်ငွေကိုဖေါ်ပြပါတယ်။ မိမိမှာ လက်ကျန်ငွေနဲနေပြီဆိုရင် Top Up လုပ်ရပါတယ်။ ငွေပြန်ဖြည့်တဲ့စက်တွေကလဲ MRT Station တိုင်းလိုလိုမှာရှိတဲ့အတွက် အဆင်ပြေပါတယ်။ မလေးရှားမှာတော့ Touch'n Go Card တွေနဲ့အသုံးပြုပါတယ် ဒါပေမယ့် မလေးရှားမှာလူသုံးမများပါဘူး ဘာကြောင့်လဲဆိုတော့ Top Up ပြန်လုပ်ချင်ရင် အလွယ်တကူရှာဖွေလို့မရလို့ပါ။ MRT နဲ့ LRT Station တိုင်းမှာမရှိပါဘူး။ ဒီလိုနဲ့ Ez-Link ကဒ်ဝယ်ပြီးတော့ စည်သူက သူနဲ့ပါလာတဲ့ Singapore Map လေးကြည့်ပြီး MRT စီးပါတယ်။ အဲဒီတုန်းက သူကလဲရောက်ခါစပဲရှိသေးတယ်ဆိုတော့ သွားလေရာမြေပုံစာအုပ် ပါတယ်ထင်ပါတယ်။ ဒီလိုနဲ့ MRT စီးပြီး Red လိုင်းက NOVENA MRT Station မှာဆင်းလိုက်တာနဲ့ Tan Tock Seng Hospital ကိုရောက်ပါတယ်။ ဆေးရုံကိုရောက်တော့ အခန်းထပ်ရှာရသေးတယ်။ စည်သူက တရုတ်စကားကိုကျွမ်းကျင်စွာပြောတတ်တော့ ဆေးရုံကဝန်ထမ်းတရုတ်လူမျိုး အဒေါ်ကြီးတစ်ယောက်ကိုမေးပြီး အခန်းရှာဖြစ်ပါတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းကိုပြုစုပြီး ဆေးရုံမှာပဲ တစ်နေကုန်သွားတယ်။

နောက်တစ်နေ့တော့ လျှောက်လည်မယ်ဆိုပြီးစိတ်ကူးထားတာ စည်သူကလဲ နောက်နေ့တွေမှာ ပျောက်ချက်သားကောင်းနေတယ်။ အဲဒါနဲ့ပဲ နောက်တစ်နေ့မှာတော့ ဂူဂူးနဲ့ပဲ City Hall သွားဖြစ်ပါတယ်။ အဲမှာ အွန်လိုင်းမှာသိတဲ့ မနှင်းပန်းလို့ခေါ်တဲ့ ခပ်၀၀အစ်မကြီးနဲ့ (ကျွန်တော့်ကို ပေတူးတူးလေးလို့ပြောထားတာ ကျေပြီနော်အစ်မ... :P) City Hall ကမြန်မာဆိုင်မှာ ဆုံဖြစ်ပြီး စကားလက်ဆုံကျကြသေးတယ်။ ခဏနေတော့ ထက်မြတ်သူနဲ့တစ်အိမ်ထဲနေတဲ့ ကိုထွန်းကလဲ ရောက်လာပါလေရော။ ကိုထွန်းကလဲ အရမ်းအကူအညီပေးတတ်တဲ့ အစ်ကိုကြီးပါ။ ဒီလိုနဲ့ City Hall မှာပဲ နေ့လည်စာစားပြီး ကိုထွန်းတို့နဲ့ တိုပါးရိုးက မြန်မာဘုန်းကြီးကျောင်းကိုသွားဖြစ်ပါတယ်။ အဲဒီ့နေ့က ဘုန်းတော်ကြီးကျောင်းမှာ ဘုရားဖူးလာဖူးသူတွေနဲ့ အတော်စည်ပါတယ်။ တရုတ်လူမျိုးအတော်များများလဲ ဘုရားလာဖူးကြတာ တွေ့ရပါတယ်။ အဲဒီ့နောက် ကိုထွန်းကပဲ Shopping Mall တစ်ခုဖြစ်တဲ့ Carrefour Shopping Mall ကိုလိုက်ပို့ပါတယ်။ မလေးရှားမှာတော့ Carrefour Shopping Mall အတော်များများရှိပါတယ်။ စင်္ကာပူက Carrefour ကတော့ ပိုပြီးကြီးတယ်လို့ထင်မိပါတယ်။ မလေးရှားနေရာအနှံမှာ အကြီးဆုံးနဲ့ အများဆုံးရှိတဲ့ ကုန်တိုက်တွေကတော့ Jusco Shopping Mall နဲ့ Tesco Shopping Mall တွေပါ။ Carrefour ထဲလျှောက်ကြည့်ရင်း Window Shopping ပဲထွက်လိုက်ပါတယ်။ ပစ္စည်းတစ်ခုဝယ်ဖို့ဈေးနှုန်းကြည့်လိုက်တိုင်း မလေးရှားမှာ နှစ်ခုဝယ်လို့ရနိုင်တယ်ဆိုပြီးတွက်နေလို့ပါ။ ဒါပေမယ့် ပစ္စည်း Quality ကတော့ ပိုကောင်းမယ်ထင်ပါတယ်။ အဲဒီ့နောက် ကျွန်တော်တည်းတဲ့ Dakota Crescent ကိုပြန်ခဲ့ပါတယ်။

နောက်တစ်နေ့မှာတော့ ဝေသူနဲ့ City Hall မှာဆုံဖြစ်ဖို့ချိန်းလိုက်ပါတယ်။ ဝေသူဆိုတာကတော့ ကျွန်တော့ကို စင်္ကာပူမှာကျွန်တော်သွားချင်တဲ့ နေရာအတော်များများကိုလိုက်ပို့ပေးခဲ့တဲ့ ကျွန်တော့်မိန်းကလေးသူငယ်ချင်းပါ။ စာလဲရှည်လှပြီဆိုတော့ ကျွန်တော်လည်ပတ်ခဲ့တဲ့ နေရာတွေအကြောင်းကို နောက်ထပ်ပို့စ်များမှာ ဆက်လက်ပြီးရေးသားသွားပါဦးမယ်။ မကြာမှီလာမည် မျှောပေါ့ဗျာ... :D

Lin Mg Mg

1 comment:

  1. ကိုလင်းရေ
    လင့်ခ်ချိတ်လိုက်တယ်ဗျာ
    ကျနော့ပာာလဲချိတ်ပေးဦး
    နောက်လာလဲလည်ဦးနော် :D

    ReplyDelete

Thank you for your comment on my blog, Anythig you can suggesting and discuss to me.