Thursday, July 23, 2009

Sentosa ကျွန်းသို့အလည်ခရီး

ပန်းအလှပြင်ဆင်မှုတွေနဲ့ လှပနေတဲ့စင်တိုဆာကျွန်းပါ။
စင်္ကာပူကိုရောက်ရင် သွာလည်ဖို့ထိပ်ဆုံးစာရင်းထဲမှာ Sentosa ကျွန်းကအပါအဝင်ပါ။ စင်္ကာပူရောက်တုန်း Sentosa ကျွန်းကိုသွားဖို့အတွက် သူငယ်ချင်းဖြစ်တဲ့ ဝေသူ့ကိုအကူအညီတောင်းပြီး လိုက်ပို့ခိုင်းဖြစ်ပါတယ်။ ဝေသူကလဲကျောင်းပိတ်တဲ့ရက်မို့ အဆင်ပြေပါတယ်။ ဒီလိုနဲ့ 8-2-2008 ရက်နေ့မှာနံနက် စာစားပြီးတာနဲ့ Dakota ကနေပြီး 9 နာရီလောက်က စထွက်ဖြစ်ပါတယ်။ City Hall ကိုရောက်တော့ ဝေသူနဲ့တွေ့ပါတယ်။ ဝေသူကပဲဦးဆောင်ပြီး MRT နဲ့ ခရမ်းရောင်လိုင်းဖြစ်တဲ့ North East Line ကနေပြီး Outram Park ကို MRT နဲ့သွားပါတယ်။ Outran Park ရောက်တော့ HarbourFont ကိုပြန်စီး။ HarbourFont Station ကိုတော့ တစ်ဘူတာပဲစီးရပါတယ် ဒီလိုနဲ့ပဲ HarbourFront Centre ကိုရောက်တော့ Sentosa ကျွန်းကိုသွားဖို့အတွက် ဝင်ခွင့် လက်မှတ်ကိုတန်းစီရပါသေးတယ်။


ဖြစ်ချင်တော့ ကျွန်တော်တို့သွားတဲ့ရက်က ဟောလီးဒေး ဖြစ်နေတယ်လေ။ ဒါကြောင်မို့ Sentosa ကိုသွားတဲ့လူကလဲ အတော်များပါတယ်။ စင်တိုဆာကျွန်းရဲ့ ဝင်ကြေးကတော့ စင်္ကာပူဒေါ်လာ ၃ ကျပ်ပေးရပါတယ်။ ဒီလိုနဲ့ ဝင်ခွင့်လက်မှတ်ရတော့ ကျွန်းဘက်ကို Mono Rail နဲ့ကူးပါတယ်။ ကျွန်တော်ရောက်တဲ့နေ့က စင်တိုဆာကျွန်းရဲ့ 2008 ခုနှစ် ပန်းပြပွဲပါ။ ပန်းရောင်စုံတွေနဲ့ ပြင်စင်ထားတဲ့ စင်တိုဆာကျွန်းဟာ လှပလို့နေပါတယ်။ ကျွန်းပေါ်မှာ ဓါတ်ပုံလျှောက်ရိုက်ဖြစ်ရင်း မြေပုံအားကိုးနဲ့ နေရာအတော်များများကို ရောက်ဖြစ်ခဲ့ပါတယ်။

ပန်းခင်းထဲကကြွက်ရုပ်ကြီး
ရေကန်ထဲမှ ပန်းဖြင့်ပြုလုပ်ထားသည့် ငန်းမိသားစု
စင်တိုဆာ 2008ခုနှစ် ပန်းပြပွဲတွင် အမှတ်တရ
အဲဒီ့နောက် Underwater World ကိုသွားပါတယ်။ အဲဒီ့နေရာကို မရောက်ရောက်အောင်သွားဖို့ စိတ်ကူးရှိထားပြီးမို့လို့ပါ။ Underwater World ကိုသွားဖို့အတွက် စင်တိုဆာထဲမှာပြေးတဲ့ နှစ်ထပ်ဘတ်စ်ကားကို စောင့်ရပါသေးတယ်။ အားလုံးက တန်းစီစနစ်နဲ့ စည်းကမ်းတကျ ကားပေါ်တက်ကြတဲ့အတွက် မြန်မာပြည်မှာလို တိုးတက်စရာမလိုပါဘူး။ ပထမကား လူပြည့်သွားရင်ထွက်ပါတယ်။ ကျန်လူများကတော့ နောက်လာမဲ့ကားကို စောင့်ရတာပေါ့။ ဒီလိုနဲ့ Underwater World ကိုရောက်တော့ လက်မှတ်ဝယ်ဖို့တစ်ခါ တန်းစီရပါသေးတယ်။ ဝင်ကြေးကတော့ တစ်ယောက်ကို စင်္ကာပူဒေါ်လာ $19.90 ပေးရပါတယ်။ Underwater World လက်မှတ်ဝယ်ရင် Dolphin Show လက်မှတ်ပါတစ်တွဲထဲပါပါတယ်။ ကျွန်တော့အနေနဲ့တော့ အလွန်သွားချင်တဲ့ နေရာဖြစ်နေတော့ ဈေးနဲနဲများတယ်ထင်ရပေမယ့် မညီးနိုင်တော့ပါဘူး။ နှစ်ယောက်စာ လက်မှတ်ဖြတ်ပြီးတာနဲ့ Underwater World ထဲကိုဝင်လေ့လာပါတယ်။ အောက်ပုံတွေကတော့ Underwater World ထဲကပုံတွေပါ။
Underwater World မှလှပတဲ့ ရေအောက်ရှုခင်းတစ်ခု
Underwater World မှငါးမန်းတစ်ကောင်ပုံ
ဂဏန်းအကြီးစားကြီးတစ်ကောင်ပါ။
Underwater World ကနေပြန်ထွက်တော့ အမှတ်တရပစ္စည်းရောင်းတဲ့ ဆိုင်ကလေးကနေပြန်ထွက်ရပါတယ်။ အဲဒီမှာတော့ Underwater World နဲ့ပါတ်သက်တဲ့ အမှတ်တရပစ္စည်းတွေ။ စင်္ကာပူရဲ့အမှတ်တရ လက်ဆောင်ပစ္စည်းတွေရောင်းပါတယ်။ ဈေးကတော့ အပြင်ဈေးထက်နဲနဲကြီးပါတယ်။ ဟိုကြည့်ဒီကြည့်နဲ့ ဘာမှတော့မဝယ်ဖြစ်လိုက်ပါဘူး။ ပြန်ထွက်တော့ နေ့လည် ၁နာရီကျော်နေပြီဆိုတော့ အနီးနားက ကင်တင်းမှာပဲ နေ့လည်စာစားလိုက်တယ်။ Dolphin Show ကတော့ စနေပြီမို့ မသွားဖြစ်လိုပါဘူး။ နေ့လည်စာစားပြီးတော့ Palawan Beach ကိုသွားလိုက်ကြတယ်။ Palawan Beach ကိုသွားဖို့ တစ်ခါပြန်ပြီး တန်းဆီရပြန်ရော။ အဲဒီ့နေ့က နေအရမ်းမပူပါဘူး။ မိုးအုံ့အုံ့လေးနဲ့ ရာသီဥတုကကိုယ့်ဘက်ပါနေတော့ လည်ပါတ်လို့ ကောင်းပါတယ်။ တရုတ်နှစ်သစ်ကူး အားလပ်ရက်မို့လားမသိဘူး ကမ်းခြေမှာတော့ ဘင်္ဂလားလူမျိုးအတော်များများ ကိုတွေ့နေရတယ်။ သန့်ရှင်းလတ်ဆက်တဲ့လေကို တစ်ဝကြီးရှုရှိုက်ရင်း အမှတ်တရအနေနဲ့ ဝေသူနဲ့ကျွန်တော် ဓါတ်ပုံတစ်လှည့်ဆီရိုက်ကြသေးတယ်။ ကမ်းခြေမှာ ရေကူးဆင်းကူးနေသူ အတော်များများကိုလည်း တွေ့နေရပါတယ်။
စင်တိုဆာ ကမ်းခြေနားရှိ ရှုခင်းတခု
ပါလားဝမ်း ကမ်းခြေမှာရိုက်ထားတဲ့ အမှတ်တရာဓါတ်ပုံပါ
ပါလားဝမ်း ကမ်းခြေနားရှိကြိုးတံတားငယ်
အဲဒီ့ကနေပြီးတော့ ပါလားဝမ်း ကမ်းခြေနားက ကြိုးတံတားလေးဆီသွားကြသေးတယ်။ အဲဒီ့နားကနေပြီးတော့မှ SKY Tower ဘက်ကိုလမ်းလျှောက်ပြီးသွားလိုက်ပါတယ်။ SKY Tower ပေါ်ကိုတော့ မတက်ဖြစ်ခဲ့ပါဘူး။ ဓါတ်ပုံအနည်းငယ်ရိုက်ပြီး နှစ်ယောက်သား Skyride စီးဖို့အတွက် တန်းစီလိုက်ပါတယ်။ ဈေးနှုန်းကတော့ One Luge နဲ့ Skyride နှစ်ခုတွဲကို S$9.00 ကျပါတယ်။ Skyride တစ်မျိုးထဲ One-Way Trip ကိုတော့ S$5 နဲ့ Two-Way Trip ကို S$9.00 ကျပါတယ်။ ဒါနဲ့ပဲ One Luge မှာတန်းစီတဲ့လူတွေအတော်များနေတာနဲ့ Skyride တစ်မျိုးထဲကိုပဲ Two-Way လက်မှတ်ဖြတ်လိုက်ပါတယ်။ လှပတဲ့ စင်တိုဆာကမ်းခြေဆည်းဆာအလှကို အသဲတယားယားနဲ့ပဲ အပေါ်စီးကနေခံစားလိုက်ရတယ်။ အောက်ခြေရောက်တော့ Songs Of the Sea လို့ခေါ်တဲ့ ရေပေါ်မှာဆောက်ထားတဲ့ ခြေတံရှည်အိမ်လေးတွေကိုမြင်ရတော့ အင်းလေးကိုတောင် ပြန်သတိရမိပါသေးတယ်။ အဲဒီ့ပေါ်တက်လို့ရမရစုံစမ်းကြည့်တော့ အပေါ်တက်လို့မရပါဘူးတဲ့။ ဒါနဲ့ပဲ Skyride ဆင်းလာခဲ့တဲ့နေရာကို ပြန်သွားဖို့ ပြန်တန်းစီရပါသေးတယ်။ ဒီလိုနဲ့ ပန်းပြပွဲရှိတဲ့နေရာကို ပြန်ရောက်လာခဲ့ပါတယ်။ အဲဒီ့နားမှာ ပန်းတွေနဲ့အလှဆင်ထားတဲ့ လိပ်ပြာရုပ်နားမှာ ဓါတ်ပုံရိုက်ပြီးတာနဲ့ စင်္ကာပူတစ်ဖက်ကမ်းဆီကို ပြန်ဖို့အတွက် Mono Rail ရှိတဲ့နေရာကို ပြန်ခဲ့ကြပါတယ်။
စင်တိုဆာ 2008ခုနှစ် ပန်းပြပွဲမှ လိပ်ပြာရုပ်
ပန်းများဖြင့်အလှဆင်ထားသော အသဲပုံနှစ်ထပ်
Mono Rail နေရာကိုရောက်တော့ အားပါး....ပြန်ဖို့အတွက် တန်းစီနေကြတဲ့သူတွေ မနည်းမနောပါပဲ။ အဆုံးကတန်းစီရင်တော့ မလွယ်တော့ဘူး ညမိုးချုပ်ဖို့ကသေချာနေပါပြီ။ တစ်နေ့လုံးလဲ တန်းဆီနေရတာပဲ ဒီလိုတော့မဖြစ်သေးဘူးဆိုပြီး တန်းစီနေတဲ့သူတွေထဲကြည့်လိုက်တော့ ကျွန်းကိုလာတုန်းက Mono Rail ပေါ်မှာတွေ့တဲ့ ဘင်္ဂလားအဖွဲ့ကို သွားတွေ့လိုက်တယ်။ ဒါနဲ့ပဲသူတို့နားကပ်သွားပြီး ကိုယ်သိသလောက် ဘင်္ဂါလားစကားအနည်းငယ်နဲ့ မိတ်ဖွဲ့လိုက်တယ် "ဘွန်းဒိုး တီကားဆေး" ဆိုပြီး ညာတာပါတေးနဲ့ သူတို့အုပ်စုရှေ့ကနေပြီး တန်းစီလိုက်တယ်။ သူတို့ကလဲ အဲဒီတော့မှမှတ်မိသွားပါတယ်။ ပြီးမှဝေသူ့ကို လာလာဆိုပြီးလှမ်းခေါ်လိုက်ရတယ်။ HarbourFront Centre ကိုပြန်ရောက်တော့ လာခဲ့တဲ့လမ်းအတိုင်းပဲ Outram Park ကို MRT နဲ့ပြန်သွား၊ ပြီးတော့ City Hall ကို MRT ပြန်စီးကာ City Hall ကနေဝေသူနဲ့လမ်းခွဲပြီး 51 ဘတ်စ်ကားစီးပြီး Dakota Crescent ကိုပြန်လာခဲ့ပါတော့တယ်။

Lin Mg Mg

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.