ဒီခေါင်းစဉ်ကို တွေ့လိုက်လို့ ကျွန်တော့်ကို ဂေါက်သွားပြီလားလို့ မထင်လိုက်ပါနဲ့ ကျွန်တော် ပလန်းနက်က သူငယ်ချင်းတွေနဲ့ အတူတူ ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံမှာ အလှူသွားလုပ်ခဲ့ကြတဲ့အကြောင်းကို ပြောပြချင်တာပါ။ ကျွန်တော် ပလန်းနက်က သူငယ်ချင်းတွေနဲ့ အပြင်မှာ မဆုံဖြစ်တာ သုံးနှစ်လောက်ရှိပါပြီ ဒီအတောအတွင်းမှာ သတိတရနဲ့ ဟိုအရင်တုန်းက အတူသွားလာခဲ့ပြီး အလှုတွေလုပ်ခဲ့တာ၊ တွေ့ဆုံဖြစ်ခဲ့တာတွေ ကိုလည်း အမှတ်ရနေခဲ့ပါတယ်။ အဲဒီ့ထဲကမှ ၂၆ ရက် ၃ လပိုင်း ၂၀၀၆ ခုနှစ်တုန်းက ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံကို ပလန်းနက်က သူငယ်ချင်းတွေ စုပေါင်းပြီး အလှုသွားလုပ်ခဲ့တဲ့ ခရီးစဉ်တစ်ခုကို မှတ်မှတ်ရရရှိနေဆဲမို့ သူငယ်ချင်းတွေကို လွမ်းဆွတ်စွာနဲ့ ဒီပို့စ်လေးကို ရေးဖြစ်ခဲ့တာပါ။ ဒီအလှူ လုပ်ဖြစ်ခဲ့တာကတော့ ပလန်းနက် တီးရှော့က သူငယ်ချင်းတွေ၊ မြန်မာချက်က သူငယ်ချင်းတွေနဲ့ ပြည်ပက သူငယ်ချင်းတွေ အတော်များများ ထည့်ဝင်ခဲ့ကြတဲ့ အလှုငွေတွေနဲ့ စီစဉ်နိုင်ခဲ့တာပါ။ ကောက်ခံရရှိခဲ့တဲ့ အလှူငွေထဲကမှ တစ်ဝက်ကို ထောက်ကြံ့ မိဘမဲ့ကျောင်းကို လှူဒါန်းခဲ့သလို ကျန်ရှိတဲ့ငွေကို ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံကို သွားလှုကြတာပါ။ ထောက်ကြံ့ မိဘမဲ့ကျောင်းအလှူ အကြောင်းကိုတော့ ကျွန်တော် ရှေ့က ပို့စ်တစ်ခုမှာ ထောက်ကြံ့ မိဘမဲ့ကလေးကျောင်း ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားခဲ့ပြီးပါပြီ။
စိတ်ကျန်းမာရေးဆေးရုံ အလှူ ဂုဏ်ပြုလက်မှတ်
ရွာသာကြီးကို အလှူခရီးရှိတဲ့အကြောင်းကိုတော့ ကျွန်တော်ကနေ Forward Mail နဲ့အားလုံးကို အကြောင်းကြားဖြစ်ပါတယ်။ ထုံးစံအတိုင်း အားလုံးက ဦးညိုလို့ခေါ်ကြတဲ့ ဘားလမ်းထဲက Mr. Brown ကော်ဖီဆိုင်မှာ မနက် ၈ နာရီမှာဆုံဖို့ ချိန်းထားကြပါတယ်။ မနက် စောစာထပြီး ဦးညိုကိုရောက်တဲ့အခါမှာတော့ သူငယ်ချင်းအတော်များများ စုံနေပါပြီ။ အဲဒီ့နေ့က အလှုခရီးမှာ လိုက်ပါခဲ့တဲ့ သူငယ်ချင်းတွေကတော့ ကိုဟန်၊ ကိုဗျာလေး (Daddy)၊ ကိုဗိုင်းရပ်၊ Eleven၊ ကိုထက်၊ ကိုထက်သူငယ်ချင်း၊ ယန်ယန်၊ ပူစီ နဲ့။ မိန်းကလေး သူငယ်ချင်းတွေ ဖြစ်တဲ့ ပူတူး၊ ရုပ်ဆိုးမ၊ မကေ၊ အိန်ဂျယ်၊ အိန်ဂျယ်ရဲ့ညီမ၊ ညီမလေးဖြူ၊ မိုးမခ နဲ့ မိုး တို့ပါ။ ကျန်တဲ့ သူငယ်ချင်းတွေကတော့ မအားလပ်တာမို့ မပါလာပါဘူး။ လူစုံပြီဆိုတော့ အားလုံး ရွာသာကြီးကိုသွားဖို့ စီစဉ်ထားတဲ့ ပထမအစီအစဉ်ကတော့ ရန်ကုန်ဘူတာကြီးကို အားလုံး စကားတပြောပြောနဲ့ လမ်းလျှောက်ကြပါတယ်။ ဒီလိုနဲ့ ဘူတာကြီးကိုရောက်တော့ ကိုဗိုင်းရပ်နဲ့ ကိုဟန်တို့က ရထားလက်မှတ် ၀ယ်ကြပါတယ်။ ရွာသာကြီး တက္ကသိုလ်ကိုသွားတဲ့ ရထားကတော့ မရောက်သေးတာနဲ့ ဘူတာမှာပဲ စောင့်နေကြရသေးတယ်။ ပူစီကတော့ ဓါတ်ပုံတွေ လိုက်ရိုက်နေပါတယ်။ အဲဒီထဲက ဓါတ်ပုံတစ်ချို့ကို တင်ပေးလိုက်ပါတယ်။
ရွာသာကြီးရထားစောင့်နေကြစဉ်
ရထားပေါ်တွင် အမှတ်တရ
Internet Journal စိတ်ဝင်စားနေတဲ့နှစ်ယောက်
ရထားရောက်တဲ့အခါမှတော့ အားလုံး ရထားပေါ်မှာ နေရာယူကြတာပေါ့။ သေချာနေရာ ယူပြီးတဲ့အခါမှာတော့ ဒီရထားက ရွာသာကြီးသွားတဲ့ရထား မဟုတ်ဘူးဖြစ်နေလို့ အားလုံးပြန်ဆင်းကြရသေးတယ်။ နောက်ထပ် ၁၀ မိနစ်လောက်နေမှ ရွာသာကြီးသွားတဲ့ရထားက ရောက်လာတော့တယ်။ ဒီတစ်ခါတော့ မလွဲတော့ပါဘူး လူမှန် နေရာမှန်ပေါ့။ ကားစပါယ်ရာတွေပြောတဲ့ အလယ်မှာ ဆင်ကကလို့ရတယ်တို့၊ ဘောလုံးကန်လို့ရတယ်တို့ လိုပေါ့ ရထားပေါ်မှာဘယ်လောက် လူများလဲဆိုတော့ ကိုဟန်၊ Eleven၊ ယမ်ယမ်တို့ ဘောလုံးကန်ကြသေးတယ်။ အားလုံးထဲမှာက ကိုဟန်က အငယ်ဆုံးလိုဖြစ်နေတယ် (ကလေးတွေနဲ့အပြိုင်ပေါ့)။ ကိုဗျာလေးကတော့ အလွတ်မပေးပဲ သူ့ကမရာလေးနဲ့ မှတ်တမ်းလိုက်တင်နေတယ်။ ကျွန်တော်ကတော့ ပွဲကြည့်ပုရိသတ်ပေါ့။ သူတို့နဲ့အတူဝင်တော့ မကန်တော့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ကန်တဲ့ဘောလုံးကို ရှာနေတာနဲ့ တင် မိနစ်ကိုးဆယ် ပြည့်မယ့်ကိန်း ဆိုက်နေလို့။ အားလုံးကလဲ ပျော်ရွှင်နေကြတာပါ။ ကျွန်တော်တို့တင်မဟုတ်ပါဘူး ရထားပေါ်မှာရှိတဲ့ ခရီးသည်တချို့ပါ ကျွန်တော်တို့အဖွဲ့ရဲ့ ပျော်ရွှင်မှုတွေ ကူးစက်ကုန်ပြီး တပြုံးပြုံးနဲ့ တွေ့ရပါတယ်။ ရထားပေါ်မှာတော့ ပိုက်ဆံတောင်းတဲ့ ကလေးငယ်တစ်ချို့ ပါလာပါသေးတယ်။ သူတို့လေးတွေကို ကြည့်ရတာ အနာဂါတ်အတွက် ရင်လေးစရာပါ။ ကလေးတွေကို ပိုက်ဆံပေးခြင်းဟာ သူတို့ရဲ့စိတ်ဓါတ်ကို ရိုက်ချိုးလိုက်သလိုပါပဲ။ ကိုယ့်အားကိုယ်ကိုးတဲ့ စိတ်ဓါတ်ပျောက်သွားပြီး ပိုက်ဆံကို အလွယ်တကူ ရှာချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် ကလေးသူငယ်တွေကို သနားလို့ဆိုပြီး ပိုက်ဆံပေးခြင်းကို အားမပေးလိုပါဘူး။
ရထားပေါ်မှ ခလေးးတစ်ယောက်
ကလေးများကြားမှ ပူစီ
ဘတ်စ်ကား ပေါ်တွင်အမှတ်တရ
ဒီလိုနဲ့ ရွာသာကြီး ဘူတာကို ရောက်တော့ ရထားပေါ်ကဆင်းကြပြီး စီးပွားရေးတက္ကသိုလ်ရှိရာကို လျှောက်လာခဲ့ကြပါတယ်။ မနက် ၁၀ နာရီလောက်ရှိပြီမို့ နေကလဲပူလာပါပြီ။ ကျောင်းရှေ့ရောက်တော့ စိတ်ရောဂါအထူးကု ဆေးရုံကို ရောက်မယ့် ၂၀၉ ဘတ်စ်ကားကို စောင့်နေကြသေးတယ်။ ခဏနေတော့ ဘတ်စ်ကား ရောက်လာတာနဲ့ အားလုံးကားပေါ် တက်ခဲ့ကြပါတယ်။ စိတ်ရောဂါအထူးကု ဆေးရုံကို ရောက်တဲ့အခါမှာတော့ နေ့လည် ၁၁နာရီ ထိုးခါနီးနေပါပြီ။ ကျွန်တော်တို့ ရောက်တဲ့အကြောင်းကို ၀န်ထမ်း တစ်ယောက်က တဆင့် ဆေးရုံအုပ်ကြီးရှိတဲ့ ရုံးခန်းကို သွားပြီးသတင်းပို့လိုက်ပါတယ်။ ခဏနေတော့ ဆေးရုံအုပ်ကြီးရုံးခန်းထဲ လာခဲ့ကြပါဆိုတာနဲ့ တစ်ဖွဲ့လုံး ရုံးခန်းထဲ ၀င်သွားကြပါတယ်။ အဲဒီ့နောက် မကေနဲ့ ကိုဟန်တို့ကနေပြီး ပလန်းနက်တီးရှော့နဲ့ မြန်မာချက် အွန်လိုင်း သူငယ်ချင်းတွေကနေပြီး ဆေးရုံမှာရှိတဲ့ စိတ်ရောဂါ ဝေသနာသည်တွေအတွက် အလှူငွေ လာလှူဒါန်းတဲ့အကြောင်းပြောပြပါတယ်။ ဒီတော့ ဆရာမကနေပြီး ဝေသနာသည်တွေအတွက် ဆေးရုံမှ ကျွေးမွေးမှူပုံစံအကြောင်း ရှင်းပြပါတယ်။ ရွာသာကြီး စိတ်ရောဂါ အထူးကုဆေးရုံမှာ မနက်စာ၊ နေ့လည်စာ နဲ့ ညနေစာ သုံးနပ်ကျွေးပါတယ်။ ကျွန်တော်တို့အဖွဲ့က ၂၇ ရက်နေ့အတွက် နံနက်စာ မြန်မာကျပ်ငွေ ၂၀၀၀၀ ဖိုး၊ နေ့လည်စာ ကျပ် ၁၀၀၀၀၀ ဖိုးနဲ့ ညနေစာအတွက် ကျပ် ၉၀၀၀၀ ဖိုး၊ စုစုပေါင်း ကျပ် နှစ်သိန်းတစ်သောင်း ကို သီးသန့် လှူဒါန်းလိုက်ပါတယ်။ အဲဒီ့နောက် အလှူအတွက် ဂုဏ်ပြုလက်မှက်ကို ပြန်ပေးပါတယ်။ ဒီလက်မှတ်ကိုတော့ အားလုံးကိုယ်စား မကေ ကပဲ လက်ခံလိုက်ပါတယ်။
ဆေးရုံရှိ နေ့စဉ်ကျွေးမွေးမှုပုံစံအကြောင်း ရှင်းပြစဉ်
အတူတကွ အလှူငွေထည့်ဝင်ကြစဉ်
အလှူအတွက် ဂုဏ်ပြုလက်မှတ် မကေသို့ပေးအပ်စဉ်
အလှူအတွက် ဂုဏ်ပြုလက်မှတ်ကို ဆေးရုံအုပ်ကနေပြီး ပြန်ပေးပြီးတဲ့နောက်မှာတော့ အဲဒီ့ဆရာမက နေပြီးတော့ပဲ စိတ်ရောဂါဝေသနာသည်တွေကို ထားတဲ့ အဆောင်တွေကို တစ်ခုချင်းစီ လိုက်လံရှင်းပြပါတယ်။ ဒီဆေးရုံမှာ ၀န်ထမ်းလုပ်ဖို့ဆိုတာ တော်ရုံစေတနာနဲ့တော့ မလွယ်ကူလှပါဘူး။ ဆေးရုံမှာရှိတဲ့ ဆေးရုံအုပ်ကြီး ကအစ ၀န်ထန်းတွေအဆုံး ဝေသနာတွေကို မိမိတို့ရဲ့ သွေးသားရင်းများသဖွယ် စောင့်ရှောက်တာကို တွေ့ရပါတယ်။ သူငယ်ချင်းတစ်ချို့က ဆရာမရှေ့မှာ အရူးတွေရယ်ဆိုတဲ့ စကားအသုံးအနှုန်းတွေ သုံးမိတာကို ဆရာမက မကြိုက်ပါဘူး။ သူတို့ဟာ အရူးတွေလို့မခေါ်သင့်တဲ့အကြောင်း ပြောပါတယ် စိတ်ဝေဒနာကို ခံစားနေရတဲ့ ရောဂါသည်တွေပါပဲလို့ ရှင်းပြပါတယ်။ သူတို့ကို အရူးဆိုပြီး နှိမ့်ချဆက်ဆံခြင်း မပြုဖို့ကို ပြောပြပါတယ်။ ဒီလိုမေတ္တာထားလို့လဲဖြစ်မှာပါ ဆေးရုံမှာရှိတဲ့ တစ်ချို့သော ဝေသနာသည်တွေဟာ ဒီဆရာမကို ချစ်ကြောက်ရိုသေနေကြတာ တွေ့ရပါတယ်။ ဆရာမကနေပြီး ဆက်ရှင်းပြပါတယ်။ ဝေဒနာသည်တွေကို ဆေးရုံမှာ မပျောက်မချင်း ကုသပေးပါတယ်။ လိုအပ်တဲ့ဆေးဝါးကိုလဲ အချိန်မှန်ပေးသလို ဝေဒနာရှင်တွေရဲ့ခြေအနေကို သိဖို့ တစ်ပါတ်ကို တစ်ရက် ဒါမှမဟုတ် နှစ်ရက် ခေါ်ခေါ်တွေ့ပြီး Psychology ပညာနဲ့ မေးမြန်းစစ်ဆေးခြင်းကိုလဲ ပြုလုပ်တယ်လို့သိရပါတယ်။ နောက်ပြီး ဒီဆေးရုံမှာ စိတ်ဝေဒနာရှင်တွေချည်း မဟုတ်ဘဲ အရက်ဖြတ်တဲ့သူတွေလဲ ရှိပါတယ်လို့ပြောပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ စိတ်ရောဂါ ဝေသနာရှင် တွေကိုထားတဲ့ အဆောင်တွေကို ရောက်လာခဲ့တော့ တစ်ချို့ဝေဒနာရှင်တွေကို တွေ့ခဲ့ရပါတယ်။
ဆေးရုံတွင်းရှိ ဝေဒနာသည်တွေရှိရာ အဆောင်များတွေကို လိုက်ပြပေးနေတာပါ
ဆေးရုံမျက်နှာစာရှေ့တွင် သူငယ်ချင်းများနှင့် အမှတ်တရ
ကျွန်တော်တို့ကို တွေ့တော့ စိတ်ဝေဒနာရှင် တစ်ယောက်ကနေပြီး အဆိုတော် သန်းထွန်းလေးရဲ့သီချင်းကို ဆိုပြပါသေးတယ် သူဆိုတာကတော့ မွေးဌာနီ ဂျမခါနာဆီသို့ တဲ့။ သူ့ဟာနဲ့သူတော့ အဆင်ပြေနေတာပဲ။ သိပ်ပြီး ရောဂါမပြင်းထန်တဲ့သူတွေကတော့ Group အလိုက် သူ့အိပ်ရာနဲ့သူ အေးဆေးစွာပဲ နေနေကြတာကို တွေ့ခဲ့ရပြီး တစ်ချို့ ရောဂါပြင်းတဲ့ သူတွေကိုတော့ တစ်ဦးချင်း သီးသန့်ထားရှိတာကို တွေ့ခဲ့ရပါတယ်။ တစ်နေရာ အရောက်မှာတော့ ဥယာဉ်မှူးတစ်ဦးက ဆရာမကို နှုတ်ဆက်ပါတယ်။ နောက်မှ ဆရာမပြန်ပြောလို့ သိရတာက ဒီလူဟာလဲ စိတ်ရောဂါ ဝေဒနာရှင်တစ်ဦးပါတဲ့။ အဲဒီကနေမှ ဆရာမက အမျိုးသမီး စိတ်ဝေဒနာရှင်တွေချည်း သီးသန့်ထားတဲ့ အဆောင်ကို လိုက်ပို့ပေးပါတယ်။ အဲဒီ့ရောက်တော့ အမျိုးသမီးဝန်ထမ်းတစ်ဦး ကနေပြီး ဝေသနာရှင်တွေကို စုစည်းလိုက်ပြီး ကျေးဇူးတင်စကား ပြောစေပါတယ်။ အားလုံးကလဲ ယခုလိုလာပြီး လှူဒါန်းတဲ့ အတွက် ကျေးဇူးတင်ရှိကြောင်းကို ညီညီညာညာနဲ့ ပြောနိုင်တာကို တွေ့ရပါတယ်။ စိတ်ဝေဒနာရှင် တွေပေမယ့် ပရမ်းပတာ မဟုတ်ကြပါဘူး။ စည်းကမ်းတကျ သွန်သင်ထားတာ တွေ့ခဲ့ရပါတယ်။ တကယ့်ကို စည်းစနစ်နဲ့ရှိတဲ့ ဆေးရုံတစ်ခုလို့ အသိအမှတ်ပြုမိပါတယ်။
ဆေးရုံဝင်းအ၀တွင် ဓါတ်ပုံရိုက်ရန် စုဝေးနေကြစဉ်
အပြန် လိုင်းကားစီးရန် စောင့်ဆိုင်းနေကြစဉ်
ကန်တော်ကြီးထဲတွင် အပန်းဖြေအနားယူနေကြစဉ်
ဒီနောက်တော့ ကျွန်တော်တို့အဖွဲ့လဲ ရုံးခန်းရှိတဲ့ ဆေးရုံမျက်နှာစာဘက်ကို ပြန်လာခဲ့ကြပါတယ်။ သူငယ်ချင်းတွေ အမှတ်တရအနေနဲ့ စုပေါင်းပြီး ဓါတ်ပုံရိုက်ကြပါတယ်။ ဓါတ်ပုံရိုက်ပြီးတဲ့အခါမှာတော့ အားလုံး လိုင်းကား စောင့်စီးဖို့ အတွက် ဆေးရုံဝင်း အပြင်ဘက်ကို ထွက်လာကြပါတယ်။ လိုင်းကားက အတော်နဲ့ မလာသေးတာနဲ့ အပြင်မှာ ခဏ စောင့်နေကြရသေးတယ်။ အဲ.. မိနစ် ၂၀ လောက်နေမှ ကားကရောက်လာပါတယ်။ ဒီလိုနဲ့ ယုဇနပလာဇာ ရောက်တော့ အဲဒီ့မှာပဲ အားလုံး ဆင်းလိုက်ကြပါတယ်။ နေ့လည်စာက မစားကြရသေးဘူးလေ ပြန်ရောက်တဲ့ အချိန်ကလဲ ၂ နာရီခွဲလောက် ရှိနေပြီဆိုတော့ အားလုံးကလဲ ဗိုက်ဆာနေကြပြီ။ ဒါနဲ့ပဲ ယုဇနပလာဇာဘေးနားက စားသောက်ဆိုင်တစ်ဆိုင်မှာပဲ ၀င်စားလိုက်ကြတယ် ကျွန်တော်ကတော့ ထမင်းပေါင်းတစ်ပွဲ မှာစားလိုက်တယ်။ စားပြီး သောက်ပြီးတော့ အဲဒီ့ကနေပဲ ကန်တော်ကြီးထဲကို လမ်းလျှောက် သွားကြသေးတယ်လေ။ ကန်တော်ကြီး ရောက်တော့ မျှော်စင်ကျွန်းနားမှာ ခဏထိုင်ပြီး အနားယူကြပါတယ်။ အဲဒီ့မှာ သီချင်းလာဆိုတဲ့သူတွေရှိလို့ ထိုင်ပြီး နားထောင်နေလိုက်သေးတယ်။ နာမည်ကြီး အဆိုတော်တွေ မဟုတ်ကြပေမယ့် အတော်နားထောင်လို့ ကောင်းပါတယ်။ ညနေစောင်း ၄ နာရီလောက်တော့ အားလုံးပဲ ကန်တော်ကြီးထဲကနေ လမ်းခွဲခဲ့ကြပါတယ်။ ဒီခရီးစဉ်လေးဟာ အပျော်ခရီးစဉ် မဟုတ်ပေမယ့် သူငယ်ချင်း အပေါင်းအသင်းတွေနဲ့အတူ ပျော်ရွှင်စွာ အလှူဒါနလုပ်ဖို့ သွားခဲ့ကြောင့် ၀မ်းသာပီတိဖြစ်ခဲ့ရပြီး ပျော်ရွှင်ခဲ့ရပါတယ်။ အဆင်ပြေမယ်ဆိုရင်တော့ ဒီလို အလှူဒါနမျိုးကို သူငယ်ချင်းတွေနဲ့ အတူ လုပ်ခွင့်ရချင်ပါသေးတယ်။ အားလုံးကိုလဲ အမှန်တကယ် အလှူရှင် လိုအပ်တဲ့ နေရာမျိုးမှာ ကုသိုလ်ဒါန ပြုကြဖို့ကို ဘလော့ခ် စာမျက်နှာပေါ်ကနေပြီး တိုက်တွန်းလိုက်ပါတယ်။
ဒါကတော့ အမှတ်တရ Movie လေးပါ

*ဆည်းဆာ အလွမ်းများ*

ညနေဆီ နေရီဖြန်းပြန်တော့
ချစ်ကြင်သူ ဒေ၀ီနန်းဆီသို့
မောင်ရည်မှန်းပါလို့ မျှော်မိတယ်
နဒီကမ်းပေမို့ စီတန်းကာ
မောင်မယ် ငှက်တွေက
တောင်ယှက်ကာ ဖော်အစုံမို့
ပျော်ပုံကို မောင်မရှုနိုင်ဘူး
လွမ်းသူ့စိတ်ဝယ်....

ဝေလွင်လွင် ရေပြင်စပ်မှာတော့
ထိန်ပြောင်ပြောင် တိမ်ရောင်ဟပ်ပါလို့
လှိုင်းဖျပ်ဖျပ် ရှုစဖွယ်
ခံပြင်းပါသော်
မြစ်တွင်းမှာ အော်ကာခေါ်မိတော့
မပေါ်လာ မျှော်ကာလွမ်းမိတယ်
ရူးပေါ့လက်ငင်း။


*Lyn Lyn
22/08/2009

Photo Credit to www.sos-arsenic.net

သူငယ်ချင်းတွေနဲ့အတူ မလေးရှားနိုင်ငံမှာရှိတဲ့ Port Dickson ကမ်းခြေကို ရောက်ခဲ့တာက 1.10.2008 ရက်နေ့မှာပါ။ တချို့ကတော့ Port Dickson ကမ်းခြေကို အတိုကောက် PD လို့ခေါ်ကြပါတယ်။ Port Dickson ကမ်းခြေကတော့ ကွာလာလမ်ပူကနေပြီး 60km ကွာဝေးပါတယ်။ ကမ်းခြေမှာအချိန်ယူပြီး လည်ပတ်ချင်ရင်တော့ ပုတ်ဒဇင်ကမ်းခြေမှာ အကြီးဆုံးဖြစ်တဲ့ Corus Paradise Resort လိုမျိုးအဆင့်မြင့် 5 Star ဟိုတယ်ကြီးတွေရှိသလို အသေးစား Guest House လေးတွေလဲရှိပါတယ်။ ကျွန်တော်တို့ကတော့ နေ့ချင်းပြန်သွားကြတာပါ။ ဒီတော့ Hotel မလိုဘူးပေါ့။ ပုတ်ဒဇင်ကမ်းခြေကိုသွားဖို့ စီစဉ်ပေးခဲ့တာကတော့ KinYet Plastit ကုမ္ပဏီကပါ။ မြန်မာဝန်ထမ်းတွေချည်းပဲ သီးသန့်ပို့ပေးတဲ့ ခရီးစဉ်ပါ။ အားလုံးပေါင်းယောက် 20 ကျော်လောက် ပါပါတယ်။ ကားကတော့ ကုမ္မဏီကငှားထားပေးတဲ့ Express ကားနဲ့ပါ။ ကျွန်တော်ကတော့ ၀န်ထမ်းမဟုတ်ပဲ အပြင်လူအနေနဲ့ လိုက်သွားတာပါ။ အားလုံးက Beach ကိုသွားရမယ်ဆိုတော့ အ၀တ်အစားအပိုတွေ ထည့်တဲ့သူနဲ့။ ယူစရာရှိတာတွေယူ၊ လိုအပ်တာတွေပြင်ဆင်ပြီး တက်ကြွနေကြတာပေါ့။ မနက်ကိုအစောကြီးထပြီး ကားလာမဲ့အချိန်ကို စောင့်နေကြတာ။ ကားကမနက် 7:00 ရောက်လာပါတယ်။ ကားပေါ်ရောက်တော့ တစ်ချို့သူငယ်ချင်းတွေက နောက်ကျနေလို့ စောင့်နေရသေးတယ်။ ဒါနဲ့ပဲ 7:30 လောက်မှာကားထွက်ဖြစ်ပါတယ်။ ကွာလာလမ်ပူကနေပြီး Port Dickson ကမ်းခြေကို တစ်နာရီခွဲလောက် မောင်းရပါတယ်။ တလမ်းလုံးလဲ ကားပေါ်မှာမြန်မာသီချင်းဖွင့်ပေးလို့ သီချင်းနားထောင်ရင်း လမ်းဘေးတစ်လျှောက်မှာရှိတဲ့ ရှုခင်းတွေကို ငေးမောရင်း လိုက်ပါလာခဲ့တယ်။ မလက္ကာနဲ့ ပုတ်ဒဇင်လမ်းခွဲရောက်တော့ ကားကပုတ်ဒဇင်လမ်းခွဲဘက်ကို ဆက်မောင်းသွားပြီး ၁၅ မိနစ်လောက်ကြာတော့ ကမ်းခြေဘက်ကို ရောက်လာပါတယ်။

Port Dickson သို့အသွား လိုက်ပါလာသည့်အဖွဲ့သားများ
ကမ်းခြေတွင် ရေမကျသေးသောကြောင့်စောင့်နေကြသူများ

ပင်လယ်ပြင်ကြီးကို လှမ်းတွေ့လိုက်တဲ့အခါမှတော့ အားအင်သစ်တစ်ခုကိုရရှိလိုက်သလိုပဲ စိတ်က လန်းဆန်းတက်ကြွလာတာ အမှန်ပါပဲ။ ရှုပ်ထွေးတဲ့မြို့ပြကနေထွက်လာတာကြောင့်လဲ စိတ်ထဲမှာပေါ့ပါးနေသလို မွမ်းကြပ်မှုတွေဟာလည်း အပြောကျယ်တဲ့ပင်လယ်ပြင်ထဲမှာ မျှောလိုက်သလိုပါပဲ။ မြန်မာပြည်က ချောင်းသာကမ်းခြေကိုတောင် ပြန်သတိရမိသေးတယ်။ Port Dickson ကိုရောက်တာနဲ့ အားလုံးကကမ်းခြေဘက်ကို တန်းပြီးပြေးကြတာပဲ ရေကစားချင်လွန်းလို့လေ။ ဒါပေမယ့်ကမ်းခြေလဲရောက်ရော ရေထဲတန်းဆင်းလို့ မရဘူးဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ကမ်းခြေမှာက ရေမကျသေးဘူးလေ။ မလေးရှားက ကမ်းခြေအတော်များများက မြန်မာပြည်ကငပလီတို့၊ ငွေဆောင်တို့၊ ချောင်းသာတို့လို သဘာဝသောင်ထွန်းတာမျိုး မဟုတ်ပါဘူး။ ကမ်းခြေအဖြစ်နဲ့ လူကနေပြီး ဖန်တီးထားတတ်တာမျိုးပါ။ ကမ်းခြေက သဲမြေကလဲ ပြန်ဖို့ထားတဲ့သဲမြေဖြစ်တာကြောင့် ကြမ်းပါတယ်။ မြန်မာပြည်ကမ်းခြေတွေက သဲမြေလို နုနုရွရွလေးတွေမဟုတ်ဘူး ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာတော့ မဟုတ်ပါဘူး။ ဘယ်တိုင်းပြည် ဘယ်လောက်ပဲလှလှ ကိုယ့်နိုင်ငံအလှမှ သာတယ်ဆိုတဲ့ အတွေးလေးတော့ အားလုံးမှာရှိနေကြမှာအမှန်ပါပဲ။ Port Dickson ကမ်းခြေရဲ့တစ်ချို့သောနေရာများမှာလည်း ပြုပြင်ထားတာကိုတွေ့ရပါတယ်။ ရေမကျခင်မှာ လှိုင်လှိုင်ဝမ်းနဲ့ အမှတ်တရပစ္စည်းရောင်းတဲ့ဆိုင်မှာ Port Dickson အမှတ်တရ တီရှပ်လေးတွေဝယ် ဖြစ်ကြသေးတယ်။ တစ်ထည်ကိုမှ RM 7 ပါပဲ။ ဒီလိုနဲ့ မနက်၉နာရီခွဲလောက်မှ ရေကတဖြည်းဖြည်းကျလာတာမို့ ကမ်းခြေမှာဆင်းပြီး ဓါတ်ပုံရိုက်တဲ့သူနဲ့ ရေဆင်းကူးဖို့ပြင်ဆင်နေတဲ့သူတွေနဲ့ ကမ်ခြေဟာ အသက်ဝင်လာခဲ့ပါတယ်။ ရေကျတာနဲ့ အမိုးရှိတဲ့နေရာတစ်ခုကို အမြန်သွားဦးထားလိုက်ရတယ်။ ဒီနေရာမှာပဲ ပါလာတဲ့အ၀တ်အစားတွေကို စုထားပြီး အဖွဲ့သားတစ်ယောက်က စောင့်ကြည့်ပေးပါတယ်။ ဒီနေ့ကလဲ Public Holiday တစ်ရက်ဖြစ်တဲ့ မလေးရှား နှစ်သစ်ကူးနေ့ Hari Raya Puasa ဆိုတော့ လူအတော်များများက အားလပ်ရက်ဖြစ်မှာ ကမ်းခြေကို လာရောက်ကြတာမို့ ကမ်းခြေမှာတော့ အသွေးအရောင်စုံ၊ ဖြူနီပြာဝါအရောင်စုံပေါ့။ ရွှေမြန်မာ အတော်များများကိုလဲ ကမ်းခြေမှာ အဖွဲ့လိုက်တွေ့ရပါတယ်။
ရေမကျမှီဓါတ်ပုံရိုက်ပေးနေတဲ့ သူငယ်ချင်းမင်းသူဌေးနဲ့ အပေါင်းအသင်းရောင်းရင်းများPort Dickson ကမ်းခြေအလှ

ကမ်းခြေတစ်လျှောက် လေကောင်းလေသန့်ကိုရှုရင်း အားရအောင် ဓါတ်ပုံတွေရိုက်ပြီးမှ ရေဆင်းကူးကြပါတယ်။ ကျွန်တော်ကတော့ ရေကျွမ်းကျင်တဲ့သူဆိုတော့ ကားတာယာကျွတ်ကြီးကြီးတစ်လုံးကို ငှားလိုက်ရတာပေါ့။ ဒီနေ့မှ ရာသီဥတုကလဲ ကိုယ့်ဘက်ပါနေတယ်လေ တစ်နေ့လုံး မိုးလေးအုံ့ပြီး နေမပူဘူး။ ရေကစားလို့ကောင်းသလားမမေးနဲ့ အားလုံးက ရေထဲမှာ တပျော်တစ်ပါးပါပဲ။ ကမ်းပေါ်တက်လာလိုက်၊ ရေထဲပြန်ဆင်းလိုက်၊ လှိုင်းစီးလိုက်နဲ့ ပင်လယ်ပြင်ရဲ့အရသာကိုတ၀ကြီးခံစားမိနေတယ်။ ခဏနေတော့ ကမ်းပေါ်ပြန်တက် အဖွဲ့သားတွေတွေစုပြီး လေမှုတ်ထားတဲ့ လှေကို မော်တော်နဲ့ဆွဲပြီးစီးကြသေးတယ် မလေးလိုတော့ ဘယ်လိုခေါ်လဲမသိဘူး။ အဲဒီ့လှေပေါ်မှာ ကျွန်တော်အပါအ၀င် လူ၁၀ယောက်တန်းစီပြီး စီးကြတာပါ။ တစ်ယောက်ကို မလေးရှားရင်းဂစ် RM18 ကျပါတယ်။ ရှေ့ကဆွဲတဲ့ မော်တော်ဘုတ်က ကမ်းခြေနဲ့ အတော်ဝေးဝေးအထိ ဆွဲသွားပြီး မော်တော်ကို ဘယ်ညာရမ်းပြီးမှောက်အောင် လုပ်ပါတယ်။ နောက်ကလိုက်စီးတဲ့လူတွေက သူကွေ့တဲ့အတိုင်း လူညီညီနဲ့ လူကိုဘယ်ညာယိမ်းပြီး လိုက်ထိန်းပေးရပါတယ်။ အဲလိုထိန်းတဲ့အခါ ရှေ့ဆုံးကလူက ဘယ်ကွေ့ပြီဆိုပြီး အော်သတိပေးတဲ့အခါ နောက်ကလူတွေက ညာဘက်ကိုလိုက်ယိမ်းပြီး လှေမမှောက်အောင် လိုက်ထိန်းပေးရတယ်..အဲလိုပဲ ညာကွေ့ပြီဆိုရင်လည်း ဘယ်ဘက်ကို လူတွေကညီညာစွာနဲ့ယိမ်းပြီး လှေကိုလိုက်ထိန်းပေးရတယ်။ ရှေ့ကဆွဲတဲ့သူကလဲ မမှောက်မှောက်အောင် ဆွဲတာပါ။ မထိန်းနိုင်တဲ့အခါတော့ ပင်လယ်ထဲမှာ မှောက်ရောပေါ့။ ရေထဲကျပေမယ့်လဲ အသက်ကယ်ဝတ်စုံတွေကို ၀တ်ထားတဲ့အတွက် အသက်အန္တရာယ် မရှိနိုင်ပါဘူး။ ကျွန်တော်တို့အဖွဲ့လဲ လူညီစွာနဲ့ လိုက်ထိမ်းပြီးစီးလာကြတာ အတော်ဝေးဝေးထိရောက်ပါတယ်။ လှိုင်းကလဲနဲနဲကြီးတာတော့ လှေကမြောက်မြောက်တက်သွားလို့ ပြုတ်ကျမကျန်ခဲ့အောင် လှေကိုသေချာ ကိုင်ထားရသေးတယ်။ တစ်နေရာလဲရောက်ရော လှေမှောက်ပါလေရော။ ဖြစ်ချင်တော့ လှေမှောက်တဲ့အချိန်မှာ ကျွန်တော့်အနောက်က တစ်ယောက်က ကျွန်တော့်အကျီကို အသေဆွဲထားတော့ ရေထဲကပြန်တက်လို့မရဘူး ဖြစ်နေတယ် ပါးစပ်ထဲနဲ့နှာခေါင်းထဲကို ဆားငံရေတွေဝင်ပြီး အတော်မွန်းသွားသေးတယ်။ လှေပေါ် ပြန်တက်တော့လဲ လှေကကြိုးနဲ့ အသက်ကယ်အင်္ကျီနဲ့လဲညိနေတာ သူငယ်ချင်းဖြစ်တဲ့ လှိုင်လှိုင်ဝမ်းက ဆွဲတင်မှပဲ အပေါ်တက်လို့ရတယ်။ လှေပေါ်မှာ လူပြန်စုံတော့ ရှေ့ကမော်တော်က ကမ်းခြေဘက်ကို ပြန်ဆွဲပါတယ်။ ကမ်းခြေနားရောက်လာတော့ တစ်ခါပြန်ပြီး လှေကို မှောက်အောင်လုပ်ပါတယ်။ ဒီတစ်ခါတော့ အတော်နဲ့မှောက်လို့ မရဘူးဖြစ်နေတယ်။ ဘယ်ရမလဲ နောက်ကလူတွေကလဲ အထာနပ်သွားပြီလေ။ နောက်ဆုံးမော်တော်ကို ကြမ်းကြမ်းလေးကွေ့မှပဲ မှောက်တော့တယ်။ ဒီတစ်ခါတော့ နောက်ကတစ်ယောက်ကို မဆွဲထားဖို့ပြောထားတော့ အေးဆေးပဲရေကူးပြီး ကမ်းပေါ်ပြန်တက်လာနိုင်ခဲ့တယ်။
ကမ်းခြေမှာစီးခဲ့သော မော်တော်ဘုတ်နဲ့ဆွဲတဲ့လှေကလေးPort Dickson ကမ်းခြေရှိ Corus Paradise Resort ဟိုတယ်

ကမ်းပေါ်ပြန်ရောက်တော့ ဗိုက်ကလဲဆာနေပြီ၊ ဒါကြောင့် နေ့လည်စာစားဖို့အတွက် ဆိုင်တစ်ခုခုမှာပဲ သွားစားကြမယ်ပေါ့။ ဒီလိုနဲ့ကမ်းခြေတစ်လျှောက်မှာရှိတဲ့ ဈေးဆိုင်တွေဆီ ခြေဦးလှည့်ရတော့တာပေါ့။ ဖြစ်ချင်ပြန်တော့ ဒီနေ့က မလေးနှစ်ကူးဆိုတာကို မေ့နေကြတာ။ ကမ်းခြေတစ်လျှောက် ဘာဆိုင်မှမဖွင့်ဘူး။ အကုန်လုံးပိတ်ရက်သားနဲ့။ ဖွင့်တဲ့ဆိုင်လေးတွေကလဲ အအေးဆိုင်လေးတစ်ဆိုင်နဲ့ ပြောင်းဖူးပြုတ်ရောင်းတဲ့ဆိုင်။ စိတ်ထဲမှာတော့ တွေးလိုက်မိသေးတယ် ဒီနေ့တော့ထမင်းငတ်ပြီနဲ့ တူတယ်လို့။ မင်းသူဌေးကတော့ တစ်ခုခုတော့ ၀ယ်စားမှပဲဆိုပြီး ပြောင်းဖူးပြုတ်တွေ ၀ယ်နေတယ်။ အဲ..ကံကကောင်းချင်တော့ လှိုင်လှိုင်ဝမ်းတို့က ဟမ်ဘာဂါရောင်းတဲ့ဆိုင်တွေ့ပြီး ၀ယ်လာတယ်။ ဒါကြောင့် နေ့လည်စာကို ပြောင်းဖူးပြုတ်၊ ဟမ်ဘာဂါ၊ အအေးနဲ့ပဲပြီးလိုက်တယ်။ နေ့လည်ပိုင်းခဏလောက်နားပြီး ဟိုဟိုဒီဒီလျှောက်ကြည့်ကြသေးတယ်။ မကြာပါဘူး နေ့လည် ၂ လောက်မှာ ရေထဲကိုပြန်ဆင်းကြတာပါပဲ။ ရေထဲမှာဟိုကူးဒီခပ်နဲ့ အတော့်ကို ပျော်နေကြတာပါ။ ရေထဲမှာဘယ်လောက်ထိ ဆော့လဲဆို ညနေ၄နာရီထိုးနေပြီ အပေါ်ပြန်မတက်နိုင်သေးဘူး။ ကမ်းပေါ်ကနေ မင်းသူဌေးလှမ်းခေါ်မှပဲ သတိထားမိတယ်၊ ကိုယ့်အဖွဲ့သားတွေ တစ်ယောက်မှ ရေထဲမှာ မရှိတော့ဘူး ကျွန်တော်ရယ် လှိုင်လှိုင်ဝမ်းရယ်ပဲ ကျန်နေခဲ့တယ်။ ဒီတော့မှ နှစ်ယောက်သား ကမ်းပေါ်ပြန်တက်ပြီး ငှားထားတဲ့ ကားတာယာကျွတ်တွေပြန်အပ်၊ ဆားငန်ရေတွေစင်အောင် ရေချိုးဖို့အတွက် ရေချို Shower ရှိတဲ့နေရာကိုသွားလိုက်တယ်။ အားပါး...ရေချိုးဖို့အတွက် တန်းစီစောင့်နေတဲ့သူတွေက အများသားပဲ။ အားတဲ့ ရေချို Shower tap လေးတွေက ရေအားအလွန်နဲတာ တွေ့ရပါတယ်။ တကယ်ဆိုရင် ရေချိုးခန်းကြီးကြီးတစ်ခု နောက်ထပ်အသစ် ထပ်ဆောက်ထားဖို့ ကောင်းတယ်လို့ စိတ်ထဲမှာ တွေးလိုက်မိသေးတယ်။ တစ်ချို့ Shower tap တွေကိုလဲ ပြန်ပြုပြင်သင့်တာအမှန်ပါ။ ဒါနဲ့ပဲ လွတ်တဲ့နေရာတစ်ခုကို အမြန်ဝင်ရေချိုးပြီး ပြန်ထွက်လာတော့ အပြင်မှာအားလုံးက စောင့်နေကြပါတယ်။ အဖွဲ့သားတွေစုံမစုံစစ်ပြီးတာနဲ့ ကားရပ်ထားတဲ့နေရာကို ပြန်လာခဲ့ကြပါတယ်။ လူစုံတဲ့အခါမှာတော့ Kuala Lumpur မြို့ကို ပြန်လာခဲ့ကြပါတော့တယ်။ နှုတ်ဆက်ခဲ့ပါတယ် ပင်လယ်ပြင်ကြီးရေ........

မာလီလုပ်ပါလား
ရပ်ကွက်ထဲရှိ လဖ္ဘက်ရည်ဆိုင်တစ်ဆိုင်တွင်ဖြစ်သည်။ ကျွန်တော်နှင့် သူငယ်ချင်းများဖြစ်သော ထက်မြက်သူ၊ သန်းနိုင်၊ ဘိုဘိုချိုနှင့် ပြည်သိန်းအောင်တို့သည် တစ်ယောက်နှင့်တစ်ယောက် စကားနိုင်လု နှိပ်ကွပ်နေကြရာ ပြည်သိန်းအောင်မှကျွန်တော့်အား "မင်းအလုပ်မရှိသေးရင် ငါ့အိမ်မှာမာလီလုပ်ပါလား"ဟု နှိပ်ကွပ်၏။ ကျွန်တော့်ကသူ့ကိုပြန်လည်ခြေပပြောဆိုမည်ဟု ပြင်ဆင်ခိုက်။ ထက်မြက်သူမှကျွန်တော့်အား "အေးလုပ်လိုက်ပါကွာ မာလီလဲ ရဲမှုးသမီးနဲ့ညားတတ်ပါတယ်"ဟုပြောလိုက်ရာ။ ပြည်သိန်းအောင်မှ "အေးဟုတ်တယ်ဟုတ်တယ်" ဟုရင်ခေါင်းသံဖြင့်အားပါးတရထောက်ခံ၏။ ဘေးမှသူငယ်ချင်းများဖြစ်သော ဘိုဘိုချိုမှ ဟေ့ကောင်သိပ်ဝမ်းမသာနဲ့ မင်းကိုပြောနေတာကွဟုပြောလိုက်ရာ ပြည်သိမ်းအောင်မှာ သူ့ကိုထက်မြက်သူမှ ပြန်လည်နှိပ်ကွပ်နေမှန်းကို သိသွားလေတော့သည်။ အဘယ့်ကြောင့်ဆိုသော် ပြည်သိန်းအောင်တွင် အစ်မနှစ်ယောက်ရှိ၍ သူ့အဖေမှာ ရဲမှုးအညိမ်းစားတစ်ယောက် ဖြစ်သောကြောင့်ပင်ဖြစ်သည်။

*မှတ်ချက်* ငယ်စဉ်က အဖြစ်အပျက်များကိုပြည်လည်အမှတ်ရသောကြောင့် ရေးသားခြင်းသာဖြစ်ပါသည်။ သည်းခံပါသူငယ်ချင်းတို့။

မှတ်ထားကွ
စစ်လေ့ကျင့်ရေးကျောင်းတစ်ကျောင်းတွင်ဖြစ်သည်။ သင်တန်းဆရာမှ ကျောင်းသားများအား တကယ့်လက်နက်အစစ်များကို အသုံးမပြုစေလိုသေးသောကြောင့် အခုလိုမှာကြားလိုက်သည်။
"မင်းတို့လေ့ကျင့်ရေးအတွက် ကွင်းဆင်းကြရမယ့် စစ်မြေပြင်မှာ ရန်သူနဲ့တွေ့လို့ သေနပ်နဲ့ပစ်မယ်ဆိုရင် လက်နဲ့သေနတ်ပုံစံလုပ်ပြီး 'ဒိုင်းဒိုင်း' လို့အော်လိုက်ပါ။ ဒါဆိုရင် တဖက်လူကလည်း သူ့ကိုသေနတ်မှန်သွားပြီလို့ ယူဆရမယ်။ ဒီလိုပဲ ဓားနဲ့ထိုးသတ်ရင် 'ဇွဇွ'လို့ပါးစပ်ကအသံပြုပြီး ဓားနဲ့ထိုးတဲ့ဟန်လုပ်ရမယ်။ လက်ပစ်ဗုံးကိုသုံးမယ်ဆိုရင် 'ဘုံးဘုံး' လို့အော်ရမယ်။
ဒီလိုမှာကြားပြီးမှ သင်သန်းကာလတစ်ရက်မှာ စစ်သားလေးတစ်ယောက်ဟာ တောထဲမှာ ရန်သူကိုတွေ့လိုက်ပါတယ်။ ဒါကြောင့်သူလည်း ရန်သူကို သေနတ်နဲ့ လှမ်းပစ်ဟန် လုပ်ပြီး ပါးစပ်က 'ဒိုင်းဒိုင်း'လို့အော်လိုက်ပေမယ့် တစ်ဖက်ရန်သူက သေတဲ့ဟန်မပြပါဘူး။ ဒါနဲ့ လက်ပစ်ဗုံးနှိုက်ထုတ်ဟန်ပြုလုပ်ပြီး လက်ပစ်ဗုံးပစ်တဲ့ပုံစံနဲ့ 'ဘုံးဘုံး'လို့ထပ်အော်လိုက်ပါတယ်။ ဒါပေမယ့် တစ်ဖက်ရန်သူက ဖြုံတောင်မဖြုံတဲ့အပြင် အရှေ့ကိုသာဆက်တိုးလာပါတယ်။ ဒီတစ်ခါစစ်သားလေးလဲ မိမိထံချဉ်းကပ်လာသော ရန်သူအား အနီးကပ် ဓားနဲ့ထိုးမှဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
ပါးစပ်ကလဲ မကျေမနပ်နဲ့ "ငါသေနတ်နဲ့ ပစ်ကတည်းက မင်းသေဖို့ကောင်းတယ်။ အခုတော့ လက်ပစ်ဗုံးနဲ့ပစ်တာတောင် မင်းကဘာဖြစ်လို့ အခုထိမသေတာလဲ" လို့မေးလိုက်တဲ့အခါ တစ်ဖက်ရန်သူက "ငါက သံချပ်ကာကားကွ၊ မင်းကိုတက်ကြိတ်သတ်ဖို့လာနေတာ"လို့ပြောပြီး 'ဂရုံးဂရုံး'လို့အသံပြုကာ တက်ကြိတ်တဲ့ပုံလုပ်ပြလိုက်ပါတော့တယ်။

Credit-စတယ်လာဝေ


ပိုတော်မှာစိုးလို့
ရှေ့တန်းစစ်မျက်နှာပြင်တစ်နေရာတွင်ဖြစ်သည်။ စစ်ဗိုလ်ကြီးတစ်ဦးမှ ရှေ့တန်းစစ်မျက်နှာပြင်ရှိ စစ်တပ်အခြေအနေကို လာရောက်စစ်ဆေးနေ၏။ စစ်သားများအားလိုက်လံစစ်ဆေးပြီး မိမိတို့၏တပ်စခန်းကို လှည့်ပတ်စစ်ဆေးနေခိုက် တစ်ဖက်ရန်သူမှ စနိုက်ပါတစ်ယောက်က စစ်ဗိုလ်အားပစ်လိုက်ရာ၊ ကံကောင်းထောက်မစွာဖြင့် ထိုစစ်ဗိုလ်၏ယူနီဖောင်းရှိ ကျယ်သီးတစ်လုံးကိုမှန်သွားပြီး အင်္ကျီကျယ်သီးပြုတ်သွားလေသည်။ ထိုအခါ စစ်ဗိုလ်လဲကဗျာကယာဖြင့် ကျည်ကွယ်ရာသို့ပြေးပုန်းပြီး မိမိစစ်သားများကိုကြည့်လိုက်ရာ သူကကထိတ်လန့်နေသလောက် စစ်သားများမှာအေးရာအေးကြောင်း ပုံစံမပျက် ရိုးနေဟန်ဖြင့်နေနေကြသည်ကိုတွေ့သောအခါ စစ်ဗိုလ်ကြီးမှာဒေါသတကြီးဖြင့် "ဟိတ်ကောင်တွေ မင်းတို့ ဒီလက်ဖြောင့်တပ်သားရှိနေတာကို ဘာလို့မပစ်ချကြသေးတာလဲ"ဟုမေးလိုက်ရာ။ ထိုအခါစစ်သားတစ်ယောက်မှ "ဒီငနှဲကိုပစ်ချလိုက်ရင် သူ့ထက်တော်တဲ့တစ်ယောက် ရောက်လာမှာစိုးလို့ပါဟု" ဟုပြောလိုက်လေတော့သည်။

ဒါဆို နှစ်စီးဝယ်မယ်
လုပ်ငန်းများကို ကန်ထရိုက်ပေးခွင့်ရှိသော အစိုးရအရာရှိကြီးတစ်ဦးထံသို့ ကန်ထရိုက်တာ (Contractor) တစ်ဦးချဉ်းကပ်လာပြီး ကားအသစ်တစ်စီး လက်ဆောင်ပေးလိုကြောင်း စကားကမ်းလှမ်းလာပါတယ်။ ဒီအခါမှာ ထိုအရာရှိကြီးက "ခင်ဗျားပေးမယ့်လက်ဆောင်ကိုလက်ခံဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူးခင်ဗျား၊ ကျွန်တော်တို့က အစိုးရ၀န်ထမ်းဆိုပေမယ့် လုပ်ငန်းအပေါ်မှာရော အစိုးရအပေါ်မှာရော သိက္ခာသမာဓိရှိသစ္စာရှိရပါတယ်။ နောက်တစ်ခုကလည်း ကျွန်တော်ဟာ လက်ဆောင်ယူပြီးမှ အလုပ်လုပ်သူ၊ လာဘ်စားတတ်တဲ့ လူစားမျိုးလည်း မဟုတ်ပါဘူးခင်ဗျား။ နောက်တစ်ခါဒီလိုလာပြီး လူကိုမစော်ကားပါနဲ့။ ခင်ဗျားစကားကို ခင်ဗျားပြန်ရုပ်သိမ်းပေးပါ"လို့ ပြောလိုက်ရာ ကန်ထရိုက်တာကလည်း "ဟုတ်ကဲ့၊ ကျွန်တော့်စကားကို ကျွန်တော်ပြန်ရုပ်သိမ်းပါတယ်။ ဆရာ့ရဲ့အခြေအနေကိုလည်း ကျွန်တော်နားလည်ပေးပါတယ်။ ဒီလိုလုပ်ပါလားဆရာ၊ ဒီကားကို ကျွန်တော်လာပြီးလက်ဆောင်ပေးတယ်လို့ သဘောမထားပဲနဲ့၊ တစ်ဆယ်ဒေါ်လာနဲ့လာရောင်းတာဆိုရင်ကော ဆရာလက်ခံနိုင်မလား"လို့ ပြန်မေးလိုက်ပါတယ်။ ဒီအခါ အရာရှိကြီးလည်း သေသေချာချာစဉ်းစားပြီးမှပြောလိုက်တာကတော့ "အဲသလိုဆိုရင်တော့ နှစ်စီးဝယ်မယ်ကွာ"

တံဆာခံမလုပ်ပါနဲ့
တောရွာတစ်ခုတွင် အတူတကွပေါင်းသင်းနေထိုင်ရင်း လယ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း လာခဲ့ကြသော လယ်သမားကြီးတို့ ဇနီးမောင်နှစ်နှစ်ဦးအတွက် အနှစ်(၅၀)ပြည့်တဲ့အခါမှာ ရွှေရတုလက်ထပ်မင်္ဂလာ အထိမ်းအမှတ်ပွဲတစ်ခုကျင်းပဖို့ ဇနီးသည်ကပဲဆုံးဖြတ်လိုက်ပါတယ်။ ထိုနေ့မတိုင်ခင်တစ်ပါတ်အလိုမှာ ခင်ပွန်းအား "အစ်ကိုရေ၊ ရွှေရတုသဘင်ကလေးလုပ်ချင်တယ် ပြီးတော့အခမ်းအနားမှာကျွေးဖို့ ကျွန်မတို့ဝက်တစ်ကောင်ပေါ်လိုက်ရင် မကောင်းဘူးလား"လို့ လှမ်းပြီးအကြံဥာဏ်တောင်းပါတယ်။ ဒီအခါ ကပ်စေနဲလယ်သမားကြီးရဲ့မျက်နှာတစ်ချက်ပျက်သွားပြီး "ရှင်မရယ်လွန်ခဲ့တဲ့ အနှစ်(၅၀)က ပြုလုပ်ခဲ့ကြတဲ့ ငါတို့ရဲ့အမှားတစ်ခုအတွက်ကြောင့်နဲ့" ဒို့ရဲ့ဝက်ကလေး တန်ဆာခံဖြစ်ရမယ်ဆိုရင်တော့ မတရားဘူးထင်တယ်"လို့ ပြန်ပြောလိုက်ပါတော့တယ်။

Credit-စတယ်လာဝေ

;;
Creative Commons License