Thursday, September 24, 2009

Hutan Melintang သို့ ခရီးသွားခြင်း


ဒီတစ်ခေါက် မလေးနှစ်ကူး Hari Raya မှာ ကျွန်တော်တို့ ကုမ္ပဏီက တစ်ပါတ် ပိတ်မယ်ဆိုတော့ သူငယ်ချင်းဖြစ်တဲ့ စည်သူနဲ့ ဟူတန်မယ်လင်တန် (Hutan Melintang) ကို ခရီးအတူသွားကြဖို့ တိုင်ပင်ထားပါတယ်။ စည်သူက ဟာရီရာယာရက် မတိုင်မှီ ၁၉ ရက်နေ့မှာ မလေးရှားကို ဝင်မှဖြစ်မယ်လို့ ပြောပါတယ်။ သူ့ မလေးရှားဗီဇာက ၁၉ရက်နေ့ သက်တမ်း ကုန်တော့မယ်တဲ့။ ဒီတော့ ၁၉ရက်နေ့ သောကြာနေ့ ညနေပိုင်းကားနဲ့ မလေးရှားကို ဝင်လာပါတယ်။ ည ၁နာရီလောက် သူတို့ကားက Bukit Jalil မှာဂိတ်ဆုံးတာမို့ ကျွန်တော်က Bukit Jalil မှာ သွားကြိုလိုက်ပါတယ်။


စနေနေ့ကတော့ ထုံးစံအတိုင်း ရုံးကနေ့တစ်ဝက် တက်ရသေးတယ်။ အလုပ်ကိစ္စပြီးမှ Simpang Empat ကိုသွားမယ့် ကားလက်မှတ်ကို Pudu Raya မှာ သွားဝယ်ဖြစ်ပါတယ်။ ကားလက်မှတ်က Kuala Lumpur ကနေ Simpang Empat ကို တစ်ယောက် မလေးငွေ RM 13.20 ကျပါတယ်။ အဲဒီ့နေ့ကတော့ ဝေဖြိုးကို တရုတ်တန်းနဲ့ Kota Raya ကုန်တိုက် လိုက်ပို့ပြီး အိမ်ပဲ ပြန်လာခဲ့ကြပါတယ်။ နောက်တစ်နေ့ 20.9.2009 ရက်နေ့မှာ နံနက်စောစောထပြီး ရုံးကအစ်မကို သွားခေါ်ရပါသေးတယ်။ သူ့အိမ်မှာပဲကားထားခဲ့ပြီး Pudu Raya ကားဂိတ်ကို Taxiငှားပြီး ထွက်လာခဲ့ကြပါတယ်။ ကားက၉နာရီမှာထွက်မှာမို့ နံနက်စာကို ကားဂိတ်မှာပဲ စားလိုက်ကြပါတယ်။ ကားစထွက်တော့ ၉နာရီ ၁၅မိနစ် ရှိနေပါပြီ။ လမ်းတလျှောက်မှာတော့ စည်သူက တွေ့သမျှကို ဓါတ်ပုံလိုက်ရိုက်ပါတယ်။ လမ်းဘေးတလျှောက် ပတ်ဝန်းကျင် ရှုခင်းတွေက အရမ်းပဲလှပပါတယ်။ များသောအားဖြင့်ကတော့ ဆီအုန်းပင်တွေကို တွေ့နေရတာပါ။ ဒါပေမယ့် ဆီအုန်းပင်တွေက စိုက်ခါစဆိုတော့ တောင်တွေကိုပတ်ပြီး ဖောက်ထားတဲ့ လမ်းတွေကို ကားပေါ်ကနေ အတိုင်းသား မြင်နေရတာပါ များသောအားဖြင့် ဆီအုန်းပင် အကြီးတွေသာ တွေ့နေကျဆိုတော့ တညီတညာ စိုက်ပြီးခါစ အပင်ပေါက်လေးတွေကို တောင်ကတုံးပေါ်မှာ အစီအရီတွေ့နေရတာ တမျိုးအမြင် ထူးနေပါတယ်။ တစ်နေရာမှာတော့ လမ်းဘေးတစ်လျှောက်မှာ စပါးစိုက်ခင်းတွေ တွေ့ရပါတယ် မလေးရှားမှာ စပါးစိုက်ခင်းကို တွေ့ရတာ ပထမဦးဆုံးပဲ ဆိုပါတော့။ ဒီနေရာမှာတော့ တောင်တွေမရှိပဲ မြင်ကွင်းတဆုံး မြေပြန့်လွင်ပြင်ကြီးကို တွေ့ခဲ့ရပါတယ်။ စပါးခင်းတွေမြင်ရတော့ အမိမြန်မာပြည်ကို ပိုလို့တောင် သတိရမိပါတယ်။ အထူးသဖြင့် ရန်ကုန်ကနေပြီး မအူပင်ကို သွားတဲ့လမ်းကို သွားသတိရမိပါတယ်။
ဆီအုန်းစိုက်ခင်းများ
လမ်းဘေးတလျှောက်ရှိ စပါးခင်းများ
ဟူတန်မယ်လင်တန် (Hutan Melintang)
ဒီလိုနဲ့ ၁၂ နာရီခွဲလောက်မှာ Teluk Intan ကားဂိတ်ကို ကိုရောက်လာပါတယ်။ ဖြစ်ချင်တော့ ကျွန်တော်တို့က Simpang Empat ကို ကျော်လာခဲ့တာပါ။ အမှန်က Simpang Empat မှာဆင်းရမှာပါ။ အဲဒီ့ကနေပဲ စင်ပန်း အန်ပတ် ကို ပြန်ပြီး Taxi ငှားပြီး လာခဲ့ပါတယ်။ Taxi ခက RM 35 ပေးလိုက်ရပါတယ်။ စင်ပန်းအန်ပါတ် ရောက်တော့ အသိမိတ်ဆွေဖြစ်တဲ့ ကိုအောင်ငွေက စောင့်ကြိုနေပါတယ်။ ကိုအောင်ငွေရဲ့ အိမ်ကို စဝင်ဝင်ချင်းမှာပဲ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ရုပ်ပွားတော်ကို သပ္ပါယ်စွာနဲ့ ဖူးတွေ့လိုက်ရပါတယ်။ မြန်မာလူမျိုးတို့ရဲ့ ဘာသာရေး ကိုင်းရှိုင်းမှုဟာ ဘယ်လိုနေရာမှာဖြစ်ဖြစ် မမှေးမှိန် မပျောက်ကွယ်တာကို ဂုဏ်ယူမိပါတယ်။ ဒါ့အပြင် ကိုအောင်ငွေက ဦးစီးပြီး သူ့အိမ်မှာ Hutan Melintang ကိုရောက်ရှိလာတဲ့ ရဟန်းသံင်္ဃာတော်တွေ အတွက် ရေလုပ်သားတွေရဲ့ စုပေါင်းအလှုငွေကို တစ်နေ့ RM 1 ကျ အလှူငွေ ထည့်ဝင် စုဆောင်းထားပြီး ခရီးစားရိတ်၊ ကထိန်ပွဲ၊ ဝါဆိုသင်္ဃန်းကပ်လှူပွဲတွေကို ဒီအလှူငွေထဲကနေပြီး အလှူဒါန ပြုလုပ်လေ့ရှိတယ်ဆိုတာ သိရပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းသုံးယောက်သားလဲ တစ်ဦးကို RM 50 စီ ပုလောမြို့နယ်မှာ ကျင်းပမယ့် ကထိန်ပွဲအတွက် အလှူငွေထည့်ဝင်လိုက်ကြပါတယ်။ ဒီလိုနဲ့ ခဏလောက် နားပြီး နေ့လည်စာကို ပင်လယ်စာနဲ့ ဧည့်ခံပါတယ်။ ဟင်းချက်စရာတွေကို တရုတ်ဆိုင်တစ်ဆိုင်ကို ပို့ပေးထားပြီး ချက်ခိုင်းစေတာလို့ ဆိုပါတယ်။ တရုတ် စားသောက်ဆိုင်ကလဲ ဆိုင်ပိတ်ခါနီးမှာ မှာထားတဲ့ ဟင်းတွေကို ကောင်းစွာချက်ပေးထားပါတယ်။ ဟင်းတွေကတော့ ရှယ်ပါပဲ။ အများစုက ကျွန်တော်နဲ့ သူငယ်ချင်းစည်သူ့အကြိုက် ပင်လယ်စာတွေပါ။ နေ့လည်စာကို ဗိုက်ဆာဆာနဲ့ အများကြီး စားဖြစ်လိုက်တယ်။ စားပြီးသောက်ပြီးတော့ ခဏနားပြီး ကိုအောင်ငွေက ရေလုပ်ငန်း အတွေ့အကြုံတွေကို ပြောပြပါတယ်။

ဟူတန်မယ်လင်တန် မှာရှိတဲ့ မြန်မာ ရေလုပ်သားတွေရဲ့ဘဝအကြောင်း။ Overstay သမားတွေကို Immigration ကဝင်ဖမ်းတဲ့အကြောင်းတွေ ပြောပြပါတယ်။ Over Stay သမားတွေအတွက် အဖမ်းမခံရအောင် မလေးရှား ရင်းဂစ် RM3000 လောက် အမြဲဆောင်ထားရကြောင်းနဲ့ ပတ်စ်ပို့အစစ် ကိုင်ဆောင်ထားပေမယ့် Hutan Melintang မှာက ထိုင်းပတ်စ်ပို့ကို ကိုင်ဆောင်မှသာ စက်လှေနဲ့ ပင်လယ်ကို ထွက်လို့ရတယ်လို့ ပြောပြပါတယ်။ မလေးရှား လူဝင်မှုကြီးကြပ်ရေးက ဝင်စစ်တဲ့အခါ ထိုင်းလူမျိုး စကားပြန်တစ်ဦး လိုက်ပါလာပြီး ထိုင်းဟုတ်မဟုတ် စစ်ဆေးတယ်လို့သိရပါတယ်။ တကယ်လို့ အလိမ်ပေါ်ရင်တော့ အဖမ်းခံရပြီပေါ့။ ရေလုပ်ငန်း ကျွမ်းကျင်တာချင်းဆို မြန်မာတွေကတောင် သာပါဦးမယ်။ မြန်မာရယ်လို့ ထင်ပေါ်စွာ မနေရဲတဲ့အဖြစ်ကို ရောက်မှန်းမသိ ရောက်နေရတဲ့ အဖြစ်ကို စိတ်မကောင်း ဖြစ်မိပါတယ်။ လူဝင်မှုကြီးကြပ်ရေးကလွဲလို့ တော်ရုံရဲတွေကတော့ သိပ်မှုစရာမလိုပါဘူး။ မလေးရှားမှာလဲ အရာရာကို ငွေနဲ့ဖြေရှင်းလို့ရတာတွေ အများကြီးရှိနေပါသေးတယ်။ ဟူတန်မယ်လင်တန်မှာ ရေလုပ်သား အများစုက မြန်မာလူမျိုးတွေဖြစ်တဲ့ ဘိတ်၊ ထားဝယ်၊ မွန်လူမျုးတွေနဲ့ ရခိုင်လူမျိုးတွေသာ အများစု အလုပ်လုပ်ကိုင် နေကြတာပါ။ ဟူတန်မယ်လင်တန် မြို့ငယ်ဟာလည်း မလေးလို Sungai Bemama လို့ခေါ်တဲ့ အရှေ့တောင်ကနေ အနောက်မြောက်ဘက်ကို စီးဆင်းနေတဲ့ ဘီမားမား (Bemama) မြစ် တစ်လျှောက်မှာ တည်ထားပြီး ကမ်းခြေ တစ်လျှောက်မှာတော့ ငါးလုပ်ငန်း စက်ရုံတွေနဲ့ တံငါရွာလေး တစ်ရွာလိုပါပဲ။ Bemama မြစ်ကနေပြီးတော့ ပင်လယ်ဝကိုတော့ တစ်နာရီခွဲလောက် မောင်းရပါတယ်။ စက်ရုံတွေမှာတော့ မြန်မာအများစု၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား လူမျိုးတချို့တွေ့ရပါတယ်။
လျှောက်လည်ကြမယ် ပျော်ပျော်ကြီး :P
Hutan Melintang မှပင်လယ်စာများ (ပုဇွန်ကြော်)
Hutan Melintang မှပင်လယ်စာများ (ငါးပေါင်းဟင်းလျှာ)
ညနေ ၃ နာရီလောက်မှာ အနီးအနားက ကမ်းခြေတစ်ခုကို လိုက်ပို့ပေးမယ်လို့ ပြောပါတယ်။ မနက်ဖြန်မှ Pangkor ကျွန်းကို လိုက်ပို့ပေးမယ်ဆိုပြီး အစီအစဉ်ဆွဲထားတာပါ။ Pangkor ကျွန်းကတော့ မလေးရှားမှာ လန်ကာဝီကျွန်းပြီးရင် ဒုတိယအကောင်းဆုံးလို့ ပြောလို့ရပါတယ်။ ဒီကျွန်းပေါ်မှာပဲ မလေးရှားရေတပ် ရှိတယ်လို့ ပြောပါတယ်။ အဲဒီ့ကျွန်းကိုတော့ မနက်ဖြန်မှပဲသွားဖို့ စီစဉ်ထားတာပါ။ အခုလောလောဆယ်တော့ အနီးနားက Kampung Tebok Seri Tanjung ကမ်းခြေဘက်ကို သွားကြပါတယ်။ အရင်ဆုံး အဲဒီ့ကမ်းခြေကို သွားဖို့အတွက် Bemama မြစ်တစ်ဖက်ကမ်းဖြစ်တဲ့ Sungai Ayer Tawer ဘက်ကို ဇက်နဲ့ကူးရပါတယ်။ Sungai Ayer Tawer ကတော့ မလေးအခေါ်အဝေါ်ဖြစ်ပြီး Fresh Water လို့ အဓိပ္ပါယ်ရပါတယ်။ တစ်ဖက်ကမ်းကို ကူးတဲ့ ဇက်ကတော့ သိပ်မကြီးလှပါဘူး။ တစ်ဖက်ကမ်းကို ကားလမ်းနဲ့ ပုံမှန်သွားမယ်ဆိုရင် Telok Kerdu ကနေပြီး တစ်ပါတ်ကြီး သွားရတာမို့ ဒီဇက်ဆိပ်ကိုပဲ အဓိကအသုံးပြုနေကြတာ ဖြစ်ပါတယ်။ တစ်ဖက်ကမ်းကို ရောက်တော့ အရင်ဆုံး ကြိုဆိုနေကြတာက ဆိပ်ကမ်းနားမှာ နေနေကြတဲ့ မျောက်တစ်အုပ်ပါ။ ရီးသွားတွေက မျောက်တွေကို အစာကျွေးကြပါတယ်။ ကျွန်တော်တို့ကတော့ ပြန်လာမှပဲ အစာကျွေးမယ်ဆိုပြီး အသင့်စောင့်နေတဲ့ ကားနဲ့ ဆက်ထွက်လာခဲ့ပါတယ်။ လမ်းဘေး တလျှောက်ကတော့ မမြင်ချင်မှအဆုံး ဆီအုန်းပင်တွေပေါ့ဗျာ။ ၁၅ မနစ်လောက် မောင်းပြီးတော့ ကမ်းခြေဘက်ကို ရောက်လာခဲ့ပါတယ်။ ကားကတော့ ၅နာရီလောက်မှ ပြန်လာကြိုမယ်ဆိုပြီး ပြန်ထွက်သွားပါတယ်။ ဒီ Kampung Tebok Seri Tanjung ကမ်းခြေမှာက ရေကူးလို့မရပါဘူး။ ကမ်းခြေဘက်မှာ သဲသောင်ပြင်မရှိပဲ ကျောက်တုံးတွေနဲ့မို့ အပန်းဖြေ အနားယူရုံ သက်သက်ပါပဲ။ ကမ်းခြေကနေ မျှော်ကြည့်လိုက်ရင် ပင်လယ်ပြင်ကြီးကို မျက်စိတဆုံး မြင်တွေ့နေရပါတယ်။ လေကောင်း လေသန့် ရှူရှိုက်ရင်း ကမ်းခြေမှ ဓါတ်ပုံတွေ အတော်တော်များများ ရိုက်ဖြစ်ခဲ့ပါတယ်။ ကမ်းခြေမှာတော့ စွန်လွှတ်တဲ့သူတွေ၊ အပန်းဖြေလာတဲ့သူတွေကို အတော်အတန် တွေ့ရပါတယ်။
သူငယ်ချင်း စည်သူနှင့် ဇက်ဆိပ်တွင် အမှတ်တရ
Tebok Seri Tanjung ကမ်းခြေရှုခင်းတစ်ခု
အဲဒီ့မှာ ညနေ ၅နာရီ ကျော်ကျော်လောက်အထိ နေပြီးမှ လာကြိုတဲ့ ကားရောက်လာလို့ အားလုံး ဇက်ဆိပ်ဘက်ကို ပြန်လာခဲ့ကြပါတယ်။ စည်သူကတော့ ကားရှေ့ခန်းမှာ ကားဒရိုက်ဘာ တရုတ်လူမျိုးနဲ့ စကားဖောင်ဖွဲ့နေပါတယ်။ အပြန်လမ်းတစ်ဝက်မှာ ကား Accidence ဖြစ်နေတာလို့ ရဲတွေ မီးသတ်သမားတွေနဲ့ ရှုပ်နေပါသေးတယ်။ ကားပေါ်ကနေကြည့်လိုက်တော့ မလေးရှားထုတ် Proton Saga အမျိုးအစား ကားအဖြူရောင် ကားလေးတစ်စီး လမ်းဘေးထိုးကျနေတာ တွေ့ခဲ့ရပါတယ်။ မလေးရှားက လမ်းတွေက ကောင်းတော့ ကားမောင်းသူတွေကလဲ အမြန်မောင်းကြတာများပါတယ်။ အဲဒါကြောင့်လဲ မကြာခဏ မတော်တဆ ယဉ်တိုက်မှုတွေ တွေ့နေရပါတယ်။ ဇက်ဆိပ်ကို ပြန်ရောက်တော့ ကိုအောင်ငွေက ဆိုင်ကယ်နဲ့ မျောက်စာ ဝင်ဝယ်နေလို့ ခဏစောင့်နေကြပါတယ်။ တစ်ဖက်ကမ်းက ဇက်ကလဲ မရောက်သေးတာမို့ မျောက်စာ ကျွေးဖို့အတွက် စောင့်ဆိုင်းနေကြတာပါ။ ခဏကြာတော့ ကိုအောင်ငွေက မုန့်ထုပ်တွေနဲ့ ရောက်လာပါတယ်။ မုန့်ထုပ် တချို့ကို အတူလာတဲ့ အစ်မဆီကို ပေးလိုက်တဲ့အခါမှာတော့ တောထဲက မျောက်အုပ်က အပြင်ကို ပြေးထွက်လာပါတော့တယ်။ အဲဒီ့ထဲကမှ မျောက်တစ်ကောင်က မုန့်ထုပ်တွေ ဝင်လုလို့ အစ်မလဲ ကြောက်လန့်ပြီး မုန့်ထုပ်တွေ လွှတ်ချလိုက်လို့ မျောက်တွေက ဆွဲပြေးသွားပါတယ်။ အနီးနားက အန္ဒိယ လူမျိုးတစ်ဦးက ဝင်ချောက်လှန့်တော့မှ မုန့်ထုပ်တွေ လွှတ်ချပြီး ပြေးပါတော့တယ်။ ဒီတော့မှ အေးအေးဆေးဆေး မုန့်ထုပ်တွေ ဖောက်ပြီး မျောက်စာကျွေးဖြစ်ပါတယ်။ အလွန်လောဘကြီးတဲ့ မျေက်တွေတွေ့သလိုပဲ ကြီးနိုင်ငယ်ညှဉ်း အကျင့်ရှိတဲ့ မျောက်တချို့လဲ တွေ့ရပါတယ်။ တချို့မျောက်တွေကတော့ လက်ထဲမှာ မုန့်နှစ်ခုလောက်ရတာနဲ့ ချောင်တစ်ခုမှာ အေးရာအေးကြောင်း သွားစားနေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်အခုလို တရိစ္ဆာန် လေးတွေကို အစာကျွေးမွေးရတာ စိတ်ထဲမှာပီတိဖြစ်မိတာ အမှန်ပါ။ မျောက်စာ ကျွေးပြီးတဲ့နောက်မှာတော့ တစ်ဖက်ကမ်းက ဇက်ရောက်လာတာနဲ့ တစ်ဖက်ကမ်းကို ပြန်လာခဲ့ကြပါတယ်။ ဇက်မထွက်ခင် ဘီမားမား (Bemama) မြစ်ရဲ့ နေဝင်ဆည်းဆာအလှကို ဓါတ်ပုံရိုက်ယူနိုင်ခဲ့ပါတယ်။ ညဘက် ၇ နာရီလောက်မှာတော့ အနီးနားက မြန်မာဆိုင်တစ်ဆိုင်မှာ ညစာသွားစားကြပါတယ်။ ဟင်းတွေကတော့ ကျွန်တော်တို့အကြိုက် ပင်လယ်စာပါပဲ။ အဲဒီ့ဆိုင်မှာ စားရတာကတော့ တကယ်ပဲမြန်မာပြည်က စားသောက်ဆိုင်တစ်ဆိုင်မှာ စားသောက်ရသလိုပါပဲ။ ငါးပေါင်းဟင်းရယ်။ ပုဇွန်ထုပ်ကြော်၊ ကြက်သားဟင်းအစပ်ချက်၊ ကျောက်ပုဇွန်ဟင်းချိုနဲ့ ငါးပိရည် တို့စရာရယ်ပါ။ စားပြီးသောက်ပြီးတော့ အိမ်ကိုပဲ ပြန်လာကြပြီး စောစောအနားယူလိုက်ကြပါတယ်။
အစာတောင်းနေသော မျောက်ကလေးများမျောက်စာကျွေးနေသော စည်သူ (သူ့ကိုကြောက်ပြီး မျောက်တွေ ပြေးကုန်ပါတယ် :P)
ဘီမားမား (Bemama) မြစ်၏ နေဝင်ဆည်းဆာအလှ
နောက်တစ်နေ့ 21.9.2009 ရက်နေ့ နံနက်ပိုင်းမှာတော့ Pangkor ကျွန်းကို သွားဖို့အတွက် ပြင်ဆင်ကြပါတယ်။ စည်သူနဲ့ ဝေဖြိုးကလဲ ဒီနေ့မှာ ရုံးပြန်တက်ရမှာမို့ ပြန်မလာနိုင်တဲ့အကြောင်း ခွင့်တစ်ရက် ထပ်တင်လိုက်ကြ ပါတယ်။ နံနက်ပိုင်း မြန်မာဆိုင်တစ်ဆိုင်မှာ နံနက်စာသွားစားကြပါတယ်။ နံနက်စာစားရင်း ဆိုင်မှာ စည်သူနဲ့ ရုံးက အစ်မက စကားနိုင်လုနေကြသေးလို့ ဝေဖြိုးနဲ့ ကျွန်တော်နှစ်ယောက်သား ရီနေရပါသေးတယ်။ နံနက်စာ စားပြီး အိမ်ကိုပဲပြန်လာကာ Pangkor ကျွန်း ဇက်ဆိပ်ကို လိုက်ပို့ပေးမယ့် ကားစောင့်နေကြပါတယ်။ ဖြစ်ချင်တော့ အဲဒီ့နေ့မှာ ကားက ဘယ်လိုမှ ငှားလို့မရဘူး ဖြစ်နေပါတယ်။ နံနက် ၁၀ နာရီထိုးအထိ အဆင်မပြေ ဖြစ်နေတာနဲ့။ ကိုအောင်ငွေအိမ်က အစ်ကိုတစ်ယောက်က စက်လှေတွေကို လိုက်ပြီးလေ့လာဖို့ ဖိတ်ခေါ်တာနဲ့ ကျွန်တော်ရယ် စည်သူရယ် နှစ်ယောက်သား သူ့ဆိုင်ကယ်နဲ့ လိုက်သွားပါတယ်။ စက်ရုံရောက်တော့ ပင်လယ်က ပြန်ဝင်လာတဲ့ စက်လှေတွေ မကပ်သေးတာနဲ့ စက်ရုံ အတွင်းပိုင်း ထဲပဲ လိုက်လေ့လာဖြစ်ပါတယ်။ ငါးကြိတ်တဲ့ စက်တွေနဲ့ အအေးခန်းတွေနဲ့၊ ငါးရွေးတဲ့နေရာတွေကို လိုက်လေ့လာဖြစ်ပါတယ်။ ငါးစာအတွက် ဖွဲတွေကိုတော့ စက်ရုံတွင်းမှာပဲ ပုံထားတာ တွေ့ခဲ့ရပါတယ်။ စည်သူက ငါးရွေးတာ ကြည့်ချင်တယ်ဆိုတာနဲ့ အဲဒီ့အစ်ကိုကပဲ သူ့အသိ စက်ရုံကို ခေါ်သွားပါတယ်။ ဟိုရောက်တော့ စက်လှေကပ်ခါစမို့ ငါးတွေကို စက်လှေဝမ်းဗိုက်ထဲကနေပြီးြ ခြင်းတောင်းထဲထည့်ကာ ကမ်းပေါ်ကနေ ကရိန်းနဲ့ဆွဲတင်ပါတယ်။ အဲဒီ့နောက် ငါးရွေးတဲ့ အဖွဲက ခြင်းထဲက ငါးတွေကို ဗန်းထဲထည့်ပြီး သူ့အမျိုးအစားအလိုက် တောင်းတွေထဲ ခွဲထည့်ပါတယ်။ အောက်မှာတော့ ပင်လယ်ရေခူတွေကို ဒီအတိုင်းပစ်ထားပြီး ရေခူများများရမှ ရောင်းလို့အဆင်ပြေပြီး အနဲအကျဉ်းကိုတော့ ဒီအတိုင်းပဲ ပစ်ထားတယ်လို့ ပြောပါတယ်။ တချို့ ပင်လယ်ဂဏန်းတွေလဲ ဒိလိုပါပဲ။ ရေခူတချို့ထဲမှာတော့ ငါးအသေတွေတွေ့လို့ မေးကြည့်တော့ ရေခူကငါးအုပ်ထဲဝင်ပြီး စားထားတာပါတဲ့။ ရေခူက ဂျယ်လီတုံးကြီးလိုပဲ ဆိုတော့ ကျွန်တော်တို့နှစ်ယောက်လဲ ကိုင်ကြည့်ချင်တာနဲ့ ယားမယား မေးကြည့်တော့ ဒီကောင်က သေသွားတဲ့အခါမှာတော့ မယားတော့ဘူးတဲ့။ တစ်ချို့ နီညိုရောင် အကောင်တွေကတော့ ယားတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့နှစ်ယောက်သား အဲဒီ့မှာ ဓါတ်ပုံတွေရိုက်ပြီးတော့ ကိုအောင်ငွေတို့ ကမ်းခြေသွားဖို့ စောင့်နေကြမှာစိုးတာနဲ့ ပြန်လာခဲ့ကြပါတော့တယ်။
စက်ရုံအတွင်းသို့ သွားရောက်လေ့လာစဉ်
ဖမ်းမိလာသောငါးများအား အမျိုးအစားအလိုက် ပြန်လည်ရွေးထုတ်စဉ်
စက်လှေပေါ်မှငါးများကို သယ်ဆောင်နေစဉ်
အိမ်ပြန်ရောက်တော့ အခုချိန်အထိ ကားက ငှားလို့အဆင်မပြေဘူး ဖြစ်နေတယ်လေ။ ကိုအောင်ငွေလဲ ဆိုင်ကယ်တစ်စီးနဲ့ ဟိုပြေးဒီပြေး ကားလိုက်ငှားနေရတာ တစ်စီးမှ အဆင်မပြေဖြစ်နေပါတယ်။ သူလဲ အချိန် နောက်ကျနေမှာစိုးလို့ အသည်းအသန် ကားလိုက်ငှားနေရှာတာပါ။ ဒါပေမယ့်လဲ ဒိနေ့တစ်နေ့လုံး ကားတစ်စီးမှ ငှားလို့အဆင်မပြေခဲ့ပါဘူး။ ညနေမှကားရရင်လဲ ရောက်ပြီးပြန်လာရုံသာ ဖြစ်နေမှာမို့ လက်လျှော့ လိုက်ပါတော့တယ်။ ကိုအောင်ငွေလဲ ကျွန်တော်တို့ကို အလွန်ပဲ အားနာနေပါတယ်။ စည်သူတို့ ခွင့်ယူထားပြီးမှ အစီအစဉ်ပျက်သွားလို့ အလွန်အားနာနေတာဖြစ်မှာပါ။ ကျွန်တော်တို့လဲ စိတ်မကောင်းမဖြစ်ဖို့ နောက်ထပ် အားလပ်ရက်တွေမှာ ထပ်လာခဲ့မယ့်အကြောင်း ပြောပြရပါတယ်။ အဲဒီ့နေ့ကတော့ စည်သူက ၂၂ ရက်နေ့အတွက် လေယာဉ်လက်မှတ် အွန်လိုင်းကနေ Booking သွားတင်ပါတယ်။ ကိုအောင်ငွေကတော့ မနက်ဖြန်ကို မဖြစ်ဖြစ်အောင် လိုက်ပို့ပေးမယ့်အကြောာင်း တဖွဖွပြောရှာပါတယ်။ ဒါပေမယ့်လဲ စည်သူတို့က ခွင့် နောက်ထပ်ယူလို့ မကောင်းတော့တာကြောင့် နောက်တစ်ကြိမ်မှ ထပ်လာခဲ့မယ်ဆိုပြီး နှစ်သိမ့်လိုက်ရပါတယ်။ ဘယ်မှ မသွားဖြစ်တာကြောင့် တစ်နေ့ခင်းလုံး ကိုအောင်ငွေတို့ရဲ့ ပုလောဇာတိဖွား လက်ဝှေ့ကျော် ၂၀၀၇ နဲ့ ၂၀၀၈ ချန်ပီယံ တွေ့မရှောင်ရဲ့ ပွဲတွေကို ကြည့်ဖြစ်လိုက်ပါတယ်။ လက်ဝှေ့ပွဲမတွေ မကြည့်ရတာ ကြာပြီဆိုတော့ ဒီလက်ဝှေ့ကျော်ရဲ့ပွဲကို စိတ်ဝင်တစား ကြည့်ဖြစ်လိုက်ပါတယ်။ ဒီလက်ဝှေ့ကျော်ကတော့ အရင် ချန်ပီယံတွေနဲ့ မတူပဲ အတော်လေးအကြမ်းခံနိုင်ပြီး လက်ဝှေ့ပညာ အတော်လေးကောင်းတာ သတိထားမိပါတယ်။ အထူးသဖြင့် မြန်မာ့ လက်ဝှေ့ကျော် တွေ့မရှောင်နဲ့ မွေထိုင်းချန်ပီယံ ပါဝီတို့ရဲ့ပွဲကို အထူးပဲ သဘောကျမိပါတယ်။ ပါဝီကို နှစ်ချီမြောက်မှာပဲ ခေါင်းတိုက်ချက်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ သူ့ရဲ့ တိုက်စစ်ဆန်တဲ့ တရစပ်ထိုးသတ်မှုတွေက ပွဲကြည့်ပုရိသတ်ကို အထူးဆွဲဆောင်မှု ရှိတာတွေ့ရပါတယ်။ မနက်ဖြန်နံနက် ၉နာရီခွဲကားနဲ့ ကွာလာလမ်ပူကို ပြန်ကြတော့မှာမို့ ကိုမြင့်အေးက ကားလက်မှက်ကို သွားဝယ်ပေးထားပါတယ်။ ဒီနေ့ညစာကိုတော့ ရုံးကအစ်မ လက်ရာဖြစ်တဲ့ လက်ဖက်သုပ်နဲ့ ပုဇွန်သုပ်၊ ကင်းမွန်သုပ်၊ ကြက်သားသုပ်၊ ဘိတ်ငါးပိသုတ်၊ ပုဇွန်ကြော်၊ ပင်လယ်ငါးချက်၊ ဝက်သားဟင်းတို့နဲ့ စားလို့မြိန်ခဲ့ပါတယ်။
ပင်လယ်မှ ပြန်ဝင်လာသော စက်လှေများမခိုင်၊ ဝေဖြိုးနှင့် ကိုအောင်ငွေတို့ အမှတ်တရ
ငါးဖမ်းဆိပ်ကမ်းမှ မြင်ရသော နေဝင်ဆည်းဆာအလှ
ဒီလိုနဲ့ ၂၂ရက်နေ့ နံနက်ပိုင်းမှာတော့ နံနက်စာစားပြီး ကားဂိတ်ကို ကိုအောင်ငွေနဲ့ မြန်မာ အိန္ဒိယလူမျိုးတစ်ဦးက ကားနဲ့လိုက်ပို့ပေးပါတယ်။ သူ့ကို မြန်မာနိုင်ငံကနေ ရောက်တာကြာပြီလားဆိုပြီး ဝေဖြိုးကမေးကြည့်တော့ မြန်မာနိုင်ငံကိုတောင် မမြင်ဖူးဘူးတဲ့။ မလေးရှားမှာပဲ ကြီးပြင်းလာတာလို့ ပြောပါတယ်။ ရုံးကအစ်မကတော့ မနက်ဖြန်မှာ Pangkor ကျွန်းကိုသွားမှာမို့ နေခဲ့ပါတယ်။ ကျွန်တော်ရယ်၊ စည်သူရယ် ဝေဖြိုးတို့ သုံးယောက်သားပဲ ကွာလာလမ်ပူကို ပြန်လာခဲ့ကြပါတယ်။ နေ့လည် ၁၂နာရီခွဲလောက်မှာတော့ ကွာလာလမ်ပူရှိ ပူဒူးရာယာ ကားဂိတ်ကို ပြန်ရောက်ခဲ့ပါတော့တယ်။ ဒီခရီးလေးကို သွားဖြစ်ခဲ့တာ အလွန်ပဲ တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေ ရခဲ့ပါတယ်။ ဟူတန်မယ်လင်တန်မှာရှိတဲ့ မြန်မာတွေဟာ စည်းလုံးကြတာကို တွေ့ခဲ့ရပါတယ်။ မြန်မာပြည်က ရွာလေးတစ်ရွာကို ရောက်နေတဲ့အတိုင်းပဲ ခံစားခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ ဖခင်ကြီး ကိုယ်တိုင်ကလဲ ပင်လယ်ရေလုပ်သားတစ်ဦး ဖြစ်ခဲ့လို့ ပင်လယ်အကြောင်း ငါးဖမ်းလုပ်ငန်းအကြောင်း ကြားဖူးနား၀ ရှိခဲ့ပေမယ့် ယခုလို လက်တွေ့ လေ့လာခွင့်ကတော့ ပထမဦးဆုံး အကြိမ်လို့ ဆိုနိုင်ပါတယ်။ လက်တွေ့ သွားရောက် လေ့လာကြည့်မှပဲ ပင်လယ်ရေလုပ်သားတွေရဲ့ ဘ၀ ကြမ်းတမ်းခက်ထန်တယ်ဆိုတာ သိရှိနားလည်နိုင်ခဲ့လို့ မြန်မာပြည်က ဖခင်ကျွန်တော်တို့ အပေါ် အလွန်ပဲပင်ပန်းစွာ ရှာဖွေကျွေးမွေးခဲ့မှုတွေကို ပြန်လည် အမှတ်ရခဲ့ပြီး ဖခင်ရဲ့ ဂုဏ်ကျေးဇူးကို အထူးပဲ သိရှိနားလည်နိုင်ခဲ့လို့ ဒီခရီးစဉ်ဟာ အလွန်ပဲ အကျိုးရှိခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုအောင်ငွေနဲ့ ကိုမြင့်အေးတို့ရဲ့ ဧည့်ဝတ်ကျေပွန်မှု တွေကိုလဲ အထူးပဲ ကျေးဇူးတင်မိပါတယ်။ ပင်လယ်စာတွေလဲ တဝကြီးစားခဲ့ရတာမို့ ပင်လယ်စာကြိုက်တဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေအတွက် အမြဲတမ်း အမှတ်ရနေမှာဖြစ်ပါတယ်။

Lin Mg Mg

4 comments:

  1. ဟယ် ပုဇွန်ကြီးတွေက စားချင်စရာ ဓာတ်ပုံလေးတွေနဲ့ မျောက်(ငါ့အမျိုး)တွေ လာကြည့်သွားတယ်သိလား ဟိဟိ

    မသိဘူး လင်းလင်း အဲဒီခုနှစ်တွေ ငါ လဲ စာထဲပါတာရေးတာ ငါ ပြန်ကြည့်လိုက်ဦးမယ်နော် ကျေးဇူးနော် ဘိုင်

    ReplyDelete
  2. မလေးမှာရှိတဲ့ မြန်မာတွေအကြောင်းကို ကြားရတာစိတ်မကောင်းပါဘူး။ ဒါပေမယ့် မြန်မာတွေ အချင်းချင်းစည်းလုံးကြတယ်လို့ သိရလို့ ၀မ်းသာမိပါတယ်။ အခုလို စာလေးတွေကို ဖတ်ရလို့ ကိုလင်းကို ကျေးဇူးတင်ပါတယ်။ ကိုယ်တိုင်မရောက်ဖူးပေမယ့် စာတွေ ဓါတ်ပုံတွေကပေးတဲ့ ဗဟုသုတတွေရလို့ပါ။

    ReplyDelete
  3. sorry, i dont say like every body, your site is not nice, and and some of the photos is littel heard to understand, and no intresting food, when i saw the foods i feel ! arr !!!!
    and your burmese font is too poor to get read,
    koyin

    ReplyDelete
  4. ဟိုင်း ဟိုင်း ....

    ဟေး ညီလေး လန်လန် ဘာတွေလုပ်နေလဲ .. ပို့စ်တွေမတင်တော့ဘူးလားဟ .. ကြည့်ရတာ ငါ့ညီ ကုန်ကြမ်းပျက်နေပြီနဲ့တူတတယ်....
    ကို ရင် ... အသူလဲ ဗျာ ...
    ကျနော့ညီလေးမှာ ကြိုးကြိုးစားစားတင်ထားရတာဗျ ...
    အင်း ဒါပေမဲ့ ကျွန်တော်ထင်ပါတယ်
    သူဒီထက်ကောင်းအောင်ကြိုးစားနေအုံးမှာပါ ..

    u say .. burmese font is too poor naw.. yes bro .. burmese people also soo poor par byar ... like our friends .....

    ReplyDelete

Thank you for your comment on my blog, Anythig you can suggesting and discuss to me.