Saturday, December 26, 2009

Jurong Bird Park သို့အမှတ်တရ

Jurong Bird Park Singapore
စင်္ကာပူ Jurong Bird Park ကိုတော့ မှတ်မှတ်ရရ 10. February. 2008 တုန်းကရောက်ခဲ့ပါတယ်။ Jurong Bird Park ကို ဒေါက်တာ Goh Keng Swee ကနေပြီး 1968 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။ ဒေါက်တာ Goh ဟာ Zoologi Garden ကိုလည်ပတ်ရင်းနဲ့ ငှက်တွေလွတ်လပ်စွာ ပျံသန်းနိုင်မယ့် ငှက်လှောင်ချိုင့် ကြီးကြီး တည်ဆောက်ဖို့ စိတ်ကူးရခဲ့ပါတယ်။ ဒီလိုတည်ဆောက်နိုင်ဖို့အတွက် စက်မှုဇုံတွေနှင့် ကင်းလွတ်ပြီး သဘာဝအလျှောက် အပန်းဖြေ အနားယူနိုင်မယ့် Jurong Hill (Bukit Perepok) နေရာကို 1968 ခုနှစ်မှာ ရွေးချယ်ခဲ့ပါတယ်။


ပထမဦးစွာ ကမ္ဘာတဝှမ်းမှာရှိတဲ့ ငှက်အမျိုးအစားတွေကို စတင်စုဆောင်းခဲ့ပါတယ်။ Finches, Pheasants, Herons, Mallards, Owls, Cockatoos စတဲ့ ငှက်အမျိုးအစားတွေ ပထမဦးစွာ ဆုံးရောက်ရှိလာပြီး နိုင်ငံ ၁၂နိုင်ငံ၊ တရိစ္ဆာန်ရုံ ၇ ရုံနှင့် ပုဂ္ဂလိဂ အလှူရှင် ၄၀ ဦးကလည်း ကူညီလှူဒါန်းခဲ့ကြပါတယ်။ 3. January 1971 မှာတော့ Jurong Bird Park ကို အများပြည်သူအတွက် စတင် ဖွင့်လှစ်ခဲ့နိုင်ပါတယ်။ Jurong Bird Park ကိုတည်ဆောက်ခဲ့ရမှာ ဒေါ်လာ $3.5 မီလီယံ ကုန်ကျခဲ့တယ်လို့ သိရပါတယ်။
Black-winged Starling ( Acridotheres melanopterus )
10. February. 2008 ကတော့ မလေးရှားကိုပြန်ဖို့အတွက် နေ့လည် ၁နာရီ ကားနဲ့ လက်မှတ် ဖြတ်ပြီထားပြီးသားလေ။ ဒီနေ့မှာပဲ ဝေသူ့ကို Jurong Bird Park ကိုသွားဖို့အတွက် လိုက်ပို့ခိုင်းထားပါတယ်။ ကားလက်မှတ်က နေ့လည်ပိုင်းဆိုတော့ အချိန်ကတော့ သိပ်မရဘူး။ ဒါကြောင့် မနက်စောစော အိပ်ရာထပါမယ်ဆိုမှ မနက် ၈နာရီလောက်မှနိုးတယ်။ နံနက်စာစားပြီးတော့ ဝေသူနဲ့ နံနက် ၉နာရီ Boon Lay MRT မှာချိန်းထားတာမို့ ဘတ်စ်ကားဂိတ်ကို ဆင်းလာခဲ့ပါတယ်။ ဘတ်စ်ကားကလဲ အတော်နဲ့ မလာနိုင်သေးလို့ စောင့်နေရသေးတယ်။ ကားပေါ်ရောက်တော့ ၉နာရီထိုးတော့မယ်။ City Hall ကိုရောက်တော့ Boon Lay ကို MRT နဲ့တဆင့်သွားလိုက်ပါတယ်။ တော်သေးတာက စင်္ကာပူက MRT တွေက သိပ်မစောင့်ရလို့။ လမ်းမှာ ဝေသူက ဖုန်းလှမ်းဆက်မေးသေးတယ် ကြာလိုက်တာ မရောက်သေးဘူးလားတဲ့၊ ရောက်ပါတော့မယ် ခဏလေးစောင့်ပါဆိုပြီး လှမ်းပြော (ဖြီး)ထားရသေးတယ်။ Boon Lay ရောက်တော့ ၉နာရီခွဲနေပြီ။ ဝေသူနဲ့ တွေ့ပြီးတော့ Boon Lay မှာပဲ မသွယ်စုမွန်နဲ့ ချိန်းထားသေးတာဆိုတော့ မသွယ်စုမွန်ကို သွားတွေ့ပြီး နှုတ်ဆက်လိုက်ပါတယ်။ မသွယ်စုမွန်က မနှင်းပန်းတို့နဲ့ တစ်အုပ်စုထဲလေ။ ကျွန်တော် စင်္ကပူရောက်ခါစတုန်းက သူတို့အုပ်စုနဲ့ ဆုံဖို့ Toparo က မြန်မာဘုန်းကြီးကျောင်းက အလှုတစ်ခါမှာ ဆုံကြဖို့ခေါ်သေးတယ်။ အဲဒီတုန်းက ကျွန်တော်လဲမအားလို့ မသွားဖြစ်လိုက်ဘူး။ သူက စင်္ကာပူမှာ ကျောင်းတက်ရင် အလုပ်လုပ်နေတာ ကြာနေပေမယ့် အခုချိန်ထိ အိမ်လွမ်းတုန်းလေ။ ကျွန်တော်တို့နဲ့တွေ့တော့ မသွယ်စုမွန်က ကော်ဖီလိုက်တိုက်တယ်။ နှစ်ယောက်သား အားနာနာနဲ့ Jurong Point Shopping Center က ကော်ဖီဆိုင်တစ်ဆိုင်မှာ လိုက်ထိုင်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးက ကျောင်းချင်းတူနေတော့ ကျောင်းအကြောင်းတွေ စကားလက်ဆုံ ကျနေကြနေသေးတယ်။ ၁၀နာရီခွဲလောက်မှ မသွယ်စုမွန်ကို နှုတ်ဆက်ပြီး Jurong Point ကနေ ပြန်ထွက်လာခဲ့ကြပါတယ်။

ဒီလိုနဲ့ Jurong Bird Park ကိုသွားဖို့အတွက် ဘတ်စ်ကားဂိတ်ကိုပြန်လာခဲ့ကြပါတယ်။ ကားဂိတ်မှာလည်း Jurong Bird Park ကိုသွားမယ့်ကားကို တန်းစီစောင့်ရပါသေးတယ်။ တော်သေးတာက ကားဂိတ်မှာ ခရီးသည် မများပါဘူး။ ဘတ်စ်ကားလာတော့ ကားပေါ်တက် နေရာယူပြီး ခရီးဆက်ခဲ့ကြပါတယ်။ Jurong Bird Park ကိုတော့ ဘတ်စ်ကား သိပ်မစီးရပါဘူး။ ၁၅ မိနစ်လောက်မောင်းတဲ့အခါ Jurong Bird Park ကိုရောက်လာခဲ့ပါတယ်။ ဝင်ကြေး တစ်ဦးကို စင်္ကာပူဒေါ်လာ S$18 ဒေါ်လာပေးရပါတယ်။ ဒီနေ့မှာတော့ လူသိပ်မများတဲ့အတွက် ကြာကြာ တန်းမစီလိုက်ရပါဘူး။ ဝင်ဝင်ချင်းမှာတော့ ပင်ဂွင်းငှက်ပြခန်းကို အရင်တွေ့ရပါတယ်။ အအေးခန်းထဲက ပင်ဂွင်းငှက်လေးတွေကတော့ သူတို့ဇာတိမဟုတ်တဲ့ နေရာမှာတောင် ပျော်မြူးနေကြတာပါ။ ပြခန်းကိုတော့ ခပ်မှောင်မှောင်သာ အလင်းရောင် ပေးထားပါတယ်။ ဓါတ်ပုံရိုက်တော့ မှန်ခန်းကအလင်းပြန်နေတာကြောင့် ပုံကောင်းကောင်းမရလိုက်ဘူး။ ဒီဆောင်အနီးနားမှာပဲ ဇီးကွက်တွေကို ပြတဲ့ပြခန်းနှင့် အာဖရိက ငှက်မျိုးတွေဖြစ်တဲ့ Storks, Shoebills စတဲ့ ငှက်တွေကို တွေ့ခဲ့ရပါတယ်။ အဲဒီ့ကနေ ပြန်ထွက်လာတော့ လည်ပါတ်သူအချို့ ကြက်တူရွေးငှက် တွေနဲ့ ဓါတ်ပုံရိုက်နေကြတာ တွေ့ခဲ့ရပါတယ်။ ကျွန်တော့်တို့လဲ ဓါတ်ပုံရိုက်ဖို့ အချိန်ပေးစောင့်နေရဦးမှာမို့ မစောင့်နိုင်တာကြောင့် Flamingo Pool ဘက်ကိုပဲ ဆက်လျှောက်လာခဲ့ကြပါတယ်။ Bird Park ထဲမှာ Panorail လို့ခေါ်တဲ့ ကောင်းကင်ရထားကိုလဲ စီစဉ်ထားပေးတာ တွေ့ခဲ့ရပါတယ် လမ်းမလျှောက်ချင်သူတွေအတွက် အဆင်ပြေလှပါတယ်။ Flamingo Pool မှာ ဓါတ်ပုံရိုက်ပြီးတော့ ဆက်လျှောက်ခဲ့ရာမှာ ဘဲငန်းတွေကိုထားတဲ့ ရေကန်လေးရောက်လာခဲ့ပါတယ်။ ဒီနေရာက တံတားလေးမှာ အမှတ်တရ ဓါတ်ပုံရိုက်ဖြစ်ခဲ့ပါသေးတယ်။ အဲဒီ့နောက် Waterfall Aviary ထဲကိုဆက် ထွက်လာခဲ့ပါတယ်။

Flamingo Pool

Waterfall Aviary ကတော့ အကြီးဆုံးငှက်လှောင်အိမ်ကြီးလို့ တင်စားနိုင်ပါတယ်။ ဒီငှက်လှောင်အိမ်ထဲမှာ ငှက်ပေါင်း ၁၅၀၀ လွပ်လပ်စွာ ပျံသန်းနိုင်ဖို့အတွက် သဘာဝအတိုင်း တည်ဆောက်ထားတာပါ။ ဒီထဲမှာပဲ ငှက်အမျိုးပေါင်းခွဲခြားပြထားတဲ့နေရာ ၆၀ လောက်ရှိပါတယ်။ ကြီးမားလှတဲ့ လူလုပ် ရေတံခွန်ရှေ့မှာလဲ ဓါတ်ပုံရိုက်နေကြသူတစ်ချို့ တွေ့မြင်နေရပါတယ်။ ကျွန်တော်တို့လဲ ငှက်တွေကို ဓါတ်ပုံလျှောက်ရိုက်ကြပါသေးတယ်။ ဒီနေရာလေးကတော့ အတော်ပဲ အေးချမ်းလှပါတယ်။ ငှက်သံတွေနဲ့ တကယ်ပဲတောတောင်ထဲမှာ လျှောက်နေရသလိုပဲ ခံစားမိပါတယ်။ အဲဒီ့ကနေ ပြန်အထွက်မှာ စကားတပြောပြောနဲ့ လျှောက်လာတော့ Lory Loft ဘက်ကို ရောက်လာခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာတော့ ငှက်အမျိုးမျိုး တွေ့ခဲ့ပါသေးတယ်။ ငှက်အမျိုးအစားတွေတော့ မမှတ်မိတော့ပါဘူး။ Lory Loft မှာတော့ ကြက်တူရွေး မျိုးပေါင်းများစွာဟာ လှောင်အိမ်ကြီးထဲမှာ လွတ်လပ်စွာ ပျံသန်းနေကြပါတယ်။ Lory Loft ကတော့ 3,000sq ကျယ်ဝန်းပြီး ကြက်တူရွေး အကောင်ရေပေါင်း ၁၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ ဒီလှောင်အိမ်ထဲမှာပဲ ကြိုးတံတားငယ်တစ်ခုနဲ့ မျှော်စင် ၂ခုကို ဆက်သွယ်ထားပါတယ်။ ဒီနေရာမှာ ငှက်တွေကို အစာကျွေးနိုင်ပါသေးတယ်။ Lory Loft ကနေ ပြန်ဆင်းလာတော့ ၁၂ နာရီကျော်နေပါပြီ။ ပြန်ဖို့အချိန်ကလဲ နီးကပ်လာပြီမို့ အေးဆေးစွာ မနေနိုင်တော့ပါဘူး။ ဒါကြောင့် ထွက်ပေါက်ရှိရာကို ဆက်ထွက်လာခဲ့ပါတယ်။ Lory Loft က အထွက်မှာတော့ အောက်ချင်းငှက်တွေကို တွေ့ခဲ့ရပါသေးတယ်။ လမ်းမှာ ဓါတ်ပုံဆက်ရိုက်ပြီး လျှောက်လာခဲ့တော့ Bird n Buddies Show ပြနေတာကို တွေ့ရပါတယ်။ ဒီပြပွဲကတော့ သေချာစွာ သင်ကြားပေးထားတဲ့ ငှက်လေးတွေရဲ့ ပြကွက်ဆန်းတွေကို ပြသတာဖြစ်ပါတယ်။ ပြပွဲအချိန်က မနက် ၁၁:၀၀ ကနေပြီး ညနေ ၃:၀၀ အထိပြသတာဖြစ်ပါတယ်။ အချိန်မရတော့လို့ မကြည့်ဖြစ်လိုက်ပါဘူး။ နောက်တစ်ခေါက် ရောက်မှပဲ ကြည့်တော့မယ်လို့ စိတ်ကူးပြီး အပေါ်ကနေပဲ ဓါတ်ပုံရိုက်ဖြစ်ပါတယ်။

Waterfall Aviary တြင္အမွတ္တရ
အပြင်ပြန်ထွက်တဲ့အခါမှာတော့ Jurong Bird Park အမှတ်တရ လက်ဆောင်ပစ္စည်း အရောင်းဆိုင်လေးကနေ ဖြတ်ရပါတယ်။ ငှက်ရုပ်ပုံ သော့ချိတ်လေးတွေကစလို့ သားမွှေးငှက်ရုပ်ကြီးတွေအထိ ငှက်အမျိုးအစား အစုံ အရုပ်လေးတွေကို ဝယ်ယူနိုင်ပါတယ်။ ဈေးကတော့ အပြင်ကထက် နဲနဲပိုပါတယ်။ ကျွန်တော်တို့လဲ အမှတ်တရ ပစ္စည်းအရောင်းဆိုင်ထဲမှာ လှည့်ပါတ်ကြည့်ရှုရင်း ဝေသူ့အတွက် အဖြူရောင် ငှက်ရုပ်လေး ၂ ရုပ် အမှတ်တရ လက်ဆောင် ဝယ်ပေးဖြစ်ပါတယ်။ စင်္ကာပူကိုစရောက်ကတဲက သူ့ရဲ့အားလပ်ရက်တွေကို ကျွန်တော့အတွက် အသုံးပြုပြီး အစစအရာရာ ကူညီပေးခဲ့လို့လဲ ကျေးဇူးတင်မိပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ အပြင်ရောက်တဲ့အခါမှာတော့ ၁၂နာရီ ကျော်နေပါပြီ။ ဒီတော့မှ အသဲအသန် Dakota Crescent ကိုပြန်ပြေးရပါတော့တယ်။ Boon Lay ကိုသွားမယ့် ဘတ်စ်ကားကလဲ မလာသေးတာနဲ့ Taxi ငှားပြီးသွားလိုက်ပါတယ်။ Boon Lay ရောက်မှပဲ Citi Hall ကို MRT နဲ့ပြန်ရတော့တယ်။ ဝေသူက Citi Hall အထိ လိုက်ပို့ပေးပါသေးတယ်။ Citi Hall ကို ရောက်တဲ့အခါမှာတော့ တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်ပြီး ပြန်လာခဲ့ပါတော့တယ်။ ပြန်မဆုံဖြစ်ကြတာ အခုချိန်အထိပါပဲ။ စင်္ကာပူရဲ့ အမှတ်တရ ရက်လေး တစ်ရက်ပေါ့။ သူငယ်ချင်းတွေကို သံယောဇဉ်ကြီးတတ်တဲ့ ကျွန်တော့်အဖို့ကတော့ အချိန်ဘယ်လောက်ကြာကြာ မှတ်မှတ်ရရ ရှိနေတတ်ပါတယ်။ Citi Hall ကနေတဆင့် Dakota Crescent ကိုဘတ်စ်ကားနဲ့ ပြန်လိုက်ပါတယ်။ အိမ်ရောက်တော့ ၁၂နာရီ ခွဲသွားပါပြီ။ အဝတ်အစားတွေသိမ်း၊ သူငယ်ချင်းထက်မြတ်သူရဲ့ အိမ်သားတွေကို နှုတ်ဆက်၊ ခရီးဆောင်အိတ်ကို ဆွဲပြီး Beach Road ကို Taxi နဲ့အသည်းအသန် ပြေးရပါတော့တယ်။ သူငယ်ချင်းထက်မြက်သူကတော့ နေကောင်းခါစဖြစ်ပြီး အိပ်ပျော်နေတာကြောင့် နှိုးပြီးနှုတ်မဆက်တော့ပါဘူး။ Beach Road ကိုရောက်တော့ အချိန်ကွက်တိပါပဲ ၁နာရီထိုးနေပါပြီ။ ကျွန်တော်လဲ ကားပေါ်ရောက်ပြီး ခဏလေးမှာပဲ ကားစထွက်ပါတော့တယ်။ နောက်တစ်ခေါက်တော့ သူငယ်ချင်းများနှင့်ဆုံတွေ့ဖို့ ထပ်လာခဲ့ဦးမယ်လို့ စိတ်ကူးရင်း စင်္ကာပူမြေကနေ ပြန်လည် ထွက်ခွာလာခဲ့ပါတော့တယ်။


Lin Mg Mg

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.