Friday, December 31, 2010
မန္တလေး သမိုင်းဝင် စက်ရှင်တံတားကို ဖြိုဖျက်
မန္တလေးမြို့၏ သမိုင်းဝင် ရှေးဟောင်း အမွေအနှစ် တခုဖြစ်သည့် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀ ခန့်က တည်ရှိခဲ့သော “စက်ရှင်တံတား” ခေါ် “စည်ရှည်တံတား” ကို ဒီဇင် ဘာ ၂၈ ရက်နေ့မှ စတင်ပြီး ဒေသဆိုင်ရာ အာဏာပိုင်တို့၏ အမိန့်အရ စတင်ဖြိုဖျက်နေပြီ ဖြစ်သည်။
မန္တလေးကျုံးအတွင်းမှ တံတားတစင်း။
အဆိုပါ စက်ရှင်တံတားသည် မန္တလေး နန်းတော်မြို့ရိုး၏ အနောက်ဘက် တည့်တည့်တွင် တည်ရှိပြီး စည်ရှည်တံခါးမကြီးနှင့် ကျုံးတဖက်ကို ဆက်သွယ်ပေးထားသည့် မန္တလေးနန်းမြို့၏ နောက်ဆုံးလက်ကျန် ယဉ်ကျေးမှု အမွေအနှစ်တခုဟု ဆိုနိုင်ကြောင်း မန္တလေးမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။
“တိုင်းမှူးအမိန့်နဲ့ ဖျက်ခိုင်းတာ။ ဒုတိယ ကမ္ဘာစစ်အတွင်းကတောင် မပျက်ခဲ့ဘူး၊ အခုမှပဲ ပျက်တော့တယ်။ သမိုင်းအမွေအနှစ်တွေလည်း ကုန်ပြီ၊ ပြစရာမရှိတော့ဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ ရှေးဟောင်းတံတားကို ယခု စစ်အစိုးရလက်ထက်တွင် ပြုပြင်ထိန်းသိမ်းမှု မလုပ်ကြောင်း၊ အင်္ဂလိပ်အစိုးရ လက်ထက်က တံတားကြီး အကောင်းပကတိရှိခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်းက တံတားကြမ်းခင်းများ ပျက်စီးခဲ့သော်လည်း တံတားထိပ်တွင် အုတ်ခုံကြီးများနှင့် လက်ရန်းကြီးများ၊ တိုင်ကြီးများ အကောင်းပကတိ ကျန်ရှိနေသေးကြောင်း အဆိုပါ မန္တလေးမြို့ခံက ဆိုသည်။
၁၈၅၉ ခုနှစ် ရတနာပုံခေတ် မင်းတုန်းမင်းကြီး မန္တလေးနန်းတော် မြို့တည်စဉ်ကတည်းက မြို့ရိုးများနှင့် အရပ်လေးမျက်နှာကို ဆက်သွယ်ထားသည့် တံတားပေါင်း ၆ စင်းရှိရာ အနောက်ဘက်တွင် စက်ရှင်တံတားဟု အများခေါ်တွင်နေသည့် စည်ရှည်တံတားနှင့် အာဠ၀ီတံတား ခေါ် ကြေးမုံတံတား ၂ စင်း ရှိသည်။
စည်ရှည်တံတားနှင့် တံခါးကို ဗေဒင်ကိန်းခန်းအရ ပါပဓာတ်တံခါး “စရေ” ဟူသော ဓာတ်သင့်နံသင့်အရ မြို့တော် အရှည်တည်တံ့စေသော နိမိတ်ဖြင့် ၁၈၅၉ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ပြအိုးနှင့် ပြသာဒ်တိုင်ကူ၍ တံခါးအမည် မော်ကွန်းတိုင် စိုက်ထူခဲ့ကြောင်း မန္တလေးအဘိဓာန်တွင် ဖော်ပြထားသည်။
အာဠ၀ီတံတားကိုလည်း သုတ်သင်ရမည့် ရာဇ၀တ်သားများနှင့် အသုဘများကို မြှုပ်နှံရန် မြို့အတွင်းမှ ထုတ်ယူသည့် တံတား၊ မင်္ဂလာမရှိသည့် တံတားဟု သတ်မှတ်ခဲ့သည်။
မင်္ဂလာအခမ်းအနားများနှင့် မင်းညီမင်းသား၊ ဘုရင်နှင့် မိဖုရားများထွက်သည့် တံခါးကိုမူ ကျော်မိုးတံခါးဟု သမုတ်ခေါ်ဝေါ်သည်။
၁၈၈၅ ခုနှစ် အထက်မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းယူပြီး ကိုလိုနီပြုခဲ့ချိန်မှ စတင်၍ နန်းတွင်းတခုလုံးကို သိမ်းပိုက်ကာ စစ်တန်းလျားများအဖြစ် အသုံးပြုခဲ့သည်။
လွတ်လပ်ရေးရပြီး ၁၉၅၀ ခုနှစ်ခန့်က ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ကျောက်စာဌာနမှ ရတနာပုံခေတ် မန္တလေးနေပြည်တော် အဟောင်းကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုတချို့ ပြုလုပ်နိုင်ခဲ့သည်။
သို့သော် စစ်အစိုးရ စတင် အုပ်ချုပ်ခဲ့သည့် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မန္တလေးနန်းတော်ကို ယခင် ဘုရင်များ လက်ထက် အတိုင်း ရှိစေရန်ဟုဆိုကာ နန်းတော်ရာ နေရာဟောင်းများတွင် အဆောက်အဦးအသစ်များ ဆောက်လုပ်စေခဲ့သည်။
မန္တလေးမြို့နေ သမိုင်းပညာရှင်တဦးဖြစ်သည့် စာရေးဆရာကြီး နတ်မောက်ထွန်းရှိန်က “ဘာကြောင့်လုပ်တယ်လို့တော့ မှတ်ချက်မပေးချင်ဘူး။ ဒါပေမယ့် ရှေးဟောင်းဆိုတော့ ကျနော်တို့ မြတ်နိုးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆရာကြီး နတ်မောက်ထွန်းရှိန်သည် ပြီးခဲ့သည့်လအတွင်းကပင် မော်နီတာဂျာနယ်နှင့် မန္တလေးနေ့စဉ် သတင်းစာတွင် အဆိုပါ တံတားကြီးကို ပြုပြင်ထိန်းသိမ်းရန်အတွက် တံတားကြီး၏ သမိုင်းမှတ်တမ်းကို ဓာတ်ပုံများနှင့် တကွ ဖော်ပြရေးသားခဲ့သေးသည်။
ဆရာကြီး နတ်မောက်ထွန်းရှိန်သည် ၂၀၀၁ ခုနှစ်က မန္တလေးမြို့နှင့် ပတ်သက်၍ ရေးသားထားသည့် “၀င်းတွေနှင့် တည်သည့် မင်းနေပြည်” ဆိုသည့် စာအုပ်ဖြင့် အမျိုးသားစာပေဆု ဖြစ်သည့် သုတပဒေသာ ၀ိဇ္ဖာဆုကို ရရှိခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် “မန္တလေး နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်” စာအုပ်ကို အင်္ဂလိပ် - မြန်မာနှစ်ဘာသာဖြင့် ထပ်မံရေးသားခဲ့သည်။
Source : Irrawaddy
မန္တလေးမြို့ရှိ Nature's Life မြင်းစီးအသင်းနှင့် အပန်းဖြေစခန်းသို့ လာရောက် အပန်းဖြေသူများ ရှိလာ
မန္တလေးမြို့တွင် ပထမဆုံး ဖွင့်လှစ်သော Nature's Life မြင်းစီးအသင်းနှင့် မိသားစု အပန်းဖြေစခန်းသို့ ပြည်တွင်းမှ မြင်းစီးသူ၊ အပန်းဖြေသူများ သာမကဘဲ ပြည်ပမှ ခရီးသည်များလည်း လာရောက်မှုများ ရှိလာပြီး မြင်းစီးအားကစား အပေါ်တွင် စိတ်ဝင်စားမှုများ ရှိလာကြောင်း Nature's Life မှ စုံစမ်းသိရှိရသည်။
အဆိုပါ မြင်းစီးအသင်းတွင် မြင်းများ အနားရစေရန် အတွက် တနင်္လာနှင့် သောကြာနေ့များတွင် မြင်းစီးခြင်း ပိတ်ထားလေ့ရှိပြီး စနေ၊ တနင်္ဂနွေနှင့် ဥပုသ်နေ့များတွင် မြင်းစီးသူ၊ အပန်းဖြေသူများဖြင့် စည်ကားလေ့ရှိကာ ပြည်တွင်းမှ အပန်းဖြေ သူများ သာမက မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ ထိုင်းနှင့် တူရကီတို့ကဲ့သို့ ပြည်ပမှ မြင်းစီး အပန်းဖြေသူများနှင့် ပုဂ္ဂလိက ပညာရေးကျောင်းများမှ ကျောင်းသူကျောင်းသားများလည်း လာရောက်လေ့ရှိရာ ပျမ်းမျှအားဖြင့် တစ်ရက်လျှင်လူ ၂၀ ခန့် လာရောက် လည်ပတ်လေ့ ရှိသည်ဟု သိရှိရသည်။
ရှမ်းရိုးမတောင်ခြေနှင့် ရန်ကင်းတောင်အကြား ပုသိမ်ကြီးမြို့နယ် အတွင်းရှိ အဆိုပါ Nature's Life ကို သဘာဝနှင့် ကိုက်ညီမှု ရှိစေရန်အတွက် အဆောက်အဦးများကို မြေသား၊၀ါး၊ သစ်၊ အမိုးအဖြစ် ကောက်ရိုး၊ ထန်း ရွက်တို့ဖြင့် မိုးကာ တည်ဆောက်ထားခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ရန် စံနမူနာအဖြစ် ကုန်စိမ်းသီးနှံစုံ စိုက်ခင်းများကို မြင်းချေး၊ ကြက်ချေးတို့ကဲ့သို့ သဘာဝမြေသြဇာဖြင့်သာ စိုက်ပျိုးထားပြီး သဘာဝအတိုင်း ချက်ပြုတ်စားသောက်နိုင်ခြင်း၊ မြေပဲဆုံဆီ၊ ခြံထွက်နွားနို့၊ ကြက်ဥများပါ လာရောက် အပန်းဖြေသူတို့ သုံးဆောင်လေ့ရှိကြောင်း သိရှိရသည်။
''မြင်းစီးအားကစား တိုးတက်လာစေဖို့နဲ့ မြို့ပြပေါ်မှာ လုပ်ငန်းခွင်နဲ့ လူမှုဘ၀ရဲ့ စိတ်ဖိစီးမှု လျော့ချနိုင်ဖို့ သဘာဝအတိုင်း နေထိုင်နိုင်အောင် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာပါ။ ကလေးတွေကို မိမိကိုယ်ကို ယုံကြည်မှုရှိလာအောင် ဒီမှာ တွေ့ဆုံမိတ်ဆက် ပွဲ လုပ်တာတွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေး ပညာပေး လုပ်ငန်းတွေလည်း ဆောင်ရွက်ပေးပါတယ်။ ဒီမှာ စိုက်ပျိုးရေး၊ မွေးမြူရေးသာမကဘဲ လူတွေ သဘာဝအတိုင်း နေထိုင် စားသောက်နိုင်အောင် အော်ဂဲနစ်ပစ္စည်းတွေ၊ ပလတ်စတစ်တွေ လုံးဝ မသုံးပါဘူး။ ဒါကိုလည်း လာရောက် လည်ပတ်သူတွေ နှစ်ခြိုက်ကြတယ်''ဟု Nature's Life တည်ထောင်သူ ကိုဆန်းထွန်းဦးက ရှင်းပြသည်။
Source : News-Eleven
Wednesday, December 29, 2010
ကချင်ပြည်နယ် ဧရာဝတီမြစ်ဖျားခံရာ အရပ်ဒေသများတွင် မြစ်အတွင်းမှ ရွှေတူးယူသော ရွှေဖောင် ၃၀၀ ခန့်အထိ ရှိကြောင်း သိရှိရ
ကချင်ပြည်နယ် ဧရာဝတီမြစ်ဖျားခံရာ အရပ်ဒေသများတွင် မြစ်အတွင်းမှ ရွှေတူးယူသော ရွှေဖောင် ၃၀၀ ခန့် အထိရှိကြောင်း သိရှိရသည်။ အဆိုပါ ရွှေဖောင်များ၏ စွန့်ပစ်ပစ္စည်းများသည် သဘာဝပတ်ဝန်းကျင်အတွက် သတိပြုစရာ ဖြစ်လာသည်ဟု သဘာဝပတ်ဝန်းကျင် လေ့လာသူများက ပြောသည်။
''ဧရာဝတီမြစ်ရဲ့ မြစ်ဖျားပိုင်းဖြစ်တဲ့ မေခမြစ်၊ မလိခမြစ်နဲ့ တခြား ချောင်းလက်တက်တွေမှာ ၁၉၉၆ ခုနှစ်က စပြီး မြစ်အတွင်းမှာ ရွှေတူးတဲ့ လုပ်ငန်းတွေ စတင် လုပ်ကိုင်ခဲ့ပါတယ်။ ဒီလို လုပ်ကိုင်တဲ့နေရာမှာ တစ်ဖက်နိုင်ငံက မြစ်ထဲမှာတင် ရွှေတူးရွှေကျင် လုပ်နိုင်တဲ့ ရွှေဖောင်တွေကို သွင်းယူလာခဲ့တယ်။ အဲဒီ ရွှေဖောင်တွေကို ဒေသခံတွေက ကုန်းကလုံးလို့ ခေါ်တယ်။ ဘာလို့လဲဆိုတော့ မြစ်ထဲမှာ တစ်နေကုန် ကုန်းကလုံး၊ ကုန်းကလုံးလို့ မြည်နေလို့ ထွက်တဲ့အသံကိုစွဲပြီး ခေါ်တာပါ။ အခုဆိုရင် မြစ်ညာပိုင်း တစ်လျှောက်မှာ အဲဒီလို ရွှေဖောင်တွေ ၃၀၀ ကျော်လောက်ကို ရှိနေပါပြီ''ဟု မြစ်ကြီးနားမြို့မှ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ရွှေဖောင်များသည် ဧရာဝတီမြစ်၏ ရေဝေရေလဲ ဒေသများ၊ မြစ်လက်တက်များနှင့် ချောင်းလက်တက်များသို့ သွားရောက်ကာ မြစ်ကြမ်းပြင်မှ ဗြုံးများကို စက်အားဖြင့် ရယူ၍ ယင်းအပေါ်မှာပင် ရွှေကျင်သည့် လုပ်ငန်းကို တစ်ပြိုင်တည်း လုပ်ဆောင်လေ့ ရှိသည်။ ထို့နောက် ၎င်းတို့၏ စွန့်ပစ်ပစ္စည်းများ ဖြစ်သော မြေစာခဲများကို မြစ်အတွင်းသို့ပင် ပြန်လည် စွန့်ပစ်သဖြင့် ယင်းတို့သည် သတိပြုစရာ ဖြစ်လာသည်ဟု သဘာဝပတ်ဝန်းကျင် ကျွမ်းကျင်သူများက ဆိုသည်။
''မြစ်ထဲမှာ ရွှေတူးတဲ့ လုပ်ငန်းကို ပွင့်လင်းရာသီတွေမှာသာ လုပ်ဆောင်နိုင်တာပါ။ ရွှေဖောင်နဲ့ ရွှေတူးတဲ့ လုပ်ငန်းတိုင်း မအောင်မြင်ပါဘူး။ တချို့ တစ်နှစ်လုံးနေမှ အရင်းတောင် ပြန်မရတဲ့သူတွေ ရှိတယ်။ အလုပ်သမားစရိတ်၊ စားစရိတ်နဲ့ ဒီဇယ်စရိတ်တွေ ပေါင်းလိုက်ရင် ၀င်ငွေထက် ထွက်ငွေက ပိုမြင့်နေတတ်တယ်။ တူးတဲ့အခါမှာ လေးဆယ်ရာခိုင်နှုန်းလောက် ပြန်ရမှာသာ အရင်းကြေပါတယ်''ဟု ရွှေတူးလုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ကချင်ပြည်နယ် အတွင်း၌ ရွှေတူးလုပ်ငန်းများ တွင်ကျယ်လာခြင်းသည် အလုပ်အကိုင် အခွင့်အလမ်းများ၊ စက်ပစ္စည်း ရောင်းဝယ်ရေး ဈေးကွက်နှင့် စားသောက်ကုန်စည် ဈေးကွက်တို့ကို ဖြစ်ပေါ်စေသော်လည်း အခြား တစ်ဖက်တွင် မြစ်ကြောင်းတိမ် ကောခြင်း၊ ပြောင်းလဲခြင်း၊ ကမ်းပါးပြိုခြင်း၊ စွန့်ပစ်ပစ္စည်းများကြောင့် ရေနေသတ္တ၀ါများကို သေကြေ ပျက်စီးစေနိုင်ကြောင်း သိရသည်။
''တကယ်တော့ ရွှေဖောင်တွေဟာ အမြတ်များများရလို့ တူးနေတာ မဟုတ်ဘူး။ ဒီတော့ ဘာနဲ့တူသလဲ ဆိုရင် သဘာဝပတ်ဝန်းကျင်ကို စက်အားလူအား အလုံးအရင်းနဲ့ ဖျက်ဆီးနေသလိုပါပဲ။ ဧရာဝတီမြစ်ဖျားခံရာ အရပ်ကို ထိရင် မြစ်အောက်ပိုင်း တစ်လျှောက်လည်း ထိမှာပါ။ ဒါ့ကြောင့် မြစ်အတွင်း ရွှေတူးလုပ်ငန်းတွေဟာ သဘာဝပတ်ဝန်းကျင်အတွက် သတိပြုစရာ ဖြစ်လာပါတယ်''ဟု ချီဖွေတွင် နေထိုင်သူတစ်ဦးက ပြောသည်။
ဧရာဝတီမြစ်သည် မလိခမြစ်နှင့် မေခမြစ်တို့ ပေါင်းစုံ၍ ဖြစ်ပေါ်လာပြီး မြစ်အရှည် ၁၂၃၀ မိုင် ရှိကာ ကပ္ပလီပင်လယ် အတွင်းသို့ စီးဝင်ကြောင်း သိရသည်။
Source : News-Eleven
Monday, December 27, 2010
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များတွင် မြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ ၄၂ သန်းဖိုးရှိ အထောက်အကူ ပစ္စည်းများ တရုတ်နိုင်ငံမှ ၀ယ်ယူ
မုံရွာမြို့အနီး ချင်းတွင်းမြစ် တစ်နေရာကို ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များတွင် မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ ၄၂ သန်းဖိုးရှိ အထောက်အကူပြု ပစ္စည်းများအား တရုတ်နိုင်ငံမှ ၀ယ်ယူခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ရေးသား ဖော်ပြထားချက်နှင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။ 
    တရုတ်နိုင်ငံမှ China National Aero-Technology Import and Export Corporation (CATIC) ကုမ္ပဏီနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းတို့က သောင်တူးသင်္ဘောခုနစ်စင်း၊ အထောက်အကူ ပြုယာဉ် ၁၂ စင်းနှင့်လိုအပ်သည့် ဆက်စပ်ပစ္စည်းများ ပါဝင်သည့် အမေရိကန်ဒေါ်လာ ၄၂ သန်းတန်ဖိုး ရှိသော ပစ္စည်းများအား ၀ယ်ယူရေး စာချုပ်ကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်းတွင် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
    "တရုတ်နိုင်ငံကနေ သောင်တူး သင်္ဘောတွေ၊ အထောက်အကူပြု ယာဉ်တွေနဲ့ လိုအပ်တဲ့ ဆက်စပ်ပစ္စည်းတွေပါတဲ့ အမေရိကန်ဒေါ်လာ ၄၂ သန်းဖိုး၊ တိတိကျကျ ပြောရရင် ၄၂ ဒသမ ၂ သန်းတန်ဖိုး ရှိတဲ့ပစ္စည်း တွေကိုဝယ်ယူဖို့ စာချုပ်ချုပ်ဆိုခဲ့ပြီး ဖြစ်ပါတယ်"ဟု ရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
   အဆိုပါရေယာဉ်များအား ၀ယ် ယူ၍ ရေအရင်းအမြစ်နှင့်မြစ်ချောင်း များဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူ လုပ်ကိုင်နေသည့် မြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများ တွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
    "၀ယ်ယူကတည်းက မြစ်ကြောင်းထိန်းသိမ်းရေးမှာ အသုံးပြုဖို့ဖြစ်တဲ့အတွက် မြစ်ကြောင်းကောင်းဖို့ပြုလုပ်တဲ့ project တိုင်းမှာ အသုံးပြုသွားမှာပါ။ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ် မြစ်ကြောင်းထိန်းသိမ်းရေး လုပ်ငန်းတွေမှာတော့ အများဆုံးထည့်သွင်း အသုံးပြုသွားဖို့တော့ ရှိပါတယ်" ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောပြခဲ့သည်။
   မြစ်ချောင်း ထိန်းသိမ်းရေးလုပ် ငန်းများ လုပ်ဆောင်လျက်ရှိသော ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် မြစ်ကြောင်းထိန်းသိမ်းရေး လုပ်ငန်းများကို သောင်တူးသင်္ဘောကိုးစင်း ဖြင့်လုပ်ကိုင်လျက်ရှိပြီး တရုတ်နိုင်ငံ မှ သောင်တူးသင်္ဘောများ ရောက်ရှိလာပါက သောင်းတူးယာဉ် ၁၆ စင်း ရှိလာမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source : News-Eleven
Friday, December 24, 2010
မြန်မာနိုင်ငံတွင် အာဆီယံအမွေအနှစ်ဆိုင်ရာဥယျာဉ် (ASEAN Heritage Parks) ခြောက်ခုရှိကြောင်းသိရ ယင်းဥယျာဉ်များကို ပျက်စီးမှုလျော့နည်းအောင် ထိန်းသိမ်းကာကွယ်နိုင်မှုမှာ အရေးပါ
လန်ပိကျွန်းကိုတွေ့ရစဉ်
မြန်မာနိုင်ငံတွင် အာဆီယံအ မွေအနှစ်ဆိုင်ရာဥယျာဉ် (ASEAN Heritage Parks) ခြောက်ခုရှိကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
အာဆီယံအမွေအနှစ်ဆိုင်ရာ ဥယျာဉ်ခြောက်ခုမှာ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်တို့ဖြစ်ပြီး ၎င်းဥယျာဉ်များကို ပျက်စီးမှု လျော့နည်းအောင် ထိန်းသိမ်းစောင့်ရှောက်သည့်လုပ်ငန်းမှာ များစွာအရေးပါကြောင်း သိရသည်။
''ဒီအာဆီယံ အမွေအနှစ်ဆိုင်ရာ ဥယျာဉ်တွေ ပျက်စီးမှုမရှိအောင် ထိန်းသိမ်းထားနိုင်မှသာ သစ်တောတွေနဲ့ ရှားပါးဆေးဖက်ဝင်အပင်တွေ အပြင် တောတောင်တွေကို အမှီပြုပြီးနေထိုင်တဲ့ တောရိုင်းတိရစ္ဆာန်တွေကိုပါ ထိန်းသိမ်းထားနိုင်မှာပါ။ ဒီလိုထိန်းသိမ်းစောင့်ရှောက်နိုင်မှသာ သစ်တောဂေဟစနစ်တွေ လေ့လာနိုင်မယ့်အပြင် သဘာဝရာသီဥတု ကာကွယ်ပေးနိုင်တဲ့ သဘာ၀ အတားအဆီးတွေလည်း ဖြစ်ပါတယ်'' ဟု သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အာဆီယံအမွေအနှစ်ဆိုင်ရာ  ဥယျာဉ်စာရင်း ဝင်ခါကာဘိုရာဇီအမျိုးသားဥယျာဉ်သည် အင်းတော်ကြီး၊ အလောင်းတော်ကဿပ၊ အင်းလေးကန်၊ မိန်းမလှကျွန်းနှင့် လန်ပိအဏ္ဏဝါဥယျာဉ်တို့ထက် များစွာကျယ်ဝန်းပြီး ဧရိယာစတုရန်းမိုင် ၁၄၇၂ ရှိသည်။ ယင်းအမျိုးသား ဥယျာဉ်အတွင်းတွင် ရှားပါးတိရစ္ဆာန်များဖြစ်သည့် သားမင်း၊ ပန်ဒါနီ၊ ကတိုးဂျီ၊ တောင်ဆိတ်နီ၊ ဖက်ဂျီတို့အပြင် ရှားပါးငှက်မျိုးစိတ်များ၊ သစ်ခွများနှင့် ဆေးဖက်ဝင်အပင်များပါ ပေါက်ရောက်လျက်ရှိသည်။
အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ဧရိယာစတုရန်းမိုင် ၃၁၄.၆၇ကျယ်ဝန်းကာ အမြဲစိမ်းတောနှင့် ရေတိမ်ဂေဟစနစ်တို့ကို ထိန်းသိမ်းထားပြီး ဆင်၊ သမင်၊ ဆတ်၊ စိုင်၊ တောဆိတ်နှင့် ဆောင်းခိုငှက်များ နေထိုင်ကျက်စားကြသည်။
အလောင်းတော်ကဿပအမျိုးသားဥယျာဉ်ကို ယခုနှစ်ဆန်းပိုင်းကတွေ့ရစဉ်
စစ်ကိုင်းတိုင်း ကနီမြို့နယ်နှင့် မင်းကင်းမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်သည် ဧရိယာစတုရန်းမိုင် ၆၁၆.၈၄၃ ကျယ်ဝန်းကာ ရွက်ပြတ်ရောနှောတော၊ အမြဲစိမ်းတော၊ တောင်ပေါ်တောနှင့် ထင်းရှူးတော ဂေဟစနစ်များကို ထိန်းသိမ်းထားပြီး ဆင်၊ ကျား၊ ကျားသစ်၊ တောင်ဆိတ်၊ တောဆိတ်စသည့် တောရိုင်းတိရစ္ဆာန်များအား ထိန်းသိမ်း ကာကွယ်ထားကြောင်း သိရသည်။
အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို တွေ့ရစဉ်
လောပိတလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ အဓိကရေအရင်းအမြစ် ထောက်ပံ့ပေးနေသည့် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ဧရိယာစတုရန်းမိုင် ၂၄၇.၈၄ ကျယ်ဝန်းပြီး ရေတိမ်ဂေဟစနစ်နှင့် ရေပျော်ငှက်များကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ဧရိယာစတုရန်းမိုင်ပေါင်း ၅၂.၇၈ ကျယ်ဝန်းပြီး ဒီရေတောဂေဟစနစ်၊ မိကျောင်းမျိုးစိတ်များ၊ ငါးပုစွန်ကဏန်းစသည့် ရေသတ္တဝါများနှင့် ကမ်းခြေပျော်ငှက်မျိုးများ နေထိုင်ကျက်စားလျှက်ရှိကြောင်း သိရသည်။
လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၇၉.၀၉ ကျယ်ဝန်းပြီး ဒီရေတောနှင့် အမြဲစိမ်းတောဂေဟစနစ်များကို ထိန်းသိမ်းထားကြောင်း လင်းပိုင်၊ ပင်လယ်လိပ်မျိုးများ၊ ပင်လယ်ငှက်များ၊ သန္တာကျောက်တန်းများနှင့် ယင်းသန္တာကျောက်တန်းများကြား ခိုလုံမျိုးပွားသော အဏ္ဏဝါမျိုး စိတ်များကို ထိန်းသိမ်းထားလျက်ရှိကြောင်း သိရပါသည်။
Source : News-Eleven 
Tuesday, December 21, 2010
အားလပ်ရက် ကာလ အတွင်း မြန်မာနိုင်ငံ ခရီးစဉ် ကို အထူး အစီအစဉ် အဖြစ် ပို့ဆောင် ပေးရန် Exotissimo Travel စီစဉ်
ခရစ္စမတ် နှင့် နှစ်သစ်ကူး ကာလများ အတွင်း မြန်မာနိုင်ငံ ခရီးစဉ် ကို အထူး အစီ အစဉ် အဖြစ် ပို့ဆောင် ပေးရန် ဗီယက်နမ် နိုင်ငံ၊ ဟိုချီမင်း မြို့အခြေစိုက် Exotissimo Travel က စီစဉ် လျက်ရှိသည်။
အဆိုပါ ခရီးစဉ်တွင် ရွှေနိုင်ငံ ၏ ကိုလိုနီခေတ် ဗိသုကာ လက်ရာများ၊ ဖွံ့ဖြိုး တိုးတက် လာသည့် အပန်းဖြေ ကမ်းခြေများ နှင့် များပြား လွန်းသည့် စေတီ ပုထိုး များကို ကမ္ဘာလှည့် ခရီးသည် များ ရှုစား နိုင်မည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ သည် သမိုင်း ကြောင်း နှင့် ယဉ်ကျေးမှု အစဉ်အလာ ကြီးမား သည့် နိုင်ငံ တစ်ခုဖြစ်ပြီး ဖော်ရွေကြိုဆို တတ်သည့် ဒေသခံ များကြောင့်လည်း နိုင်ငံ တကာ ခရီးသွားများ ကို ဆွဲဆောင် နိုင် ကြောင်း၊ အတိတ် ကာလတွင် ရော လက်ရှိ အချိန်၌ ပါ စိတ်ဝင်စားဖွယ် ကောင်းသည့် စီးပွားရေး မြို့တော် ရန်ကုန်၊ ကမ္ဘာကျော် ရွှေတိဂုံ စေတီတော် နှင့် ရန်ကုန်မြို့ရှိ လူသိ နည်း သော စိတ်ဝင်စားဖွယ် နေရာ များ၊ ဈေးကြီး များသို့ သွားရောက် လည်ပတ်ခွင့် ရမည် ဖြစ်ပြီး ကျော်ကြား သည့် မြန်မာ့ လက်ဖက်ရည် ကိုလည်း သောက်သုံး နိုင်ရန် စီစဉ်ထားကြောင်း၊ ထိုမှတစ်ဆင့် မြန်မာနိုင်ငံ မြောက်ပိုင်း ရှိ သမိုင်း ၀င် ပုဂံမြို့သို့ ပို့ဆောင် မည်ဖြစ်ကြောင်း၊ မင်းနန် သူကျေးရွာ နှင့် ဧရာဝတီမြစ် အတွင်း လှေစီး ရင်း နေ၀င်ချိန် ဆည်းဆာ အလှကို ရှုစား နိုင်မည်ဖြစ် ကြောင်း၊ ထို့နောက် မန္တလေး မြို့ရှိ ဘုရားပုထိုး များကို ဖူးမြော်ပြီး မန္တလေး တောင်၏ လှပသည့် ညနေခင်း အလှကို ခံစား နိုင်မည်ဖြစ်ကြောင်း၊ နောက်နေ့ တွင် အမရပူရ၊ အင်းဝနှင့် စစ်ကိုင်း မြို့များသို့ ပို့ဆောင် ကာ သမိုင်းဝင် အဆောက် အအုံ များကို မြင်းစီးရင်း လေ့လာ မည်ဖြစ်ကြောင်း၊ ကျွန်းသစ်ဖြင့် ဆောက်လုပ် ထားသည့် ကမ္ဘာ့ အရှည်လျားဆုံး ဦးပိန် တံတား တွင်လမ်းလျှောက် ပြီးနောက် ဟဲဟိုးမြို့သို့ သွားရောက်ကာ အင်းလေးကန်ရှိ Tresure Resort ၌ ခေတ္တ တည်းခို မည်ဖြစ်ကြောင်း၊ ထို့နောက် ခုန်ပျံ နိုင်သောကြောင်များ ကြောင့်ကျော် ကြားသည့် ငဖယ်ချောင်း ဘုန်းတော်ကြီး ကျောင်းသို့ သွားရောက် နိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ခရီးစဉ် တွင် ရိုးရာ လက်မှု ပစ္စည်း များ နှင့် ဆေးလိပ်ပြုလုပ် မှုများ ကိုလည်း လေ့လာ နိုင်မည် ဖြစ်ကြောင်း Exotissimo က ကြေညာ ထားသည်။
Credit : The Myanmar Post
Saturday, December 18, 2010
WAO (USA) မှ မြောက်ဦး ရှေးဟောင်း အမွေအနှစ်များ ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်ပြီး UNESCO သို့ စာရေးသားပေးပို့
နိုင်ငံတကာ ရခိုင်အသင်းကြီး (အမေရိကန်)မှ များမကြာမှီက မြောက်ဦးမြို့ကို ဖြတ်ပြီး ရထားလမ်း ဖေါက်လုပ်ရာတွင် ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များ ပျက်စီး ဆုံးရှုံးသွားရခြင်းနှင့် ပတ်သက်ပြီး ယူအန် လက်အောက်ခံ အဖွဲ့အစည်းကြီး တစ်ခုဖြစ်သော UNESCO ထံ သို့ ဒီဇင်္ဘာလ ၉ ရက်နေ့က စာရေးသား ပေးပို့ခဲ့သည်။
နိုင်ငံတကာ ရခိုင်အသင်းကြီး (အမေရိကန်)မှ အထွေအထွေ အတွင်းရေးမှူး ဖြစ်သူ ကိုကျော်ထူးအောင် စာရေးသားပေးပို့သော ရည်ရွယ်ချက်အား မေးကြည့်ရာ သူက ယခုကဲ့သို့ ပြောသည်။
“ ယူနစ်စကို UNESCO ဆိုတာကတော့ အများသိတဲ့အတိုင်းပါဘဲ၊ နိုင်ငံတကာ အသိုင်းဝိုင်းမှာ ကမ္ဘာ့ အမွေနှစ်တွေနဲ့ ပတ်သက်လာရင် တာဝန်အရှိဆုံး အဖွဲ့စည်း တခုပါ။ ကျနော်တို့ ဗမာပြည် အစိုးရ အနေနဲ့ သူတို့မှာ ၉/၉၈ ဆိုပြီးတော့ ယဉ်ကျေးမှု အမွေနှစ်များ ထိမ်းသိမ်းကာကွယ်ရေး ဥပဒေဆိုတာ ရှိပါတယ်။ ယင်း ဥပဒေမှာလည်း အပိုင်း ၂ ၊ အပိုင်း ၃၊ အပိုင်း ၂၁ စသဖြင့် ရှိပါတယ်။ အဲဒါတွေမှာ သူတို့က ယဉ်ကျေးမှု အမွေနှစ်တွေကို ဘယ်လို ကာကွယ်ရမယ်၊ ဘယ်လို ထိန်းသိမ်းရမယ် ဆိုတာတွေကို ရေးထားတာ ရှိပါတယ်။ ကျူးလွန်းတယ် ဆိုရင်လည်း ကျူးလွန်တဲ့သူကို အပြစ်ပေးရမယ် ဆိုတာ ရှိပါတယ်။ သို့ပေမဲ့လည်း အစိုးရ ကိုယ်တိုင်က အရေးယူတာတွေ မလုပ်နိုင်တော့ ကျနော်တို့က နိုင်ငံတကာ အသိုင်းဝိုင်းမှာ ယူနစ်စကို က တာဝန်ရှိတဲ့ အတွက် ကျနော်တို့ ယူနစ်စကို ကို စာရေးသားရခြင်း ဖြစ်ပါတယ်။
အဆိုပါ စာတွင် ရခိုင်ပြည်နှင့် မြောက်ဦးမြို့ ဖြစ်စဉ် သမိုင်းကို အကျဉ်းချုပ် ရေးသားထားပြီး နိုင်ငံတကာ ရခိုင်အသင်းကြီး (အမေရိကန်) ဥက္ကဌ ကိုစိန်ထွန်းမှ လက်မှတ်ရေးထိုးကာ UNESCO အထွေထွေ အတွင်းရေးမှူး Irina Bokova သို့ ပေးပို့ခဲ့သည်။
မြောက်ဦးမြို့ရှိ ရခိုင်ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များ ဖျက်ဆီးခံရမူ အပေါ် တိုင်ကြားသဖြင့် တစုံတရာ UNESCO အရေးယူမူများ ပြုလုပ်လာနိုင်ပါသလားဟု မေးကြည့်ရာ ကိုကျော်ထူးအောင်က ယခုကဲ့သို့ ပြောသည်။
“ ယူနစ်စကိုမှာ ကမ္ဘာ့အမွေနှစ်များ ဆိုတဲ့ စာရင်းရှိပါတယ်။ အဲဒီ စာရင်းထဲကို ၉၆ ခုနှစ်က မြောက်ဦးမြို့ကိုလည်း ကျနော်တို့ တင်သွင်းခဲ့ပါတယ်။ ယူနစ်စကိုရဲ့ World Heritage Convention အရ မြောက်ဦးမြို့ဟာ World Heritage Convention မှာပါတဲ့ အာတီကယ် 1 မှာပါတဲ့ ကမ္ဘာ့ အမွေနှစ်ဆိုတဲ့ definition နဲ့ မြောက်ဦးမြို့က အကျုံးဝင်ပါတယ်။ အဲဒါကြောင်း ယနစ်စကို အနေနဲ့ ကြည့်ရှုစောင့်ရှောက်သင့်တယ်လို့ ကျနော်တို့က ယုံကြည် သလို မျော်လည့်မျော်လင့်ပါတယ်။ သူတို့ဘာတွေလုပ်ပေးနိုင်မလဲဆိုတာကို ကျနော်တို့ စောင့်ကြည့်ရမှာပါ” ဟု ပြောသည်။
၎င်းပြင် ကိုကျော်ထူးအောင်က “ အားလုံးသိကြတဲ့ အတိုင်း ယူနစ်စကို ဆိုတာကလည်း ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့စည်း တခုပါ။ သူတို့သွားတဲ့ channel အပေါ်မှာ မှုတည်ပါတယ်။ သူတို့က ဘယ် channel ကို ဘယ်လို ပုံစံမျိုးနဲ့ သွားမယ်ဆိုတာကို ကြည့်ရပါမယ်။ အပြင်ကနေ ကျနော်တို့က သူတို့ကို ထပ်ပြီးစာပို့မယ်။ ထပ်ပြီးတော့ စောင့်ကြည့်ရပါမယ်။ သူတို့ အတိကျ ဘာတွေလုပ်မယ် ဆိုတာကိုတော့ သူတို့ လုပ်တဲ့ channel အပေါ်မှာ မှုတည် ပါမယ်” ဟု ပြောသည်။
နိုဝင်္ဘာလ ၇ ရက်နေ့က စတင်ပြီး စစ်တွေ- အမ်းရထားလမ်းပိုင်းတွင် တည်ရှိသော မြောက်ဦးမြို့ ရထားလမ်းကို ဖေါက်လုပ်ရာတွင် ရခိုင်ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ် အမြောက်အများ ပျက်စီးခဲ့ရသည်။ ၎င်းနောက်ပိုင်းတွင် ရခိုင်ပြည်သူများ ကန့်ကွက်မူများ ဆူဆူညံညံ ပေါ်ပေါက် လာခဲ့ပြီး ရထားလမ်းကြောင်းကို စစ်အာဏာပိုင်များ လမ်းလွဲဖေါက်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။
သို့သော်လည်း ပထမ လမ်းပိုင်းဖေါက်လုပ်ရာတွင် ကျုံးများ၊ နန်းရိုးများ၊ စေတီ ပုထိုးများ၊ ဇင်းခါ စင်္ကြန်များ၊ ခံတပ်များ ပျက်စီးခဲ့ရသည်။
နိုင်ငံတကာ ရခိုင်အသင်းကြီး (အမေရိကန်)သည် မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမူု အမွေအနှစ်များ ဖျက်ဆီးခံရမူနှင့် ပတ်သက်ပြီး ပထမဆုံး နိုင်ငံတကာ အဖွဲ့အစည်းကြီး ဖြစ်သော UNESCO ထံသို့ စာရေးသားပေးပို့ခဲ့သော အဖွဲ့အစည်း ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ နိုင်ငံတကာ ရခိုင်အသင်းကြီး (အမေရိကန်)မှ အမျိုးသားရေး တာဝန် တစ်ရပ်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့မူ အပေါ် ကြားသိရသော ပြည်တွင်းမှ ရခိုင်ပြည်သူများက အထူး ၀မ်းသာ ဂုဏ်ယူနေကြသည်ဟု စစ်တွေမှ လူကြီး တစ်ဦးက ပြောသည်။
ရခိုင်ဓည၀တီ မြို့တော်ဟောင်းကို ရထားလမ်း ဖြတ်ဖေါက်ပြီ
ဘီစီ ၆ ရာစုကတည်းက တည်ရှိခဲ့သော တန်ဖိုးမဖြတ်နိုင်သည့် ရခိုင် ရှေးဟောင်း မြို့တော် တစ်ခုဖြစ်သည့် ဓည၀တီ မြို့တော်ဟောင်းကို ဖြတ်ပြီး ရထားလမ်း စတင် ဖေါက်လုပ်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
အမည်မဖေါ်လိုသူ ရှေးဟောင်း သမိုင်းသုတေသီ တဦးက “ ကျွန်တော် သွားကြည့်တော့ ဓည၀တီ မြို့ဟောင်း အရှေ့ဘက်ကနေ စဖေါက် နေပါတယ်။ နောက်တစ်ရက်ဆိုရင် မြို့ရိုးပေါ်ကို ရောက်ပါလိမ့်မယ်။ အခု မြို့ရိုးပေါ်မှာ လမ်းဖေါက်မယ့် အမှတ်အသားတွေဖြစ်တဲ့ အလံနီ တိုင်လေးတွေကို အူကြောင်း တလျှောက်မှာ စိုက်ထားတာကို တွေ့ရပါတယ်” ဟု ပြောသည်။
တခြား လူစည်ကားရာနေရာများက ရထားလမ်းကို ဖေါက်လုပ်လျှင် ရနိုင်သော်လည်း မဖေါက်လုပ်ဘဲ ဓည၀တီ မြို့တော်ဟောင်းပေါ်မှ ဖြတ်သန်းဖေါက်လုပ်ခြင်းမှာ ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးခြင်း ဖြစ်ကြောင်းသူက ပြောသည်။
“ ကျွန်တော်တို့အနေနဲ့ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနကို ဓည၀တီမြို့ ဟောင်းပေါ်က ဖြတ်မဖေါက်ဖို့နဲ့ တခြားနေရာက လွဲပြောင်း ဖေါက်လုပ်ဖို့ စာရေးသား တင်ပြထားတာတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့က လုံးဝ ဂရုမစိုက်ဘူး။ တခြား ဖေါက်လို့ရတဲ့ လမ်းကြောင်းတွေ အများကြီးရှိတယ်။ ဒါပေမယ့် သူတို့က မဖေါက်ဘူး။ ခုလို လုပ်တာဟာ ရခိုင်ယဉ်ကျေးမူု အမွေအနှစ် တွေကို ဖျက်ဆီးဖို့ သူတို့ အစီအစဉ်ရှိရှိ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ခုလို လုပ်တဲ့ အတွက် ရခိုင်တွေ အတွက်သာမက မြန်မာနိုင်ငံ တခုလုံး အတွက် ကြီးမားတဲ့ ဆုံးရှုံးမူကြီး ဖြစ်ပါတယ်။”
ဓည၀တီ မြို့တော်ဟောင်းမှာ ရခိုင်ဘုရင် စန္ဒသူရိယ မင်းထီးနန်းစိုက်ခဲ့ရာ မြို့ဖြစ်ပြီး အဆိုပါ ဘုရင်သည် ဘုရားရှင်အား ပင့်ဖိတ်ပြီး ယခုမန္တလေးရှိ မဟာမုနိ အပါအ၀င် တခြား မဟာကျိန်၊ မဟာကျန် ဘုရား ဆင်းတုတော် အများအပြားကို သွန်းလုပ်ခဲ့ကြောင်း သမိုင်းအရ သိရသည်။
ယခုအချိန်ထိ ဓည၀တီ မြို့တော်ဟောင်းတွင် နန်းမြို့ရိုးများ၊ အုတ်တံတိုင်းများ အထင်အရှား တည်ရှိနေကြောင်း သိရသည်။
ယခုရထားလမ်းကြောင်း အဆိုပါ ရှေးဟောင်းယဉ်ကျေးမူ အမွေအနှစ်များ ပျက်စီးဆုံးရှုံးသွားမည်ကို ရခိုင်အမျိုးသားများက အထူး စိုးရိမ် လျှက်ရှိကြောင်း သိရသည်။
ယခု ဖေါက်လုပ်နေသော ရထားလမ်းသည် ဓည၀တီ မြို့တော်ဟောင်း ကိုသာမက ဝေသာလီ မြို့တော်ဟောင်းကိုပါ ဖြတ်ဖေါက်မည် ဖြစ်သဖြင့် နအဖ စစ်အစိုးရ အနေဖြင့် ရခိုင်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေး လွယ်ကူရေး ရည်မှန်းချက်ထက် ရှေးဟောင်း အမွေအနှစ်များကို ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်က ပိုရှိနေကြောင်း အများက ခန့်မှန်းပြောဆိုနေကြောင်း သိရသည်။
၎င်းပြင် လက်ရှိဖေါက်လုပ်ထားသော စစ်တွေ-ရန်ကုန် ကားလမ်းမှာ သွားလာ၍ မရအောင် ပျက်စီးနေသော်လည်း ကားလမ်းကို တိုးတက်ကောင်းမွန်အောင် မပြုပြင်ဘဲ နောက်ထပ် ရထားလမ်း တစ်ခုကို ဖေါက်လုပ်လာခြင်းမှာ နောက်ကွယ်က အကြောင်းအရာ များစွာရှိနေကြောင်း စစ်တွေမှ ရဟန်းပျိုတစ်ပါးမှ သုံးသပ် ပြောကြားသည်။ (ယင်း ရထားလမ်းဖောက်လုပ်မှုကို ရှေးဟောင်းသုတေသန ဌာနမှ ကန့်ကွက်ထားသည်။)
Credit : Narinjara
ဂီရိပြီးနောက် ငပလီကမ်းခြေ နိုင်ငံခြား ဧည့်သည်များ လာရောက် လည်ပတ်မူ များပြား
ဂီရိမုန်တိုင်းကြောင့် နိုင်ငံခြား ဧည့်သည်များ လာရောက် လည်ပတ်မူ လျော့ကျခဲ့ရသော ရခိုင်ပြည်နယ်မှ နာမည်ကျော် ငပလီ ကမ်းခြေတွင် ယခုအခါ လာရောက် လည်ပတ်သူ အထူး တိုးတက် များပြား လာကြောင်း သတင်း ရရှိသည်။
“ ဂီရိမုန်တိုင်းကြောင့် နိုင်ငံခြားသားတွေ မလာသလောက်ရှိသွားရာကနေ အခုတော့ လာရောက်လည်ပတ်သူ နိုင်ငံခြားသားတွေက သိသိသာသာ တိုးတက် များပြား လာတာကို တွေ့ရပါတယ်” ဟု ဧည့်လမ်းညွန် လုပ်နေသူ သံတွဲ ကိုကျော်စိုးက ပြောသည်။
ငပလီတွင် နှစ်စဉ်နှစ်တိုင်း အောက်တိုဘာမှ စတင်ပြီး နိုင်ငံခြားသားများ လာရောက် လည်ပတ်မူ ရှိသော်လည်း ယခုနှစ်တွက် ဂီရိ မုန်တိုင်းကြောင့် ဒီဇင်္ဘာလမှ စပြီး လာရောက်လည်ပတ်ခဲ့ကြသည်ဟု သိရသည်။
ဟိုတယ်တစ်ခုမှ တာဝန်ရှိသူ တစ်ဦးကလည်း ''အောက်တိုဘာလက ခရီးသွားရာသီ အစဖြစ်ပေမယ့် မုန်တိုင်း တိုက်ခတ်ပြီး တစ်လလုံးနီးပါး နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်မှု မရှိသလောက်ပါပဲ။ လာဖို့ ဘွတ်ကင် လုပ်ထားကြတဲ့ ဧည့်သည်တွေလဲ ရက်ရွှေ့ဆိုင်းတာတို့၊ ခရီးစဉ် ဖျက်သိမ်းတာတို့ ရှိတယ်။ နောက်ပြီး မုန်တိုင်းကြောင့် လေကြောင်းလိုင်းတွေ အသွားအလာတွေ ရပ်တန့်ခဲရတာတွေ ရှိသလို ကားလမ်းတွေလည်း ကျိုးပျက်သွားတဲ့ အတွက် အသွားအလာ လုံးဝ ရပ်တန့် သွားခဲ့တာတွေ ရှိခဲ့ပါတယ်။ အခုလမှစပြီး နိုင်ငံခြား ဧည့်သည့်ဝင်ရောက်မှု နှုန်းက တိုးလာပါတယ်။ ခရီးသွား ရာသီအလယ် ဖြစ်တဲ့ ဒီဇင်ဘာ၊ ဇန်နဝါရီလတွေမှာတော့ ပိုတိုးလာနိုင်ပါတယ်'' ဟု ပြောသည်။
နှစ်စဉ်အောက်တိုဘာလမှ ဧပြီလအထိ ငပလီကမ်းခြေသို့ ကမ္ဘာလှည့်ခရီးသည်များ အမျာအပြား လာရောက်လေ့ရှိကြပြီး ဧည့်သည်များ၏ ၆ဝ ရာခိုင်နှုန်းမှာ နိုင်ငံခြား ဧည့်သည်များဖြစ်ပြီး ၄၀ ရာခိုင်နုန်းမှာ ပြည်တွင်း ဧည့်သည်များ ဖြစ်ကြသည်။ နိုင်ငံခြား ဧည့်သည်များမှာ ကုန်းလမ်း ခရီးထက် လေကြောင်းခရီးဖြင့် လာရောက် လည်ပတ်ကြကြောင်း သိရသည်။
Credit : Narinjara
Friday, December 17, 2010
ခရီးသွားလာရောက်မှု မြှင့်တင်ရန်အတွက် အိန္ဒိယနိုင်ငံက မြန်မာအပါအ၀င် နိုင်ငံငါးနိုင်ငံအား ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်း၌ ဆိုက်ရောက်ဗီဇာ ခွင့်ပြုသွားမည်
မြန်မာခရီးသွားများ သွားရောက်လေ့ရှိသည့် အိန္ဒိယနိုင်ငံမှ တာ့ခ်ျမဟာ
ခရီးသွားလာရောက်မှု မြှင့်တင်ရန်အတွက် အိန္ဒိယနိုင်ငံက မြန်မာအပါအ၀င် နိုင်ငံငါးနိုင်ငံအား ဆိုက်ရောက်ဗီဇာ ခွင့်ပြုသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
အိန္ဒိယနိုင်ငံ၌ တည်ရှိသည့် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂယာဒေသအပြင် တာ့ခ်ျမဟာအပါအ၀င် အခြားသောလေ့လာဖွယ် ထင်ရှားသည့်နေရာများသည် နှစ်စဉ် ခရီးသွား တိုးတက်လျက်ရှိပြီး အာရှနိုင်ငံများမှ ပိုမိုလာရောက်ကြကြောင်းနှင့် အခြားသောနိုင်ငံများမှလည်း လာရောက်မှု ရှိနေကြောင်း သိရှိရသည်။
ယခုအခါတွင် ယင်းသို့ ခရီး သွားများ လာရောက်မှုကို ပိုမိုတိုးတက် လာစေရန်အတွက် အိန္ဒိယနိုင်ငံ အစိုးရသည် ဆိုက်ရောက် ဗီဇာကို နိုင်ငံငါးနိုင်ငံအား တိုးမြှင့်ခွင့်ပြုရန် စီစဉ်ထားရာတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့ ပါဝင်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ငါးနိုင်ငံမှ နိုင်ငံသားများအား ဆိုက်ရောက်ဗီဇာများကို လေဆိပ်တွင် ထုတ်ပေးမှုအား ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းတွင် စတင်နိုင်ဖွယ်ရှိနေပြီး တရားဝင်ကြေညာချက်ကို မကြာမီ ပြုလုပ်မည်ဖြစ်သည်ဟု ထုတ်ပြန်မှုတစ်ရပ်အရ သိရသည်။
ဆိုက်ရောက် ဗီဇာများအား အိန္ဒိယနိုင်ငံရှိဒေလီ၊ မွမ်ဘိုင်း၊ ချင်း နိုင်၊ ကိုးလ်ကတ္တား လေဆိပ်များတွင် ထုတ်ပေးသွားမည်ဖြစ်သည် ဟု သိရသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံသည် ဖင်လန်၊ ဂျပန်၊ လူဇင်ဘတ် စသည့် နိုင်ငံသားများအား ဆိုက်ရောက် ဗီဇာများကို ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
ယခုနှစ်ဇန်န၀ါရီလမှ နိုဝင်ဘာလအတွင်း ယင်းဝန်ဆောင်မှုဖြင့် အိန္ဒိယနိုင်ငံသို့ရောက်ရှိခဲ့သော ခရီးသွားဦးရေမှာ ၅၆၄၄ ဦးဖြစ်သည်။
မြန်မာနိုင်ငံမှ ခရီးသွားများသည် ပြည်ပခရီးစဉ်များ ထွက်ခွာ သွားရောက်ကြရာတွင် ထိုင်း၊ စင်ကာပူ စသည့်နိုင်ငံများသို့ သွားရောက်မှု ပိုမိုပြီး အိန္ဒိယနိုင်ငံသည်လည်း ဘုရားဖူးခရီးသွားများ အနေဖြင့်နှစ်စဉ် ရွေးချယ်သွားရောက်ရာ ခရီးစဉ်ဒေသတစ်ခု ဖြစ်လာခဲ့သည်။
အိန္ဒိယနိုင်ငံသို့ ဘုရားဖူးခရီးစဉ်များ သွားရောက်ရာတွင် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများ၏ စီစဉ်မှုဖြင့် သွားရောက်ကြပြီး အိန္ဒိယနိုင်ငံ၏ ခရီးသွားစာရင်းတွင် မြန်မာနိုင်ငံသည်လည်း ခရီးသွားများပြားသော နိုင်ငံတစ်နိုင်ငံအဖြစ် စာရင်းဝင်လာခဲ့ကြောင်း ခရီးသွား လုပ်ငန်းလုပ်ကိုင်သူ မြန်မာလူမျိုးတစ်ဦးက ပြောကြားခဲ့ပါသည်။
Credit : News-Eleven
Thursday, December 16, 2010
အမေရိကန် နှင့် ဥရောပ ကမ္ဘာ့ လှည့် ခရီးသည် တင် သင်္ဘော ၁၀ စင်း ရောက်မည်
မြန်မာနိုင်ငံသို့ အပျော်စီး သင်္ဘောဖြင့် နိုင်ငံခြား ခရီးသွားများ လာရောက် လည်ပတ်စဉ်
အမေရိကန်နှင့် ဥရောပ သားများ အများ ဆုံး တင်ဆောင် လာမည့် ကမ္ဘာလှည့် ခရီးသည် တင် သင်္ဘော ၁၀ စင်း လာရောက် မည်ဖြစ် ကြောင်း တိုင်းရင်းသားပိုင် ခရီးသွား လုပ်ငန်း ကုမ္ပဏီ  Myanmar Voyages မှ တာဝန်ရှိ သူတစ်ဦးက ဒီဇင်ဘာ ၈ ရက်တွင်ပြောသည်။
၂၀၁၁ ခုနှစ် တွင် ပထမဦးဆုံး ရောက်ရှိ လာမည့် ကမ္ဘာလှည့် ခရီးသည် တင် သင်္ဘော M.V Nautica အပျော်စီး သင်္ဘော သည် ဇန်န၀ါရီ ၈ ရက်မှ ၁၀ ရက် အထိ လာရောက် မည် ဖြစ်ကြောင်း သိရ သည်။ “Myanmar Voyages အနေနဲ့ ၂၀၁၁ ခုနှစ် ထဲမှာ ငါးစင်း၊ ခြောက်စင်း လာရောက် မှာပါ။ တခြား ကုမ္ပဏီ တွေနဲ့ လာမှာက လေးစင်း လောက်ရှိပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
အဆိုပါ သင်္ဘော သည် ခရီးသည် ၆၀၀ ကျော် နှင့် သင်္ဘော ၀န်ထမ်း ၃၀၀ ကျော် ပါဝင်ပြီး ရန်ကုန် သီလ၀ါ ဆိပ်ကမ်း သို့ ဆိုက် ကပ် ၀င်ရောက် မည်ဖြစ်ရာ ရန်ကုန်မြို့တွင်း ခရီးစဉ်များ အပြင် ပုဂံနှင့် မန္တလေး ခရီးစဉ်များ သို့ သွားရောက် လည်ပတ် မည်ဖြစ်သည်။ အဆို ပါ ခရီးစဉ် များ အတွက် ကြိုတင်၍ ဆောင်ရွက် ခဲ့ ခြင်း ဖြစ်ပြီး ယခု ကဲ့သို့ လာရောက် လည်ပတ် ရာ တွင်လည်း အကျိုး အမြတ် ရရှိ ဖို့ထက် မြန်မာ နိုင်ငံ၏ အေးချမ်း သာယာရေး လှပမှု အခြေ အနေ နှင့် စိတ်နေ သဘောထား များ အား ပြန်လည် ဖောက်သည် ချနိုင်ရေး အတွက် ဖြစ်သည်။
“သင်္ဘော တွေက မတ်၊ ဧပြီ၊ မေဆို ရင် အ၀င် များ ပါတယ်။ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်န၀ါရီ၊ ဖေဖော်ဝါ ရီမှာဆိုရင် လာတတ် ပေမယ့် နည်းပါ တယ်။ အများဆုံး က မတ်၊ ဧပြီဆို လာတတ် တယ်” ဟု ဆက်လက် ပြောကြားသည်။
အဆိုပါ သင်္ဘောမှာ မြန်မာနိုင်ငံသို့ ၂၀၀၈ ခုနှစ်က လာရောက်ရန် စီစဉ် ထားခဲ့ သော်လည်း နာဂစ် မုန်တိုင်း ဖြစ်ပွား ခဲ့သဖြစ် ခရီးစဉ် ပျက်သွား ခဲ့ရာမှာ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီတွင် လာရောက် မည်ဖြစ်ကြောင်း သိရသည်။
Myanmar Voyages အနေဖြင့် ၂၀၁၀ ပြည့်တွင် ကမ္ဘာ့လှည့် ခရီးသည် တင် အပျော်စီး သင်္ဘော နှစ်စင်းသာ လာရောက်ရန် စီစဉ် နိုင်ခဲ့ ကြောင်း ဆက်လက်၍ အမေရိကန်၊ ဂျာမနီ၊ အီတလီ၊ ဥရောပ ကမ္ဘာ့လှည့် သင်္ဘောများ လာရောက် နိုင်ရန် ခရီးစဉ်များ ရေးဆွဲ ဆောင်ရွက် ထားကြောင်း သိရသည်။
Credit : The Myanmar Post
Photo by News-Eleven
'ဧရာဝတီလင်းပိုင် မျိုးသုဉ်းသွားပါက ဧရာဝတီလင်းပိုင် အမည်လည်း ပျောက်ကွယ်သွားနိုင်'
ကမ္ဘာပေါ်ရှိ လင်းပိုင်မျိုးစိတ်များထဲတွင် ရေလုပ်သားများနှင့် ပူးပေါင်းကာ ငါးရှာဖွေဖမ်းဆီးပေးတတ်သော လင်းပိုင်များကို မင်းကွန်းနှင့် ကျောက်မြောင်းကြားရှိ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ အတွင်းတွင်သာ တွေ့မြင်ရခြင်းဖြင့် ဧရာဝတီလင်းပိုင် ဟု ကမ္ဘာကျော်စေခဲ့သည်။ ဧရာဝတီလင်းပိုင်များ မျိုးသုဉ်းပျောက်ကွယ်မသွားစေရန် ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဦးဟန်ဝင်း (ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး(မန္တလေး)၊ ငါးလုပ်ငန်းဦးစီးဌာန)အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး - ဧရာဝတီ လင်းပိုင်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ စတင် ဆောင်ရွက်ဖြစ်ပုံကို သိပါရစေ။
ဖြေ - ၂၀၀၂ ခုနှစ် ဒီဇင်ဘာလမှာ ငါးလုပ်ငန်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ သတ္တဗေဒဌာန (ရန်ကုန် တက္ကသိုလ်)တို့နဲ့ သားငှက်ထိန်း သိမ်းရေးအဖွဲ့(WCS) တို့ ပထမဆုံး အကြိမ်ပူးပေါင်းပြီး မေခ၊ မလိခ မြစ်ဆုံကနေ  မြစ်ဝကျွန်းပေါ်ဒေသ၊ ဘိုကလေးမြို့နယ်ထဲက ကယက်ကြီးကျွန်းအထိ ဧရာဝတီမြစ်တစ်လျှောက် စုန်ဆင်းပြီး ဧရာဝတီလင်း ပိုင်ဦးရေ စာရင်းကောက်ယူခြင်းနဲ့ သုတေသနပြု လေ့လာရေး ခရီးစဉ် စတင်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် လေ့ လာရေးမှာ မန္တလေးနဲ့ ဗန်းမော်ကြား ဧရာဝတီမြစ် အစိတ်အပိုင်းအတွင်း မှာ ဧရာဝတီလင်းပိုင်ဦးရေ ၃၇ ကောင် တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ကျက်စားနေထိုင်တဲ့ ဒေသတစ်ခုအတွင်းမှာ အရွယ်ရောက်ကောင်ရေ ၅၀ အောက်ဖြစ်နေရင် မျိုးသုဉ်းလုနီးပါး အခြေအနေရှိတဲ့ မျိုးစိတ်အဆင့်အဖြစ် သတ်မှတ်နိုင်တဲ့အတွက် အမှန်တကယ် တည်ရှိနေထိုင်တဲ့ ဦးရေကို အနီးကပ်ဆုံးခန့်မှန်းနိုင်ဖို့ မင်းကွန်းနားက နန်းတော်ကျွန်းက နေ ကျောက်မြောင်း ရေတော်ဘုရားအထိ ဧရာဝတီမြစ်အစိတ်အပိုင်းကို ဧရာဝတီလင်းပိုင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးနယ်မြေအဖြစ် ငါးလုပ်ငန်းဦးစီးဌာနက ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ သတ်မှတ်ထူထောင်ခဲ့ပါတယ်။ အဲဒီအချိန် ကစပြီး ငါးလုပ်ငန်းဦးစီးဌာနနဲ့ သားငှက်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့(WCS) တို့ အကျိုးတူပူးပေါင်းပြီး လစဉ်ဧရာဝတီလင်းပိုင် တွေကို သုတေသနပြုလေ့လာခြင်း နဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာလုပ်ငန်းတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ပါတယ်။ ထူးခြားတဲ့ ဆောင်ရွက်ချက်အနေနဲ့ ဒီနှစ်နိုဝင် ဘာလ ၁၈ ရက်နေ့မှာ ထိန်းသိမ်း မှုလုပ်ငန်းတွေမှာ ပူးပေါင်းဆောင် ရွက်နိုင်ဖို့ ဆည်သည်ရွာ၊ မြစ်ကမ်းကြီးရွာ၊ မြေစွန်းရွာတွေက ဧရာဝတီ လင်းပိုင် ရေလုပ်သားအဖွဲ့တွေကို လှေသုံးစက်ငယ်အစုံ(ခြောက်ကောင်ခွဲ) တစ်လုံးစီ ထောက်ပံ့ပေးခဲ့တယ်။ လုပ်ငန်းအရှိန်မြှင့်တဲ့သဘောပေါ့။
မေး - ဧရာဝတီလင်းပိုင် ဦးရေစာရင်း ကောက်ယူမှုနဲ့ ကောင်ရေ တိုးပွားမှု၊ သေဆုံးမှုတွေကို သိပါရစေ။
ဖြေ - စစ်ကိုင်းနဲ့ဗန်းမော်ကြားမှာ ရှိတဲ့ ဧရာဝတီလင်းပိုင်ဦးရေစာရင်း ကောက်ယူခြင်းကို ၂၀၀၃-၂၀၀၄ ခု နှစ်က ဆောင်ရွက်ခဲ့ရာမှာ ၂၀၀၄ ခု နှစ်ကတွေ့ရှိခဲ့တဲ့ ၇၂ ကောင်ဟာ အများဆုံးမှတ်တမ်း ဖြစ်ပါတယ်။ ကျန်တဲ့နှစ်တွေမှာလည်းမြစ်ကြောင်း  တစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေမှာ ဧရာဝတီလင်းပိုင်နဲ့ ငါးသယံဇာတ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ ပညာပေးလုပ်ငန်းတွေကိုပါ တွဲဖက်ဆောင်ရွက်နေရတာကြောင့် လင်းပိုင်းတွေ့ရှိမှု အကြိမ်နည်းပါးခဲ့ပြီး နှိုင်းယှဉ်သုံးသပ်ဖို့ အခြေအနေမရခဲ့ပါဘူး။ ၂၀၁၀ ပြည့်နှစ် ဆောင်းရာသီမှာ ကောင်ရေ ၈၀ ကျော် တွေ့ခဲ့ပေမယ့်လည်း အုပ်စုထပ်ရေတွက်မှုတွေ ရှိနိုင်တာကြောင့် အမှန်တကယ် ဦးရေ ၇၀ ကျော်လို့ပဲ ခန့်မှန်းသုံးသပ် နိုင်ပါတယ်။ ဒါကိုလည်း အတည်ပြုနိုင်ဖို့ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ကောင်ရေတိုးပွား မှုနဲ့ ပတ်သက်ပြီးပြောရရင် လင်းပိုင်အုပ်စုတွေထဲမှာ သားပေါက်ငယ်တွေ ပါဝင်နေတာကို တွေ့ခဲ့ရပေမယ့် သေဆုံးမှုတွေလည်းရှိခဲ့လို့ ကောင်ရေ သိသိသာသာ တိုးမြင့်လာတယ်လို့ပြောလို့ မရနိုင်သေးပါဘူး။ သတင်းစု ဆောင်းခြင်းနဲ့ မျက်မြင်မှတ်တမ်းရယူနိုင်မှုတွေအရ စစ်ကိုင်းနဲ့ဗန်းမော် ကြား လင်းပိုင်သေဆုံးမှု အရေအတွက် ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၀ ပြည့် နှစ်အထိ ဆယ်နှစ်တာကာလအတွင်း ကောင်ရေ ၂၀ လောက်ရှိခဲ့ပါတယ်။ သေဆုံးခဲ့ရတဲ့ လင်းပိုင်တွေထဲက တချို့ဟာ သက်တမ်းကုန်လို့ သေဆုံးရတယ်လို့ ယူဆနိုင်ပြီး အများစုက လူ့ပယောဂကြောင့် သေဆုံးရတာပါ။ ငါးဖမ်းပိုက်တွေနဲ့ ငြိတွယ်သေဆုံးရသလို တချို့ကောင်တွေမှာ ဒဏ်ရာရရှိတာတွေ့တာကြောင့် ရှော့ခ်တိုက် ငါးဖမ်းသမားတွေကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ပေးပါတယ်။
မေး - ဧရာဝတီမြစ်ကြောင်းအတွင်း လင်းပိုင်တွေ ရှင်သန်နေထိုင်ကျက်စားမှု ပုံသဏာန်နဲ့ တခြားဆက်စပ်လျက်ရှိတဲ့ အခြေအနေတွေကိုလည်း ရှင်းပြပေးပါဦး။
ဖြေ - လင်းပိုင်တွေ နေထိုင်ကျက်စားမှုအတွက် အဓိကအချက်ဖြစ်တဲ့ သူတို့ရဲ့ အစားအစာ၊ ငါးသယံ ဇာတလျော့ကျလာခြင်း၊ ငါးဖမ်းလုပ် ငန်းလုပ်ကိုင်ဆောင်ရွက်သူတွေ စောင့်ထိန်းရမယ့် စည်းကမ်းအစဉ် အလာတွေ အားနည်းလာခြင်း၊ မြစ် ကြောင်းအတွင်း ရွှေတူးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုပစ္စည်းများ စိမ့်ပျော်ဝင်နေခြင်းတို့ဟာ သူတို့တွေ ရှင်သန်နေထိုင်ဖို့အတွက် ဆက်နွှယ်မှုတွေ ရှိနေပါတယ်။ ရှော့ခ်တိုက်ငါး ဖမ်းသမားတွေရဲ့ရှော့ခ်စက်ကွင်း အထိအခိုက်တွေကြောင့် လင်းပိုင်အယဉ်တွေဟာ တဖြည်းဖြည်းအရိုင်းဆန်လာပြီး ပူးပေါင်းဆောင်ရွက်မှု မှာ တုံ့ပြန်မှုတွေ အားနည်းလာနိုင်ခြင်းနဲ့ မျိုးဆက်သစ်ရေလုပ်သားတွေ လင်းပိုင်နဲ့ပူးပေါင်းပြီး ငါးဖမ်းတဲ့ အစဉ်အလာကို လက်ခံနိုင်မှု အားနည်းလာခြင်းတွေဟာ မိရိုးဖလာ ဓလေ့တစ်ခု ပျောက်ကွယ်သွားနိုင်တဲ့ အချက်ဖြစ်နေပါတယ်။ အခုအချိန် မှာ ဧရာဝတီလင်းပိုင် မျိုးစိတ်တွေကို သူတို့နေထိုင်တဲ့ မြစ်အမည်တွေနဲ့ တွဲဖက်ပြီးစမ်းသပ် ခေါ်ဝေါ်ရေးသားမှုတွေ ရှိလာပါပြီ။ ဥပမာ မဲခေါင် လင်းပိုင်၊ မဟာခမ်လင်းပိုင် စသည် ဖြင့်ပေါ့။ ဧရာဝတီမြစ်ထဲက ဧရာဝတီလင်းပိုင်တွေ ပျောက်ကွယ်သွားရင် ဧရာဝတီလင်းပိုင် ဆိုတဲ့အမည်လည်း ပျောက်ကွယ်သွားနိုင်တာ စိုးရိမ်စရာ အချက်တစ်ခုပါပဲ။
Credit: News-Eleven
Wednesday, December 15, 2010
သြစတြေးလျနိုင်ငံမှ Heavy Lift ကုမ္ပဏီနှင့် မြန်မာ့လေကြောင်းတို့ ပူးပေါင်းကာ ပုလဲကျွန်း၊ ဖာပွန်၊ တနိုင်း စသော ခက်ခဲဒေသများသို့ ပြေးဆွဲပျံသန်းရန် စီစဉ်
မြန်မာ့ကမ်းလွန်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများအတွက် ရဟတ်ယာဉ်လုပ်ငန်း လုပ်ကိုင်နေသည့် သြစတြေးလျနိုင်ငံမှ Heavy Lift ကုမ္ပဏီနှင့် မြန်မာ့လေကြောင်းလိုင်းတို့ ပူးပေါင်းကာ ပုလဲကျွန်း၊ ဖားပွန်၊ တနိုင်းစသော ခက်ခဲဒေသများသို့ ပြေးဆွဲပျံသန်းရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိပါသည်။ ၁၉၈၅ ခုနှစ်တွင် မြန်မာ့လေကြောင်းမှ တွင်အော်တာ လေယာဉ်များကို အသုံးပြု၍ နောင်မွန်း၊ နမ္မတူ၊ မိုးမိတ်၊ ဖောင်းပြင်၊ ဂွ၊ ပုလဲကျွန်း၊ ပုလော၊ ပလက်ဝ၊ ဂန့်ဂေါ၊ ပေါက်၊ ဖာပွန်၊ ဘားအံ၊ ရေး၊ မိုးကောင်း၊ လုံးခင်းနှင့် တနိုင်းစသော ဒေသများသို့ ပျံသန်းပြေးဆွဲခဲ့သည်။ “အဲဒီဒေသတွေက လေဆိပ်အဆောက်အဦ ကြီးကြီးမားမား မရှိဘဲ လေယာဉ် အသေးလေးတွေပဲ ဆင်းနိုင်တဲ့ကွင်းတိုတွေပေါ့”ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ မြန်မာ့လေကြောင်းလိုင်းသည် တွင်အော်တာလေယာဉ်များအား ရောင်းချခဲ့ပြီး နောက်ပိုင်းတွင် ယင်းပြေးဆွဲမှုမှာ ရပ်နားသွားခဲ့ကြောင်း၊ လက်ရှိအချိန်၌ ခက်ခဲဒေသ ကွင်းတိုခရီးစဉ်များအား ပြန်လည်ပျံသန်းနိုင်ရေး မြန်မာ့ရေနံနှင့် ကမ်းလွန်သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်း၌ Fixed Wings Air Transport ကိုလုပ်ကိုင်နေသည့် Heavy Lift ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် မြို့များသို့ လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ပါက ဒေသခံများ၏ လူမှုဘ၀ အဆင်ပြေမှုကို တစ်ဖက်တစ်လမ်းမှ အထာက်အကူ ပြုနိုင်ဖြစ်သည်ဟု ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
Credit : Khit Lu Nge
မြစ်ချောင်းများအား အမှီပြုကာ သယံဇာတများ ထုတ်ယူသည့် စီးပွားရေးအဖွဲ့အစည်းများ ပိုမိုများပြားလာ၊ မိမိအကျိုးစီးပွား ဖြစ်ထွန်းမှုနှင့်အတူ မြစ်ကြောင်းများ ရေရှည်မပျက်စီး မတိမ်ကောစေရန်ကိုပါ အလေးထား ထိန်းသိမ်းသွားရန် လိုအပ်နေ
 မြန်မာနိုင်ငံတွင် မြစ်ချောင်းများအား အမှီပြုကာ သယံဇာတများ ထုတ်ယူသည့် စီးပွားရေးအဖွဲ့အစည်းများ ပိုမိုများပြားလာပြီး တစ်ပိုင်တစ်နိုင်မှ တွင်ကျယ်စွာ လုပ်ကိုင်သည့် အဆင့်သို့ ပြောင်းလဲရောက်ရှိလာကြောင်း မြစ်ချောင်းများရေးရာ ကျွမ်းကျင်သူများထံမှ စုံစမ်းသိရှိရသည်။
    ၂၀၀၃ ခုနှစ်နှင့် ၂၀၀၄ ခုနှစ် နောက်ပိုင်းတွင် မြစ်ထဲရှိ အဖိုးတန် သယံဇာတပစ္စည်းများကို ထုတ်ယူရှာဖွေသည့် စီးပွားရေးလုပ်ငန်းစုများ ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ သယံဇာတများ ထွက်ရှိရာ မြစ်ချောင်းတိုင်းလိုလိုတွင် သယံဇာတများ ထုတ်ယူမှုရှိကာ အချို့သော အဖွဲ့အစည်းများသည် သယံဇာတများကိုသာ ထုတ်ယူသုံးစွဲပြီး သယံဇာတများ အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းမှ မြစ်ချောင်းများ တိမ်ကောသွား နိုင်သည့်အန္တရာယ်ကို အလေးမထားဘဲ လုပ်ဆောင်မှုရှိနေကြောင်း ရေကြောင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ခဲ့သည်။
    နိုင်ငံတော်ထံမှ မြစ်ချောင်းများ တွင် သယံဇာတများထုတ်ယူသုံးစွဲ ခွင့်အတွက် တရားဝင်လုပ်ကိုင်ခွင့်ရ ယူထားသည့် အဖွဲ့အစည်းများသည် မူလက မိမိလည်း အကျိုးစီးပွားဖြစ်ထွန်းစေ၊ မြစ်ကြောင်းလည်းကောင်း မွန်စေရန် ရည်ရွယ်လုပ်ဆောင်မှု ရှိခဲ့သော်လည်း နောက်ပိုင်းတွင် မိမိအကျိုးစီးပွားကိုသာ ရှေးရှုလုပ်ကိုင်မှု ရှိလာသည်ကို တွေ့ရကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
    မြစ်ကြောင်းများတွင် သယံဇာတများ ထုတ်ယူရှာဖွေသည့် အဖွဲ့အစည်းများကို လေ့လာကြည့်ပါက မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များပါဝင်မှုရှိသကဲ့သို့ အချို့ မှာ မိရိုးဖလာလုပ်ငန်းအဖြစ် လုပ် ကိုင်ကြကြောင်းနှင့် ထိုသို့လုပ်ကိုင်ကြသည့် စီးပွားရေးအဖွဲ့အစည်းများ ပိုမိုလာသည်နှင့်အတူ တစ်ပိုင်တစ်နိုင်စီးပွားရေးအသွင်မှ တွင်ကျယ်စွာ လုပ်ကိုင်သည့်အဆင့်သို့ တဖြည်းဖြည်းပြောင်းလဲ ရောက်ရှိလာကြောင်း သိရသည်။
    "အရင်က လက်လုပ်ဗန်းလေး တွေနဲ့ ရွှေကျင်ကြတာပေါ့။ နောက် ပိုင်းမှာ စက်လှေတွေနဲ့သွားပြီး ရွှေရှာတဲ့ စက်ယန္တရားတွေသုံးပြီး ရှာလာကြတယ်။ မြစ်ကြမ်းပြင်က သဲတွေကို ယန္တရားတွေနဲ့ ထိုးကော်ပြီး အဲဒီထဲမှာ ရှာကြတာပေါ့။ ရွှေစစ်တဲ့ ခေတ်မီတဲ့စက်တွေလည်း ပြည်ပကနေ အများကြီးဝင်လာတယ်"ဟု မြစ်ချောင်းများတွင် ရွှေတူးဖော်ခြင်းလုပ်ငန်း လုပ်ဆောင်သည့် အသိုင်းအ၀ိုင်း နှင့် နီးစပ်သူတစ်ဦးက ဆိုပါသည်။
"မြစ်ထဲကနေ ကိုယ့်စီးပွားဖြစ်ဖို့ရှာပါ။ ရေတိုမဟုတ်ဘဲ ရေရှည်စီးပွားဖြစ်ဖို့က ဒီမြစ်ကြောင်းကြီး မကောသွားဖို့လိုပါတယ်။ ဒါကစီးပွားတွက် ပါ။ နောက်တစ်ပိုင်းက ကိုယ့်ကြောင့် ဒီမြစ်ကြီးကောသွားမယ်ဆိုရင် မြစ်ကို အမှီပြုပြီး ၀မ်းရေးရှာဖွေနေတဲ့သူ ဥပမာ တံငါလုပ်ငန်းတွေ၊ သင်္ဘော လုပ်ငန်းတွေ အခက်တွေ့နိုင်တယ်။ နောက်တစ်ခုက သယံဇာတတွေ အ ကုန်ထုတ်ယူလိုက်လို့ နောင်တစ်ချိန် မှာ ကိုယ့်ဆီမှာ မကျန်တော့ရင် သူ များဆီက ဈေးကြီးပေးပြီးဝယ်သုံးနေ ရမယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အကျိုး ဖြစ်သလိုပဲ ကိုယ့်ကြောင့်မြစ်ကြောင်းတွေ မတိမ်ကော မပျက်စီးစေဖို့ အလေးထားလုပ်သွားဖို့ အထူးလိုအပ်နေပါပြီ"ဟု ရေအရင်းအမြစ်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြော ကြားခဲ့သည်။ သယံဇာတအလွန်အကျွံ ထုတ်ယူခြင်းနှင့်မြေစာများအား စည်းကမ်းမဲ့ စွန့်ပစ်ခြင်းများကြောင့် ဥရုမြစ်မှာ တိမ်ကောမှုအန္တရာယ်နှင့် ကြုံတွေ့နေရပြီး ချင်းတွင်းမြစ်ဖျားပိုင်းမှာလည်း ယင်းအန္တရာယ်မျိုး ရှိနေ ကြောင်း သိရသည်။
Credit : News-Eleven
Tuesday, December 14, 2010
မြန်မာ့ လေကြောင်းလိုင်းမှ သက်တမ်းရင့် လေယာဉ်များကို ၁၀ နှစ်တစ်ကြိမ်လဲနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်
မြန်မာ့လေကြောင်းလိုင်းမှ နောင်တွင် သက်တမ်းရင့်လေယာဉ်များအား ၁၀ နှစ်တစ်ကြိမ် လဲလှယ်နိုင်ရေးကို စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
မြန်မာ့လေကြောင်းလိုင်း သည် ၁၉၄၈ ခုနှစ်မှ ၁၉၆၁ ခုနှစ် အထိ ခရီးသည်ကိုးဦးဆံ့ဂျိုးဖြူလေယာဉ်၊  ၁၉၅၇ ခုနှစ်မှ ၁၉၇၆ ခုနှစ် အထိ ခရီး သည် ၄၄ ဦးဆံ့ ဗိုင်းကောင့်၊ ၁၉၇၆ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိခရီး သည် ၂၀ ဦးဆံ့တွင် အော်တာ လေယာဉ်များကို အသုံးပြုခဲ့ရာမှ ၁၉၆၃ ခုနှစ်တွင်ခရီးသည်  ၄၄ ဦးဆံ့ဖော်ကာ F 27၊ ၁၉၇၆ ခုနှစ်တွင်ခရီးသည် ၈၅ ဦးဆံ့ဖော်ကာ F28 နှင့် ၂၀၀၆ ခုနှစ်တွင်ခရီးသည် ၄၄ ဦးဆံ့ ATR42 လေယာဉ်နှင့်ခရီးသည် ၇၀ ဦးဆံ့ ATR 72 လေယာဉ်များကို အသုံးပြုပြေးဆွဲခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သက်တမ်းကြာမြင့်ပြီ ဖြစ်သည့် ဖော်ကာ F 27 လေယာဉ်များနေရာတွင် တရုတ်နိုင်ငံမှ အသစ်ဝယ်ယူခဲ့သည့် MA 60  လေယာဉ်များကို ဒီဇင်ဘာလ ၁ ရက်နေ့ မှစ၍ မြန်မာ့လေကြောင်းမှ ပြေးဆွဲသည့် ပြည်တွင်းခရီးစဉ်များတွင် အသုံးပြုပျံသန်းသကဲ့သို့ နောင်တွင်လည်း သက်တမ်းရင့် လေယာဉ်များအား ၁၀ နှစ်တစ်ကြိမ်လဲလှယ်နိုင် ရေးကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရသည်။
Credit : News-Eleven
Wednesday, December 08, 2010
သစ်တောပြုန်းတီးမှု မရှိအောင် စီမံအုပ်ချုပ်သော နိုင်ငံများမှ သစ်တောထွက် ပစ္စည်းများကိုသာ နိုင်ငံတကာမှ ၀ယ်ယူတော့မည် ဖြစ်ရာ မြန်မာနိုင်ငံတွင်လည်း ပြင်ဆင်မှုများစတင်
၂၀၁၃ ခုနှစ်မှစတင်၍ သစ်တောပြုန်းတီးမှု မရှိအောင် စီမံအုပ်ချုပ်သော နိုင်ငံများမှ သစ်တောထွက် ပစ္စည်းများကိုသာ အာဆီယံအပါအ၀င် ဥရောပနှင့် အမေရိကနိုင်ငံများမှ ၀ယ်ယူတော့မည်ဖြစ်ရာ မြန်မာနိုင်ငံမှလည်း ပြည်ပအဖွဲ့ အစည်းများနှင့် ပူးပေါင်းကာ လိုအပ်သည့်ပြင်ဆင်မှုများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း နေပြည်တော်တွင် ဒီဇင်ဘာလ ၄ ရက်နေ့က ကျင်းပသည့် မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း၏ (၁၇)ကြိမ် မြောက် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးတွင် အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    "အာဆီယံအပါအ၀င် ပြည်ပနိုင်ငံတွေက သစ်တောထွက်ပစ္စည်းတွေကို ၀ယ်ယူရာမှာ သစ်တောတွေကို ထာဝရခိုင်မာနေအောင်၊ မပျက်စီးအောင် စီမံအုပ်ချုပ်တဲ့စနစ်နဲ့ အုပ်ချုပ်တဲ့နိုင်ငံက သစ်တွေကိုပဲ ၀ယ်ယူတော့မယ်လို့ နိုင်ငံအားလုံးက ဆုံးဖြတ်ထားပါတယ်။ EU တို့ US တို့ဆို လုံး၀၀ယ်တော့မှာ မဟုတ်ပါဘူး။ အဲဒီအဆင့်အထိမရောက်ခင် စပ်ကြားမှာပထမအဆင့်နေနဲ့ တရားဝင်သစ် (Legal Timber) ဖြစ်ရပါ မယ်။ Legal Timber ဖြစ်ကြောင်း ထောက်ခံချက်ပါရှိရမယ်။ ထောက်ခံချက်က ကိုယ့်ဘာသာပေးလို့ မရဘူး။ ပြည်ပကလာတဲ့  တတိယလူ (Third Party) ရှိရမယ်။ သူတို့နိုင်ငံကလာပြီး မြန်မာပြည်က တကယ်လုပ်နေလား။ ဒီသစ်တွေက တရားဝင်ထုတ်တာလား။ ဒီကိုရောက်လာတဲ့သစ်တွေက ဘယ်နေရာတွေက လာလဲဆိုတာစိစစ်ပြီးမှ ထုတ်လို့ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ၂၀၁၃ မတိုင်မီ  ဒီကိစ္စတွေဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာက ကော်မတီတစ်ခုဖွဲ့ပြီး ဆောင်ရွက်လျက်ရှိပါတယ်"အဆိုပါ ပုဂ္ဂိုလ်ကဟု ပြောကြားခဲ့သည်။
   ၂၀၁၃ ခုနှစ်မှစတင်၍ အာဆီယံနိုင်ငံများသည် သစ်ထောက်ခံချက် (Timber Certification) ပါရှိသော သစ်တောထွက်ပစ္စည်းများကိုသာ ပြည်ပသို့ တင်ပို့ခွင့်ပြုသည့်စနစ်ကို ကျင့်သုံးမည်ဖြစ်ရာ အာဆီယံ အဖွဲ့ဝင်တစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံမှလည်း အခြားနိုင်ငံများနည်းတူ အကောင်အထည်ဖော်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်လုပ်ငန်းရှင်များအသင်း၏ ကျွန်းစိုက်ခင်း ထူထောင်ခြင်း၊Timber Certification  နှင့်သစ်အခြေခံ စက်မှုလုပ်ငန်းများဆိုင်ရာ စာတမ်းဖတ်ပွဲတွင် သစ်တောရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    "နိုင်ငံတကာဈေးကွက်မှာ သစ်ထောက်ခံချက်ပေးရေးဟာ ပြည်ပကို သစ်တောထွက်ပစ္စည်း တင်ပို့ရာမှာ မရှိမဖြစ် လိုအပ်လာမယ့် ကိစ္စတစ်ရပ်ပဲ ဖြစ်ပါတယ်။ သစ်တောများ ထာဝစဉ်တည်တံ့ နေစေရေးအတွက် သစ်ထောက်ခံချက် ပါရှိမှသာ ရောင်းဝယ်ဖောက်ကားခြင်းပြုလုပ်ဖို့ ကန့်သတ်ဆောင်ရွက်လာတာကို တွေ့ရှိလာရပါတယ်။ အာဆီယံအနေနဲ့ ၂၀၁၃ ခုနှစ်မှာ သစ်ထောက်ခံချက်ပါရှိတဲ့ သစ်တောထွက်ပစ္စည်းများကိုသာ တင်ပို့ခွင့် ပြုမယ့် အခြေအနေဖြစ်နေပါတယ်" ဟု သစ်တောရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
   သစ်တော ထောက်ခံချက် (Timber Certification) ပေးခြင်းဆိုသည်မှာ သတ်မှတ်ထားသော သစ်တောများမှ သတ်မှတ်ထားသော ပမာဏကိုသာ တရားဝင်ခွင့်ပြုထားသောအဖွဲ့မှ ထုတ်ယူရမည် ဖြစ်ပြီး ထုတ်ယူထားသော သစ်နှင့်သစ်တောထွက် ပစ္စည်းများသည် ထာဝစဉ်တည်တံ့နိုင်သော သစ်တောများမှ ရရှိလာသည့်သစ်များဖြစ်ကြောင်း သုံးစွဲသူများထံ အာမခံချက်ပေးခြင်းဖြစ်သည်။
   "Timber Certification ပေးဖို့အတွက် Third Party လို့ ခေါ်တဲ့ အပြင်ကလာတဲ့အဖွဲ့အစည်းက စစ်ဆေးအကဲဖြတ်ပြီး လုပ်ပေးရမယ့် သဘောရှိပါတယ်။ Third Party ဖွဲ့စည်းနိုင်အောင်လည်း ကြိုးစားနေကြပါတယ်။ အခုဆိုရင် ကမ္ဘာ့သစ်တောတွေရဲ့ ၈ ရာခိုင်နှုန်း(ဟက်တာ သန်းပေါင်း ၃၁၀) ဟာ  Certification Forest လုပ်ဆောင်ထားပြီး ဖြစ်ကြောင်း သိရပါတယ်"ဟု သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရွှေကျော်(ငြိမ်း)က ပြောကြားခဲ့သည်။
   ကမ္ဘာ့ Certification Forest ၏ ၅၄ ရာခိုင်နှုန်းမှာ တောင်အမေရိကမှဖြစ်ပြီး ၃၂ ရာခိုင်နှုန်းမှာ ဥရောပမှဖြစ်သည်ဟု သိရှိရသည်။  အာရှ-ပစိဖိတ်ဒေသတွင် ၅ ရာခိုင်နှုန်းနှင့် အာဖရိကတိုက်တွင် ၁ ရာခိုင်နှုန်းသာ ရှိသေးကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုဧရိယာမှာ ၁၉၇၅ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၆၀ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း ကျန်ရှိနေကြောင်း သိရှိရသည်။
Credit : News-Eleven
Monday, December 06, 2010
လေကြောင်းဖြင့် ခရီးထွက်ခွာရာ၌ ငွေကြေးနှင့် လိုက်လျောညီထွေမှု ရှိစေသော ၀န်ဆောင်မှုများအား လေကြောင်းလိုင်းများနှင့် လေဆိပ်မှပေးနိုင်ရန် ခရီးသွားအများစု မျှော်လင့်
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းပိုင်း တစ်နေရာ
လေကြောင်းဖြင့် ခရီးထွက်ခွာကြရာ၌ ငွေကြေးနှင့် လိုက်လျောညီထွေမှု ရှိစေသော ၀န်ဆောင်မှုအား လေကြောင်းလိုင်းများနှင့် နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှပေးနိုင်ရန် ပြည်တွင်းနှင့် ပြည်ပကမ္ဘာလှည့် ခရီးသွားအများစု မျှော်လင့်လာကြောင်း သိရှိရပါသည်။
   မြန်မာနိုင်ငံတွင် သာမက ကမ္ဘာ့နိုင်ငံအသီးသီး၌လည်း လေကြောင်းဖြင့် ခရီးသွားခြင်းမှာ အခြားသော ရေကြောင်းဖြင့်သွားခြင်း၊ ကုန်းလမ်းဖြင့် ရွေးချယ်သွားလာခြင်းထက် ပိုမိုသက်တောင့်သက်သာရှိမှု၊ ၀န်ဆောင် မှုကောင်းမွန်ပြီး ခရီးချိန်တိုတောင်းမှုများကြောင့် ကုန်ကျစရိတ်ပိုမိုကျခံကာ ရွေးချယ်သွားလာခြင်း ဖြစ်ကြသည်။
    သို့ရာတွင် လေကြောင်းလိုင်းများဖြင့် လေယာဉ်လက်မှတ် ၀ယ်ထားပြီးသော်လည်း လေဆိပ်ရောက်ရှိပြီး ထွက်ခွာခါနီးမှပင် Airport Tax ပြန်လည်ပေးဆောင်ရခြင်းမှာ နိုင်ငံတကာ လေဆိပ်ကြီးများ၌ မရှိသော ထူးခြားမှုပင်ဖြစ်ပြီး ပြည်တွင်းနှင့် ပြည်ပမှ ကမ္ဘာလှည့်ခရီးသွားများ အတွက်မူ အဆင်မပြေမှုများရှိခဲ့ ကြောင်း နိုဝင်ဘာလက ပြည်တွင်းမှ စင်ကာပူသို့ထွက်ခွာခဲ့သည့် ခရီးသွားတစ်ဦးက "ကျွန်တော်လေဆိပ် ရောက်တော့ ကျွန်တော့်လိုပဲ စင်ကာပူသွားမယ့် ခရီးသည်တွေ အများကြီးပဲ။ ဒီမှာကာလရှည်နေပြီး စင်ကာပူကိုပြန်မယ့် စင်ကာပူနိုင်ငံသား တစ်ယောက်လည်း ပါတယ်။ သူတို့လဲ ကျွန်တော့်လိုပဲ Departure Lounge ထဲဝင်ခါနီး Airport Tax ဆောင်ဖို့ တန်းစီစောင့်နေရတယ်။ Airport Tax ကို နိုင်ငံတကာ အဆင့်မီ မည်သည့် လေဆိပ်ကြီးတွေကမှ ခရီးသည်ကိုယ်တိုင် လေဆိပ်ရောက်မှ ပေးဆောင်ရတာမရှိဘူးလို့လဲ ကျွန်တော့်လိုတန်းစီစောင့်နေတဲ့ စင်ကာပူနိုင်ငံသားက ပြောတယ်"ဟု သူ၏အတွေ့အကြုံ ကိုပြောပြခဲ့သည်။
 Indria Gandhi ပြည်တွင်းလေဆိပ် အတွင်း class အလိုက် Check in ပြုလုပ်နေစဉ်
    ထို့ပြင် ပြည်ပသို့ခရီးသွားလာမှု နည်းပါးသည့် ခရီးသွားများအတွက်မူ ယခုကဲ့သို့ လေကြောင်းလိုင်းများမှ လေယာဉ်လက်မှတ် ၀ယ်ထားပြီးသော်လည်း လေဆိပ်ရောက်ရှိပြီး ထွက်ခွာခါနီးမှ Airport Tax  ပေးဆောင်ရမည်ကို သိရှိခဲ့ခြင်းကြောင့် အဆင်မပြေခြင်းများ ရှိခဲ့သည့်ဖြစ်ရပ်များလည်း ရှိခဲ့သည်။
   "ကျွန်တော်တို့ အိန္ဒိယကိုသွားဖို့ ထွက်ခွာခါနီးမှာ သိထားတာအရင် က Airport Tax  က ၅၀၀ ကျပ်ပဲ သိထားတယ်။ အခု ၃၀၀၀ ကျပ် တိုးပေးရမယ်ဆိုတော့ ပိုက်ဆံမပါလို့ သူများစီက ငွေချေးပြီးပေးခဲ့ရတယ်" ဟု စက်တင်ဘာလက ထိုင်းနိုင်ငံ၊ ဘန် ကောက်မြို့မှ တစ်ဆင့် အိန္ဒိယသို့ ထွက်ခွာမည့် ခရီးသည်တစ်ဦးက ပြန်လည်ပြောပြခဲ့သည်။
     ယခုအချိန်သည် ပြည်ပနိုင်ငံအသီးသီးမှ ကမ္ဘာလှည့်ခရီးသွားများများစွာ ၀င်ရောက်ချိန်ဖြစ်သည့် နည်းတူ လေကြောင်းလိုင်းများမှ ပြည်ပထွက်ခွာရန် လေယာဉ်လက်မှတ်အား သက်ဆိုင်ရာ Class အလိုက် သီးသန့်ဝယ် ထားပြီးသော်လည်း Departure Lounge မှ လေယာဉ်ထဲသို့ ၀င်ခါနီးတွင် နိုင်ငံတကာရှိ လေဆိပ်များကကဲ့သို့ သီးခြား Class အလိုက်အတန်းခွဲကာ ၀င်ရောက်ခဲ့ရခြင်းမဟုတ်ဘဲ စောင့်ဆိုင်းရခြင်းများလည်း ရှိနေခဲ့သည်ဟု နိုဝင်ဘာလက ထိုင်းနိုင်ငံ သို့ ထွက်ခွာခဲ့သည့်ခရီးသွားတစ်ဦး က"လေဆိပ်ကနေ  Check in  လုပ်ပြီး Departure Lounge ထဲစောင့် ဆိုင်းနေစဉ်မှာ လေယာဉ်က၀င်ဖို့ခေါ် ယူခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော် ၀ယ်ထားတဲ့ လေယာဉ်လက်မှတ်က Business Class လက်မှတ်ပေမယ့် နိုင်ငံတကာက လေဆိပ်ကြီးတွေကလို သီးသန့်အတန်းလိုက် ၀င်ရတာမဟုတ်ဘဲ အရှေ့ကလူတွေကို အကုန်စောင့်၊ တန်းစီပြီးမှဝင်ခဲ့ရတယ်။ ကျွန်တော်တွေ့ ကြုံဖူးသလောက် ဆိုရင် ဘယ်နိုင်ငံ ကလေဆိပ်မှာမဆို လေယာဉ်ထွက်ခွာခါနီးချိန်မှာ Business Class ဆိုအရင်ပေးဝင်ပြီး သီးသန့်တစ်တန်း၊  Economy Class ဆိုရင်လည်း သီးခြားခွဲပြီး တစ်တန်းသွားရတယ်။ ပြီးတော့ နိုင်ငံခြားသားဆိုရင် အရင်ဦးစားပေး ၀င်ခိုင်းတာတွေလည်း ရှိနေတယ်။ လေယာဉ်လက်မှတ်ဖိုးနဲ့ ထက်တူညီမျှတဲ့ ၀န်ဆောင်မှုမျိုးကို ကျွန်တော်တို့ ခရီးသွားတွေအတွက် လိုအပ်နေတာ အမှန်ပါပဲ"ဟု ပြောပြခဲ့သည်။
   ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်း၊ လေကြောင်းလိုင်းလုပ်ငန်း၊ မြေပြင်ဝန်ဆောင်မှုလုပ်ငန်း စသည်ဖြင့် ရှိနေရာတွင် လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းကို ၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်းက Pioneer Aerodrome Services ကုမ္ပဏီသို့နှစ် ၃၀ ငှားရမ်းလုပ်ကိုင်ခွင့် ပြုသည့်စနစ်ဖြင့် လွှဲပြောင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ လေဆိပ်ကြီးတစ်ခုလုံး၏ ကွပ်ကဲထိန်းချုပ်မှုကိုမူ လေကြောင်း ဦးစီးဌာနမှ ဆက်လက်တာဝန်ယူ နေကြောင်း သိရှိရသည်။
  Airport Tax ၅၀၀မှ ၃၀၀၀ သို့ တိုးမြှင့်ကောက်ခံခြင်းကိုမူ ယင်းကဲ့သို့ ပုဂ္ဂလိကသို့ လွှဲပြောင်းအပြီး နောက်ပိုင်းတွင် စတင်ကောက်ခံခဲ့ကြောင်းလည်း သိရှိရပါသည်။
Credit : News Eleven
Sunday, December 05, 2010
Batu Caves သို့အလည်သွားခြင်း
Batu Caves, Malaysia
 ဒီတစ်ခေါက် Batu Caves ကို 26.11.01 ရက်နေ့မှာ စင်္ကာပူက သူငယ်ချင်းဖြစ်တဲ့ စည်သူရယ် မိတ်ဆွေဖြစ်တဲ့ ကိုအေးနဲ့အတူ ရောက်ဖြစ်ခဲ့ပါတယ်။ အရင်တုန်းက အလုပ်ကိစ္စနဲ့ Batu Caves ရှေ့ကနေပြီး အခေါက်ခေါက်အခါခါ ဖြတ်ခဲ့ပေမယ့်။ အချိန်မရှိတာကြောင့် မဝင်ဖြစ်ခဲ့ပါဘူး။ တစ်နေ့တော့ အရောက်သွားဦးမယ်ဆိုပြီး ရည်မှန်းထားပေမယ့် တစ်ခေါက်မှ မရောက်ဖြစ်ခဲ့ပါဘူး။ ဒီတစ်ခေါက်ကတော့ သူငယ်ချင်းဖြစ်တဲ့ စည်သူက သွားချင်တယ်ဆိုလို့ အတူသွားဖြစ်ခဲ့တာပါ။ အရင်က မလေးရှားမှာ သွားလည်ဖူးခဲ့တဲ့ နေရာတွေထဲမှာ တမူထူးခြားတဲ့ နေရာတစ်ခုပါပဲ။ မလေးရှားနိုင်ငံရဲ့ Interesting Places ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။
၁၉၉၃ ခုနှစ်နောက်ပိုင်း ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းများ ပေါ်ထွက်လာသော်လည်း ပြည်တွင်းခရီးသွားဦးရေမှာ တစ်နှစ်ထက်တစ်နှစ် သိသာစွာတိုးတက်လာခြင်း မရှိ
၁၉၉၃ ခုနှစ်နောက်ပိုင်း မြန်မာ့လေကြောင်း ကဏ္ဍတွင် ပုဂ္ဂလိကပိုင် ပြည်တွင်း လေကြောင်းလိုင်းများ ပေါ်ထွက်လာသော်လည်း ခရီးသွားဦးရေမှာ တစ်နှစ်ထက်တစ်နှစ် သိသာစွာတိုးတက်လာခြင်း မရှိသည့်အတွက် ထပ်မံပေါ်ပေါက်လာမည့် လေကြောင်းလိုင်းသစ်များသည် လက်ရှိလေကြောင်းလိုင်းများ၏ ဈေးကွက်မျှဝေယူနေမှုကို မပြောင်းလဲနိုင်ပါက ရေရှည်ရပ်တည်မှုတွင် အခက်အခဲ ရှိလာနိုင်ကြောင်း လေကြောင်းစီးပွားရေး ဆိုင်ရာကျွမ်းကျင် သူများက သုံးသပ်ပြောကြားခဲ့သည်။
    ၁၉၄၈ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့တွင် Union of Burma Airways(UBA)ထိုမှ (Burma Airways Corporation) ထိုမှတဆင့် Myanma Airways ဟု အဆင့်ဆင့်ပြောင်းလဲကာ ဖွဲ့စည်းခဲ့သော မြန်မာ့လေကြောင်းလိုင်း သည် မြန်မာပြည်၏ ရှေ့ပြေး လေကြောင်းလိုင်းတစ်ခု ဖြစ်ခဲ့ကြောင်း သိရသည်။
   ၁၉၄၈ ခုနှစ် စတင်ပျံသန်းချိန် ၌ ပြည်တွင်းလေကြောင်းခရီးစဉ် ၁၉ ခုကို ဂျိုးဖြူလေယာဉ်ခြောက်စင်းဖြင့်  ပြေးဆွဲခဲ့ပြီး ၁၉၅၀ ခုနှစ်တွင် ပြည်ပခရီးစဉ်အဖြစ် ဘန်ကောက်၊ ကိုးလ်ကတ္တားနှင့် စစ်တကောင်းမြို့များ၊ ၁၉၅၃ ခုနှစ်တွင် ပီနန်၊ စင်ကာပူနှင့် ခတ္တမန္ဒူမြို့များသို့ တိုးချဲ့ပျံသန်းခဲ့ကြောင်း သိရသည်။ ထို့နောက် ဟောင်ကောင်နှင့် ဂျာကာတာမြို့ ပြည်ပခရီးစဉ်များကိုပါ ၁၉၉၃ သြ ဂုတ်လ ၁၅ ရက်နေ့အထိ ပျံသန်း ပြေးဆွဲပေးခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် မြန်မာ့လေကြောင်း နှင့် စင်ကာပူနိုင်ငံ ဟိုက်ဆောနစ်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) ကိုတည်ထောင်ကာ နိုင်ငံတကာခရီးစဉ်များကို ပျံသန်းပေးခဲ့ကြောင်း သိ ရသည်။
   ၁၉၉၄ နိုဝင်ဘာ ၁ ရက်နေ့ တွင် စင်ကာပူနိုင်ငံ အဲယားမန္တလေး ဟိုလ်းဒင်းလိမိတက်နှင့် အကျိုးတူ ပူးပေါင်း၍ Air Mandalay ကိုလည်းကောင်း၊ ၁၉၉၅ နိုဝင်ဘာ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ ခရွှန်ဆွန် ဘက်ကုမ္ပဏီနှင့် Yangon Airways ကိုလည်းကောင်း ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း သိရသည်။ ထို့နောက် ၂၀၀၄ ခုနှစ်တွင် တိုင်းရင်းသားပိုင် ပုဂ္ဂလိကလေကြောင်းလိုင်း AirBagan ပေါ်ပေါက်လာခဲ့သည်။
ခရီးသွားများ သိသာစွာ တိုးတက်မလာခြင်းတွင် လေကြောင်းလိုင်းများသည် ဈေးကွက်သစ်ရှာဖွေမှုတွင် အားနည်းချက်အချို့ရှိခြင်း၊ အချိန်ဇယား အတိအကျဖြင့် ပြေးဆွဲမှု၌အခက်အခဲရှိခြင်း၊ တိုက်ရိုက်ခရီးစဉ်များ ပျံသန်းမှုနည်းပါးခြင်း၊ နိုင်ငံတကာနှင့် ပြည်တွင်းခရီးစဉ်များကို ချိတ်ဆက်ပျံသန်း ပြေးဆွဲနိုင်မှုမရှိသေးခြင်း စသည့် ..
    မြန်မာ့လေကြောင်းလိုင်း တစ်ခုတည်းမှ ပြည်တွင်းခရီးစဉ်များကို ပြေးဆွဲနေရာမှ ၁၉၉၃ခုနှစ် နောက်ပိုင်း လေကြောင်းလိုင်းများ ထပ်မံပေါ်ပေါက်လာခဲ့သော်လည်း ယခင် ၁၉၉၃ခုနှစ်မတိုင်ခင်က တည်ရှိခဲ့သည့် ခရီးသွားဦးရေမှာ သိသာစွာတိုးတက်လာခဲ့ခြင်း မရှိကြောင်း သိရသည်။
   "၁၉၉၃ ခုနှစ်တုန်းက ခရီးသည် ခြောက်သိန်းကိုးသောင်းကို မြန်မာ့လေကြောင်းတစ်ခုတည်းက ဆွဲခဲ့တယ်။ နောက်ပိုင်းလေကြောင်းလိုင်းတွေရော၊ လေယာဉ်တွေရော တိုးလာတယ်။ ခရီးသွားက သိသိသာသာ မတက်လာဘူး။ အခုဆို ခု နှစ်သိန်းနဲ့ ရှစ်သိန်းကြားလောက် ပဲရှိတယ်။ ဒီတော့ ဈေးကွက်တိုးမလာဘဲ ရှိနေတဲ့ဈေးကွက်ကိုပဲ မျှပြီးယူနေရတဲ့သဘောရှိတယ်။ မြန်မာ့လေကြောင်းက ခရီးသည် တစ်နှစ်ကို နှစ်သိန်းကျော်လောက်ပဲ ရှိနေတာကို ကြည့်ရင် သိသာတယ်" ဟု မြန်မာ့လေကြောင်းလိုင်းနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။
ထိုသို့ပြည်တွင်း လေကြောင်းခရီးသွားများ သိသာစွာတိုးတက်မလာခြင်းတွင် လေကြောင်းလိုင်းများသည် ဈေးကွက်သစ်ရှာဖွေမှုတွင် အားနည်းချက်အချို့ရှိခြင်း၊ အချိန်ဇယားအတိအကျဖြင့် ပြေးဆွဲမှု၌ အခက်အခဲရှိခြင်း၊ တိုက်ရိုက်ခရီးစဉ်များ ပျံသန်းမှုနည်းပါးခြင်း၊ နိုင်ငံတကာနှင့် ပြည်တွင်းခရီးစဉ်များကို ချိတ်ဆက်ပျံသန်းပြေးဆွဲနိုင်မှု မရှိသေးခြင်း စသည့် အကြောင်းအရာများစွာ ပါဝင်နိုင်ကြောင်း ၀ါရင့်လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး က သုံးသပ်ပြောကြားခဲ့သည်။
    "လေကြောင်းလိုင်းတွေဟာ ဈေးကွက်သစ်ရှာဖွေတာထက် ရှိပြီးသား ခရီးသည်အသွားများတဲ့ နေရာတွေကိုပဲ မူတည်ပြီးပြေးဆွဲကြတာ များပါတယ်။ အကျိုးအမြတ်ရှိပေမယ့် ခရီးသည်မတက်လာဘူး ဆိုရင် တစ်ခုတည်းကိုပဲ လုပြီးပြေးဆွဲသလို ဖြစ်နေမယ်။ ဥပမာပြော ရရင် သွားလာမှုခက်ခဲတဲ့နေရာတွေ၊ လေယာဉ်ကလွဲပြီး ကျန်တာတွေ နဲ့သွားလို့ အဆင်မပြေနိုင်တဲ့ နေရာတွေကိုပါ ရှာဖွေပြီး ပြေးဆွဲသင့်တယ်။ ပြီးတော့ ပြည်ပကလာမယ့် ခရီးသွားတွေကို သူတို့သွားချင်တဲ့ ပြည်တွင်းနေရာတွေထိ ရောက်အောင် တခါတည်းတိုက်ရိုက် မပျံပေးနိုင်သေးဘူး။ ပြီးတော့ လေယာဉ်ချိန်က မမှန်၊ ရန်ကုန်- တာချီလိတ်ဆိုရင် တိုက်ရိုက်မသွားနိုင်ဘဲ မန္တလေး၊ ဟဲဟိုး တို့ကိုဝင် ပြီးသွားနေရတာတို့၊ အများကြီးပဲရှိနေတယ်"ဟု ရှင်းပြခဲ့သည်။
    ၎င်းကပင်ဆက်လက်၍ "လေယာဉ်တွေမှာ ခရီးသည်မပါဘဲ ပြေးဆွဲရင် ဆုံးရှုံးမှုက အရမ်းကြီးတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ခရီးသည်ရမှပြေးပြန်တော့လည်း အချိန်မမှန်တာ၊ ရက်အတိအကျ မပြေးနိုင်တာတွေရှိနေပြန်ရော။  နောက်တစ်ခုက ငွေကြေးပဲ။ လေယာဉ်ဆိုတာ အချိန်တိုအတွင်း ရောက်နိုင်ပေမယ့် ငွေကုန်ကြေးကျ များတော့ ဒီနိုင်ငံမှာတော်ရုံ လေယာဉ်မစီးချင်ကြဘူး။ ဒီတော့ လေကြောင်းလိုင်းတွေ ဘက်ကလည်း  နိုင်ငံခြားသားခရီးသည်တွေ အသွားများတဲ့ ခရီးစဉ်ကိုပဲ အဓိကထားပြီး ပျံတော့တယ်"ဟု ပြောပြခဲ့သည်။
   လေကြောင်းလိုင်းတစ်ခု ထူထောင်ရန် ရင်းနှီးမြုပ်နှံမှုများစွာ ကြီးမားသကဲ့သို့ ကျွမ်းကျင်လေယာဉ်မှူးများ၊ အင်ဂျင်နီယာများ၊ ၀န်ထမ်းများ ပါဝင်ဖွဲ့စည်းနိုင်ရေးမှာလည်း အရေးကြီးကြောင်းနှင့် လေကြောင်းလိုင်းသစ် ထူထောင် ခြင်းနှင့်အတူ ဈေးကွက်အသစ်ကိုပါ တပြိုင်တည်းခေါ်ဆောင်နိုင်မှုမှာလည်း အရေးပါကြောင်း သိရသည်။ မတူထူးခြားမည့် ဈေးကွက် များရှာဖွေနိုင်ခြင်း၊ ခရီးသည်များအား ၀န်ဆောင်မှု ကောင်းမွန်စွာပေးနိုင်ခြင်း စသည်တို့အပြင် လေ ကြောင်းလိုင်းတစ်ခုအတွက် လိုအပ်သော ကျွမ်းကျင်ဝန်ထမ်းများအားလည်း စဉ်ဆက်မပြတ် မွေးမြူနိုင်ရန်လည်း အရေးကြီးကြောင်းသိရသည်။
Asia Wings လေကြောင်းလိုင်းနှင့် ကမ္ဘောဇလေကြောင်း လိုင်းသစ်တို့မှာ မကြာမီအချိန်အတွင်း ပေါ်ပေါက်လာဦးမည်ဖြစ်ရာ လက်ရှိလေကြောင်းလိုင်း ဈေးကွက်အပြင် ခရီးသည်တိုးတက်ရရှိနိုင်မည့် ဈေးကွက်သစ်များကိုပါ ရယူလာရန် လိုအပ်လှကြောင်းနှင့် ယခုကဲ့သို့ ဈေးကွက်မျှဝေယူနေမှုကို မပြောင်းလဲနိုင်ပါက လေကြောင်းလိုင်းများ၏ ရေရှည်ရပ်တည်နိုင်ရေးတွင် အခက်အခဲများရှိလာနိုင်ကြောင်း လေကြောင်းစီးပွားရေး ဆိုင်ရာ ကျွမ်းကျင်သူအချို့က သုံးသပ်ပြောကြားခဲ့ပါသည်။
Credit : News Eleven
Friday, December 03, 2010
မြန်မာ့ခရီးသွားလုပ်ငန်းနဲ့ အနာဂတ်မျှော်လင့်ချက်
နိုဝင်ဘာ ၂၉၊ ၂၀၁၀-လာရောက်လည်ပတ်လိုတဲ့ ခရီးသွားတွေ ရှိနေပေမဲ့ မြန်မာ့ခရီးသွား လုပ်ငန်းကတော့ အားနည်းနေဆဲ ဖြစ်ပါတယ်။
By အောင်လွင်ဦး တနင်္လာ, 29 နိုဝင်ဘာ 2010
ဓာတ်ပုံ - အေပီ
ရည်ရွယ်ချက်အမျိုးမျိုး၊ စိတ်ဝင်စားမှု အမျိုးမျိုးတွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့ စိတ်အားထက်သန်နေကြတာ ဖြစ်ပါတယ်။
“ဒီအခြေအနေကနေ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ကြရမှာပါ။ အခုအချိန်ဟာ ပြန်လည်ဆန်းစစ်ကြည့်ဖို့၊ ရင်းနှီးမြုပ်နှံမှုတွေ ပြန်လုပ်ဖို့ လုပ်ကောင်းလုပ်ကြရမယ့် အချိန်ဖြစ်နိုင်ပါတယ်။"
မကြာသေးခင်ကပဲ ဖမ်းဆီးထားရာက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတာ၊ စစ်အစိုးရက နိုင်ငံရေး အပြောင်းအလဲတွေအတွက်ဆိုပြီး ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့နောက် မြန်မာနိုင်ငံမှာ ၀င်ငွေရပေါက်ရလမ်း တခုဖြစ်တဲ့ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာလေမလား မျှော်လင့်မှုတွေလည်း ထွက်ပေါ်လာနေပါတယ်။ လာရောက် လည်ပတ်ဖို့ စိတ်အားထက်သန်နေကြတဲ့ ခရီးသွားတွေရှိနေပေမဲ့လည်း ဒေသတွင်းက နိုင်ငံတွေနဲ့စာရင် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကတော့ နိမ့်ကျနေဆဲ ဖြစ်ပါတယ်။ ဒီလို ခရီးသွားလုပ်ငန်းမှာ အားနည်းနေဆဲ အခြေအနေတွေဟာ ဘယ်လို အကြောင်းတွေကို အခြေခံနေသလဲ ဆိုတာကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က သုံးသပ်တင်ပြပေးမှာ ဖြစ်ပါတယ်။
လူ့အခွင့်အရေး၊ နိုင်ငံရေး အခြေအနေတွေ တိုးတက်မှု မရှိတဲ့ မြန်မာနိုင်ငံကို မသွားဖို့ လှုံ့ဆော်မှုတွေနဲ့အတူ အနောက်နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ်မှုတွေ ၀ိုင်းပယ်ထားတာတွေကြောင့် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးနိုင်ပဲ ဖြစ်နေရပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံကို အလည်အပတ် ပြည်ဝင်ခွင့်ဗီဇာ လျှောက်လွှာကို ၃ ရက်ကြာတဲ့အထိ စိစစ်တာ၊ အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ ဥရောပနဲ့ အမေရိကန် ပြည်ထောင်စုလို နိုင်ငံတွေက တိုက်ရိုက် လေကြောင်းခရီးစဉ်တွေ မရှိတာလို၊ အစိုးရရဲ့ မူဝါဒတွေက အကန့်အသတ်တွေနဲ့ အခြေခံအဆောက်အအုံ အားနည်းချက်တွေကလည်း မြန်မာ့ခရီးသွားလုပ်ငန်းအတွက် အဟန့်အတားတွေအဖြစ်နဲ့ တွေ့မြင်နေကြရတာပါ။
ဒါပေမဲ့လည်း ရည်ရွယ်ချက်အမျိုးမျိုး၊ စိတ်ဝင်စားမှု အမျိုးမျိုးတွေနဲ့ ကမ္ဘာလှည့် ခရီးသွားတွေကတော့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့ စိတ်အားထက်သန်နေကြဆဲ ဖြစ်ပါတယ်။
“ကျမလိုပဲ ဒီကိုမလာခင်မှာ သေချာစဉ်းစားကြသူတွေ တော်တော်များများရှိမယ်လို့ ထင်ပါတယ်။ ဒီကိုလာတာဟာ ကောင်းသလား၊ မကောင်းဘူးလားဆိုတာ မသေချာဘူးလေ။ ဒါပေမဲ့လည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီမှာကျမတို့ လျှောက်သွားနေတာကို လူတွေက ဘယ်လိုထင်ကြမလဲဆိုတာတော့ ကျမမသိပါဘူး။ ကျမတို့ဒီမှာလာတာကို လူတွေက ၀မ်းသာကြသလား၊ ဒီလိုပဲ မြင်ကြသလားပေါ့ရှင်။” သြစတြီးယားနိုင်ငံသူ ကမ္ဘာလှည့်ခရီးသည် Michelle ပါ။
ဓာတ်ပုံ - အေပီ
ရန်ကုန်မြို့က ရွှေတိဂုံ ဘုရားလို နေရာတွေသာမက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ နေရာတွေကိုလည်း ခရီးသွားတွေ စိတ်ဝင်စားကြတာပါ။
ဒီနှစ် ၂၀၁၀ ပြည့်နှစ်ရဲ့ ပထမ ၇ လအတွင်းမှာ အိမ်နီးချင်း ထိုင်းနိုင်ငံသား အများစု ပါဝင်တဲ့ ခရီးသွားတွေအပြင် အာရှတိုက်က တောင်ကိုရီးယား၊ တရုတ် နဲ့ ပြင်သစ်၊ ဂျာမဏီနဲ့ အီတလီတို့လို ဥရောပနိုင်ငံသားတွေလည်း အများအပြား ရောက်လာကြပါတယ်။ ခရီးသွားလုပ်ငန်းက ကုမ္ပဏီတွေ၊ ဟိုတယ်တွေမှာ ကြိုတင်အမှာတွေ အရင်ထက်ပိုရလာနေတယ်လို့လည်း ဆိုကြပါတယ်။ ဒီလို အခြေအနေတွေဟာ နိုဝင်ဘာလ ၇ ရက်နေ့မှာ စစ်အစိုးရက နိုင်ငံရေး အပြောင်းအလဲတွေအတွက်ဆိုပြီး ရွေးကောက်ပွဲ ကျင်းပခဲ့တာ၊ ဒီနောက် တပတ်လောက်အကြာမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရာက ပြန်လည် လွတ်မြောက်လာခဲ့တာတွေနဲ့အတူ ပိုပြီး တိုးတက်လာလေမလား မျှော်လင့်မှုတွေလည်း ကြီးထွားလာနေကြတာပါ။
အများစုက ဒေါ်အောင်ဆန်းစုကြည် ကို စိတ်ဝင်စားကြပါတယ်။ ဒါကြောင့်လည်း သူပြန်လွတ်လာတဲ့အတွက် ခရီးသွားတွေလည်း ပိုပြီးလာကြလိမ့်မယ်လို့ သူထင်တဲ့အကြောင်း မြန်မာဧည့်လမ်းညွှန် ကိုစိုးရီ က ပြောပြပါတယ်။ တချို့ကမ္ဘာလှည့် ခရီးသွားတွေဆိုရင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အင်လျားကန်နံဘေး နေအိမ်ကို လိုက်လံပြသခိုင်းတာ၊ သူ့အကြောင်းတွေကို မေးမြန်းတာမျိုးတွေလို စိတ်ဝင်တစား ရှိကြတယ်လို့လည်း ခရီးသွားလမ်းညွှန်တွေက ပြောပါတယ်။ သတင်းမီဒီယာတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ အခြေအနေတွေကို မျက်မြင်ကိုယ်တွေ့ သိလိုသူတွေ၊ စူးစမ်းလိုသူတွေ အတွက်လည်း မြန်မာနိုင်ငံဟာ စိတ်ဝင်စားစရာ တိုင်းပြည်တခု ဖြစ်နေရတာပါ။
“ကျမရဲ့ ပုဂ္ဂိုလ်ရေး အမြင်အရကတော့ ဒီတိုင်းပြည်ကို လူတွေလာရောက် လည်ပတ်သင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒါဟာ စိတ်ဝင်စားစရာ၊ ဆွဲဆောင်မှုရှိတဲ့ တိုင်းပြည်တခုပါ။ လူတွေနဲ့လည်း ထိတွေ့ဆက်ဆံနိုင်ပါတယ်။ ဒါဟာ နိုင်ငံရေးအခြေအနေ ဆိုတာထက် ပိုပါတယ်။”
ရန်ကုန်မြို့ ရွှေတိဂုံဘုရားကို လည်ပတ်နေတဲ့ ဂျာမန်ကမ္ဘာလှည့်ခရီးသည် Sina Hoelsch ဖြစ်ပါတယ်။
ဒေသတွင်း ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတွေကို စီမံခန့်ခွဲနေတဲ့ ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်းအသင်း (PATA) ကတော့ ရှေ့လာမယ့် ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှာ ပျမ်းမျှ ၆ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်း လောက်အထိ တိုးလာနိုင်တယ်လို့ ခန့်မှန်းထားတာပါ။ မြန်မာအစိုးရရဲ့ တရားဝင် ကိန်းဂဏန်းတွေကတော့ ပြီးခဲ့တဲ့ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် အတွင်း ခရီးသွားပေါင်း ၃ သိန်းလောက် မြန်မာနိုင်ငံကို လာခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါပေမဲ့လည်း ဒီပမာဏဟာ ကမ္ဘာလှည့်ခရီးသွား ၁၄ သန်း ရောက်လာခဲ့တဲ့ ထိုင်းနိုင်ငံ၊ ခရီးသွား ၁ သန်း ရှိခဲ့တဲ့ လာအိုလို နိုင်ငံတွေနဲ့စာရင်တော့ နည်းပါးနေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ခရီးမသွားဖို့ လှုံ့ဆော်ကြသူတွေကတော့ ခရီးသွားလုပ်ငန်းက ရလာနိုင်တဲ့ ၀င်ငွေတွေဟာ စစ်အစိုးရကိုသာ အထောက်အကူ ဖြစ်စေလိမ့်မယ်ဆိုပြီး အလည်အပတ်မလုပ်ပဲ သပိတ်မှောက်ဖို့ ဆော်သြနေကြတာပါ။
ဓာတ်ပုံ - အေပီ
မြန်မာနိုင်ငံဟာ ခရီးသွားလုပ်ငန်း အတွက် အလားအလာတွေရှိတဲ့ တိုင်းပြည်တခုဖြစ်ပေမဲ့ မတည်ငြိမ်တဲ့ အခြေအနေတွေက ဒီလုပ်ငန်းအပေါ် ခြိမ်းခြောက်နေတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ၁၀ ကြိမ်ကျော် ရောက်ဖူးတဲ့ ခရီးသွားလုပ်ငန်းက Marek Pietrowicz ကတော့ ခရီးသွားတွေ အသွားအလာ များလာတာနဲ့အမျှ အပြန်အလှန် အနေနဲ့ တိုင်းပြည်လွတ်လပ် ပွင့်လင်းမှုအတွက်လည်း အထောက်အကူ ဖြစ်မယ်လို့ မြင်ပါတယ်။
“အခုလက်ရှိ အခြေအနေတွေဟာ တိုင်းပြည်အနာဂတ်အတွက် အလွန်ကောင်းသလို၊ ခရီးသွားတွေ အတွက်လည်း ကောင်းပါတယ်။ ဘကြောင့်လည်းဆိုတော့ ခရီးသွားတွေ အနေနဲ့ သတင်းတွေကိုရမယ်။ တိုင်းပြည်အနေနဲ့လည်း ပွင့်လင်းလာမယ်ဆိုရင် ဒီမိုကရေစီလည်း ပိုပြီးထွန်းကားလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။”
ဒါပေမဲ့လည်း ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်းအသင်း (PATA) လို အဖွဲ့အစည်းတွေက အခြေအနေတွေဟာ သတိထားဖို့ လိုဦးမယ်လို့ မြင်ပါတယ်။ လတ်တလော အခြေအနေမှာတော့ အရေအတွက် များများစားစား မြန်မာနိုင်ငံကို ခရီးသွားနိုင်ဖို့ထက် အနည်းအကျဉ်းလောက်နဲ့ အစပျိုးလုပ်နိုင်တယ်လို့လည်း အသင်းရဲ့ ဒုတိယအမှုဆောင်အရာရှိချုပ် John Koldowski က အကြံပြုခဲ့တာပါ။ ဒါဟာလည်း မြန်မာနိုင်ငံဟာ ခရီးသွားလုပ်ငန်း အတွက် အလားအလာတွေရှိတဲ့ တိုင်းပြည်တခုဆိုပေမဲ့ နိုင်ငံရေး စီးပွားရေး အခြေအနေတွေဟာ တည်ငြိမ်တဲ့အဆင့်ကို မရောက်သေးတာကြောင့်လို့ သူကဆိုပါတယ်။
“ဒီအခြေအနေကနေ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ကြရမှာပါ။ အခုအချိန်ဟာ ပြန်လည်ဆန်းစစ်ကြည့်ဖို့၊ ရင်းနှီးမြုပ်နှံမှုတွေ ပြန်လုပ်ဖို့ လုပ်ကောင်းလုပ်ကြရမယ့် အချိန်ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ကတော့ မျှော်လင့်ချက်ထားပါတယ်၊ အပြုသဘောထားလည်း ရှိပါတယ်။ ဒါပေမဲ့လည်း လောလောဆယ်တော့ ကျနော်တို့အနေနဲ့ စောင့်ကြည့်ချင်တဲ့ ဆန္ဒပဲ ရှိပါသေးတယ်။”
ဒေသတွင်း အဖွဲ့တခုဖြစ်တဲ့ ဧရာဝတီ-ချောင်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာအဖွဲ့ ရဲ့ နိုဝင်ဘာလလယ်တုန်းက ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးပွဲမှာတော့ မြန်မာနိုင်ငံအပါအ၀င် အဖွဲ့ဝင်နိုင်ငံတွေကြားမှာ ခရီးသွားလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်သွားကြဖို့ အပါအ၀င် စီးပွားရေး သဘောတူညီချက်တွေကိုလည်း ရရှိခဲ့ကြပါတယ်။ ဒီလိုပဲ မကြာသေးခင်ကပဲ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့ ဟိုချီမင်းစီတီးမြို့တွေကနေ မြန်မာနိုင်ငံကို တိုက်ရိုက်လေကြောင်း ခရီးစဉ်တွေ တိုးချဲ့ပြေးဆွဲ လာတာတွေလည်း ရှိခဲ့တာပါ။ ၂၀၁၀ ပြည့်နှစ်ဆန်းပိုင်းကစလို့ ပြည်ပကလာရောက်ကြသူတွေကို ဆိုက်ရောက်ဗီဇာတွေ ထုတ်ပေးတာမျိုးလို၊ ခရီးသွားလာမှုတွေအပေါ် ကန့်သတ်မှုတွေ လျှော့ပေါ့လာတာတွေကလည်း ခရီးသွားလုပ်ငန်းအတွက် အပေါင်းလက္ခဏာအဖြစ် မြင်ကြပါတယ်။
ဒါပေမဲ့လည်း ရွေးကောက်ပွဲကာလ မတိုင်မီမှာပဲ ဒီလို ဗီဇာထုတ်ပေးနေတာကို ဆိုင်းငံ့တာမျိုးတွေလည်း ရှိခဲ့တာပါ။ ဒီလိုပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပဋိပက္ခတွေ၊ တင်းမာမှုတွေ ကြုံနေရတာ၊ နိုင်ငံရေးပြဿနာတွေဟာလည်း ပြေလည်မှု မရနိုင်သေးပဲ ဖြစ်နေရတာပါ။ ဒီလို မူဝါဒတွေ လုပ်ထုံးလုပ်နည်းတွေမှာ မကြာခနဆိုသလို အပြောင်းအလဲတွေ ရှိနေသမျှ၊ နိုင်ငံရေး အခြေအနေတွေ တည်ငြိမ်မှုမရှိသမျှ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း အပါအ၀င် စီးပွားရေး တခုလုံးဟာ အလားအလာကောင်းတွေနဲ့ အလှမ်းဝေးနေလိမ့်ဦးမယ်လို့ စီးပွားရေး အကဲခတ်တွေ၊ ကျွမ်းကျင်သူတွေကတော့ ရှုမြင်နေကြတာ ဖြစ်တဲ့အကြောင်း တင်ပြလိုက်ပါတယ်။
Source : Travel Myanmar Google Group
Sunday, November 21, 2010
ဗီယက်နမ် ပြည်ဝင်ခွင့် ဗီဇာကြေး ကင်းလွတ်ခွင့်ပေးတော့မည်
ဗီယက်နမ်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာကြေး ကင်းလွတ်ခွင့်ကိုမြန်မာနိုင်ငံသားများ အား မကြာမှီ ပေးတော့မည်ဖြစ်ကြောင်း ဗီယက်နမ် သံရုံးမှသံအမတ်ဖြစ်သူ Mr. Chu Cong Phung က နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ပါ့ခ်ရွိုင်ရယ် ဟိုတယ်၌ ပြုလုပ်ခဲ့သည့် ဗီယက်နမ် လေကြောင်း၏ ဒုတိယမြောက် ရန်ကုန်-ဟိုချီမင်း တိုက် ရိုက်လေကြောင်းလိုင်း စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောသည်။
"လက်ရှိ ဗီယက်နမ်ဗီဇာကို အမေရိ ကန် ၅၅ ဒေါ်လာနဲ့ သံရုံးမှာ လျှောက်ထားရယူနိုင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ခရီးသွား ဧည့်သည်တွေအတွက် ဗီယက်နမ်ပြည်ဝင်ခွင့် ဗီဇာကြေးကင်း လွတ်ခွင့်ကို မကြာမီကာလမှာ ပေးနိုင်တော့မှာဖြစ်ပါတယ်။ ဗီယက်နမ် နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံက အာဏာပိုင်တွေကို ဗီဇာကြေး ကင်းလွတ်ခွင့်နဲ့ပတ်သက်ပြီး တင်သွင်း ပြီးပါပြီ။ မြန်မာနိုင်ငံဘက်က အဆုံးအဖြတ်ကိုပဲ ကျွန်တော်တို့ စောင့်နေတာပါ။ မကြာခင်ကာလမှာ စတင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်" ဟု Mr. Chu Cong Phung ကပြောသည်။
ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံ ဗီဇာ ကင်းလွတ်ခွင့်ရရှိပါက နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည့်အပြင် နှစ်နိုင်ငံ အကြားခရီးသွားလာမှု ပိုမိုများပြားလာမည်ဟု ခရီးသွားလုပ်ငန်းရှင်အချို့က သုံးသပ်သည်။
"အခုလောလောဆယ်မှာ ဗီယက်နမ် ပြည်ဝင်ခွင့်ဗီဇာကြေးက တခြားအာရှ နိုင်ငံဗီဇာကြေးတွေထက် သိသိသာသာ များနေပါတယ်။ ဗီဇာကြေးကင်းလွတ်ခွင့်ပေးလိုက်ရင်တော့ ဗီယက်နမ်နိုင်ငံကို ခရီးစဉ်တွေပြေးဆွဲရာမှာ အများကြီး အကျိုးရှိမှာဖြစ်ပါတယ်။ မကြာမီ ပေးလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်" ဟု ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်း ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ၀င် ရောက်လာသော ဧည့်သည်အများစုမှာ စီးပွားရေးလုပ်ငန်းရှင်များဖြစ်ပြီး မြန်မာနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ သွားရောက် လည်ပတ်သည့် ဧည့်သည်အရေအတွက် နည်းပါးသေးကြောင်း ဗီယက်နမ်သံရုံး ဗီဇာဌာနမှ Mr. Tran Van Hoang က ပြောသည်။
source : Myanmar Times
Thursday, November 18, 2010
စစ်တွေ-မင်းဘူး ရထားလမ်းစီမံကိန်း RNDP ကန့်ကွက်
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးစေသည့် ရထားလမ်း ဖောက်လုပ်မှုကို လက်မခံဟု မြောက်ဦးမြို့ ရှေးဟောင်းပညာရှင်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ပြောဆိုသည်။
၁ဝ နှစ်ကျော်ကြာ ဖောက်လုပ်နေဆဲဖြစ်သော ၁၅၇ မိုင်ရှည် စစ်တွေ-အမ်း-မင်းဘူး ရထားလမ်း စီမံကိန်းတွင် အစိတ်အပိုင်းတခုဖြစ်သည့် ရှေးဟောင်းမြို့တော် မြောက်ဦးမြို့တွင်းပိုင်းကို ယခုလ ၇ ရက်နေ့တွင် စတင်ဖောက်လုပ်ရာ လမ်းတလျှောက် ရှေးဟောင်းစေတီပုထိုး ရုပ်လုံးရုပ်ကြွများ ပျက်စီးလိမ့်မည်ဟု ဆိုသည်။
ရန်ကုန်တိုင်းမ်ဂျာနယ်အဆိုအရ ရထားလမ်းစီမံကိန်းမှာ ၉ဝ ရာခိုင်နှုန်းခန့် ပြီးစီးပြီဟု သိရသည်။ မြောက်ဦးမှသည် အမ်းဘက်ကို ဖောက်လုပ်ရန် ကျန်ရှိနေသည်။
”ဘုရားပုထိုး ကျုံးမြို့ရိုးတံတိုင်း စတာတွေ အများကြီး ရှိပါတယ်။ ဒါတွေအားလုံး ပျက်စီးသွားမှာ’’ ဟု မြောက်ဦး ရှေးဟောင်းသုတေသန ဌာနခွဲတွင် နှစ်ပေါင်း ၂ဝ ကျော် လုပ်ကိုင်ခဲ့သည့် ဒုတိယ ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ထွန်းအောင် (အငြိမ်းစား) က မဇ္ဈိမကို ပြောသည်။
လမ်းဖောက်လုပ်စ လက်ရှိအချိန်တွင် ရခိုင်သမိုင်းအတွက် တန်ဖိုးရှိသည့် မြို့ရိုးတံတိုင်း၊ ခံတပ် အပါအဝင် သမိုင်းဝင် ရှေးဟောင်းရုပ်ကြွများ စေတီပုထိုးများ ပျက်စီးကာ၊ အထွဋ်အမြတ် ကိုးသောင်း ပုထိုးတော်ကြီး ပျက်စီးနိုင်သည်ဟု သူက ဆိုသည်။
RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကလည်း ’’သာသနိက အဆောက်အဦးတွေကို ကွေြ့ပီး သွားရမှာ။ ဒါမှ နှစ်ဦးနှစ်ဖက် အကျိုးရှိမှာ။ ရထားလမ်း ဖောက်ခြင်းဖြင့် တဖက်က သာသနိက အဆောက်အဦးတွေ မပျက်စီးရအောင်၊ ရထားနဲ့သွားတဲ့ ခရီးသည်တွေ ဖူးမျှော်နိုင်အောင် လမ်းတွေကို ရွေးချယ်ဖို့ လိုတယ်။ အချက်အလက်တွေ စုဆောင်းပြီးတော့ ဥပဒေဘောင်အတွင်းက အများသိအောင် လုပ်မယ်’’ ဟု မဇ္ဈိမကို ပြောသည်။
ယခုလ ၁၄ ရက်နေ့တွင် မြောက်ဦးမြို့ ရှေးဟောင်းသုတေသနဌာနခွဲ တာဝန်ခံ ဗိုလ်မှူးချစ်ဦးက ရထားလမ်း ဖောက်သူများကို တားမြစ်ခဲ့သလို၊ စစ်တွေခရိုင် ရှေးဟောင်းသုတေသနဌာနသို့ပါ ရပ်တန့်ပေးရန် စာတင်သဖြင့် နောက်ရက်တွင် စစ်တွေမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောလွင် လာရောက်ဆွေးနွေးခဲ့သည်။ သို့သော် ယမန်နေ့တွင်မူ ဆက်လက်၍ ဖောက်လုပ်လာပြန်သည်။
ရခိုင်ပြည်နယ် နေရာအနှံ့ ရှေးဟောင်းအမွေအနှစ်များ ရှိသော်လည်း မြောက်ဦးမြို့တော်သည် ရခိုင်ဘုရင် အဆက်ဆက် နန်းစိုက်ခဲ့ရာ မြို့ဖြစ်ပြီး၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းရာ မြို့လည်း ဖြစ်သည်။  အေဒီ ၁၇၈၅ ခုနှစ်တွင် ရခိုင့်နောက်ဆုံးဘုရင် မဟာသမ္မတ မင်းနန်းစိုက်ခဲ့ပြီး၊ ရခိုင်တို့၏ နောက်ဆုံး ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာ ဒေသဖြစ်ကြောင်း ရမ်းဗြဲ တောင်ကျောင်းဆရာတော် ပြုစုရေးသားခဲ့သည့် ရခိုင်ရာဇဝင် သိုက်ကျမ်းများတွင် ဆိုထားသည်။ မြို့တော်ဟောင်းနေရာ အကျယ်အဝန်းမှာ ၁ဝ မိုင်ဝန်းကျင် ရှိသည်။
ရခိုင်ပြည်နယ်ရှိ ပြတိုက်များတွင် ရှေးဟောင်း အမွေအနှစ်များ တစထက်တစ နည်းပါးလာသလို၊ လက်ရှိ ရှေးဟောင်း သုတေသန ဌာနကလည်း စနစ်တကျ မပြုပြင်သဖြင့် ယိုယွင်းပျက်စီးမှုနှင့် ပျောက်ရှမှုများ ရှိနေသည်ဟု ကန့်ကွက်သူများက ဆိုကြသည်။
ဦးကျော်ထွန်းအောင်က ’’အရင်ကဆိုရင် လမ်းတွေဘာတွေ ဖောက်လုပ်တဲ့အခါမှာ ရှေးဟောင်း အဆောက်အဦးတွေ တွေ့ခဲ့ရင် ချက်ချင်းရပ်ပြီး၊ အဲဒီရှေးဟောင်းပစ္စည်းတွေကို အရင်မူလအတိုင်း ပြုပြင်ခဲ့တာတွေ ရှိတယ်။ အဲဒီနေရာမှာလည်း လမ်းဆက်မဖောက်တော့ဘူး။ အခုလမ်းဖောက်တဲ့အခါ ရှေးဟောင်း အမွေအနှစ်တွေ တွေ့ရင်လည်း မရပ်မနားဘဲ ဆက်ဖောက်ဆိုတဲ့ဟာက တော်တော့ကို အရုပ်ဆိုးပါတယ်’’ ဟု ပြောသည်။
၁၉၅ဝ ခုနှစ်တွင် နိုင်ငံတော်က မြောက်ဦးမြို့၌ ရှေးဟောင်းသုတေသန ဌာနခွဲကို စတင်ထားရှိခဲ့ခြင်း ဖြစ်သည်။
Wednesday, November 17, 2010
မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၁၅၀ အောက်သာ ကျန်ရှိတော့၍ သိပ္ပံနည်းကျ စာရင်းကောက်ယူမှုများ ပြုလုပ်သွားမည်
မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၁၅၀ ၀န်းကျင်အောက်သာ ကျန်ရှိတော့ကြောင်း၊ ထို့ကြောင့် သိပ္ပံနည်းကျ စာရင်းကောက်ယူမှုများကို သစ်တောရေးရာဝန်ကြီးဌာန အနေဖြင့် ဆက်လက်ပြုလုပ်သွားရန် ရှိကြောင်း အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ ကျားအများဆုံး ရှိရာဒေသသည် ၂၀၁၀ ပြည့်နှစ် နှစ်လယ်ပိုင်းအတွင်းက ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသော ဟူးကောင်း ကျားထိန်းသိမ်းရေးနယ်မြေ ဖြစ်ပြီး အခြားကျား ထိန်းသိမ်းရေး နေရာများဖြစ်သည့် တမံသီဘေးမဲ့တောနှင့် တနင်္သာရီ သဘာဝကြိုးဝိုင်းတွင်လည်း ကျားမျိုးစိတ်အချို့ ကျန်ရှိနေသေးကြောင်း သိရှိရသည်။
သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက "မြန်မာနိုင်ငံမှာ ကျားထိန်းသိမ်းရေးကို WCS အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ ကျားထိန်းသိမ်းမှုတွေ ပြုလုပ်နေသလို နည်းပညာအသုံးပြုပြီး ကျားထိန်းသိမ်းရေးနယ်မြေတွေမှာ ကျားခြေရာတွေကို GPSS စနစ်နဲ့မှတ်တမ်းတင်တာမျိုးတွေ ပြုလုပ်လျက်ရှိပါတယ်။ ပြီးတော့ ကျားမစင်လို့ယူဆရတဲ့ တိရစ္ဆာန်မစင်တွေကိုလည်း  DNA နည်းနဲ့ ဓာတ်ခွဲခန်းတွေမှာ ဓာတ်ခွဲပြီး မျိုးစိတ်လေ့လာမှုတွေကိုလည်း ပြုလုပ်လျက်ရှိပါတယ်။ ထောင်ခြောက်ကင်မရာတွေနဲ့ ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်ပြီး ကျားကိုယ်ပေါ်မှာရှိတဲ့ အမွှေးအမျှင်တွေ နဲ့အစင်းတွေအပေါ် မူတည်ပြီး ခွဲခြားသတ်မှတ်မှုတွေ ပြုလုပ်နေပါတယ်။ ဆက်လက်ပြီးလည်း သိပ္ပံနည်းကျ စာရင်းကောက်ယူမှုတွေကို ဆက်လက်ပြုလုပ်သွာဖို့ အစီအစဉ်ရှိပါတယ်"ဟု ပြောကြားခဲ့သည်။
  မြန်မာနိုင်ငံတွင် ကျားမျိုးစိတ် ၂မျိုးသာ ကျန်ရှိတော့ပြီး ဘင်္ဂလားကျားနှင့် အင်ဒိုချိုင်းနားကျား မျိုးစိတ်တို့သာ ကျန်ရှိတော့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကချင်ပြည်နယ်ရှိ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေဖြစ်သည့် ဟူးကောင်း ကျားထိန်းသိမ်းရေး နယ်မြေတွင်လည်း ကျားကောင်ရေ ၅၀ ၀န်းကျင်သာ ကျန်ရှိတော့ကြောင်း၊ ကျားမျိုးများ လျော့နည်း လာရခြင်းမှာ ကျားနေထိုင်ရန် သစ်တောများပြုန်းတီးလာခြင်း၊ ရာသီဥတု အခြေအနေနှင့် အမဲလိုက်ခံရခြင်းများကြောင့်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တစ်ဦးက  ပြောကြားခဲ့သည်။
Credit : News-Eleven