Saturday, January 16, 2010

ကချင်ပြည်နယ်တွင် ပင်လယ်တုအပန်းဖြေစခန်း တည်ဆောက်မည်

၂၀၁၀ပြည့်နှစ်နောက်ပိုင်း၌ ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်အတွင်းတွင် ပင်လယ်တုပါဝင်သော အပန်းဖြေစခန်းတည် ဆောက်နိုင်ရန် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ချိတ်ဆက်ထားသည့် ပြည်တွင်းကုမ္ပဏီတစ်ခုမှ စီစဉ်လျက်ရှိကြောင်း သတင်းရရှိပါသည်။ ''ဒီအပန်းဖြေစခန်းကို ၂၀၁၀ နောက်ပိုင်းမှာ စတင်နိုင်ဖို့ မျော်မှန်း ထားပါတယ်။ ဒေသခံလုပ်ငန်းရှင် တွေနဲ့ ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံတကာ လုပ်ငန်းရှင်ကြီးတွေလည်း တွေ့ဆုံ ဆွေးနွေးပြီးပါပြီ။ စီးပွားရေးအခွင့် အလမ်းနဲ့ လုပ်သာကိုင်သာဖြစ်တဲ့ အနေအထားတွေ အပေါ်မူတည်မှာပါ။ နိုင်ငံတကာ လုပ်ငန်းရှင်တွေကလည်း မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ထူထောင် နိုင်ဖို့ စိတ်ဝင်တစား လေ့လာနေကြ ပါတယ်''ဟု မြန်မာနွယ်ဝင်းကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာဦးဝင်းနိုင်ဦးက ပြောကြားပါသည်။

အဆိုပါစီမံကိန်းကို နယူးဇီလန် နိုင်ငံမှလုပ်ငန်း ၁၀ ခုဝန်းကျင် ပေါင်းစည်းထားသည့် ကုန်သွယ်ရေး၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ New Zealand Trades Enterprise Limited(NZTE) အပါအ၀င် ဂျပန်၊ သြစတြေးလျ၊ တရုတ်တို့မှ စီးပွားရေး လုပ်ငန်းများ ပူးပေါင်း၍ အကောင် အထည်ဖော် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့ကို ဆက်သွယ် သွားလာနိုင်သည့် လီဒိုလမ်းမကြီး အနီး တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်သည့် ဧရာဝတီမြစ်ကမ်းနား တစ်နေရာတွင် တည်ဆောက်ရန် မြေနေရာကြည့်ရှု ထားပြီးဖြစ်ကြောင်း သိရသည်။ ''ကချင်ပြည်နယ်က အချက်အချာကျတယ်။ တရုတ်နဲ့ အိန္ဒိယကို ချိတ်ဆက်ပေးထားတဲ့ လီဒိုလမ်းမကြီး ရှိတယ်။ နောက်ဆိုရင် ဒီလမ်းမကြီး ကနေတစ်ဆင့် စီးပွားရေးသမားတွေ၊ လုပ်ငန်းရှင်တွေ အရေအတွက်အများ ကြီး ဖြတ်သန်းလာမယ်။ နောက်တစ်ခုက ပင်လယ်နဲ့ အလှမ်းဝေးတဲ့ ဒေသဖြစ်တယ်။ လိုအပ်တဲ့ရေအရင်း အမြစ်ကိုလည်း ဧရာဝတီမြစ်ကနေ ရယူနိုင်တယ်။ ဒေသခံတွေကလည်း ရင်းနှီးမြှုပ်နှံချင်တာကို လှိုက်လှိုက် လှဲလှဲ ကြိုဆိုတယ်။ ဒေသဖွံ့ဖြိုးဖို့ အတွက် ဆန္ဒရှိကြတယ်။ ဒါကြောင့် ကချင်ပြည်နယ်မှာ ဒီစီမံကိန်းကို အကောင်အထည်ဖော်ချင်တာပါ''ဟု NZTE မှ ဒေသဆိုင်ရာ အမှုဆောင် ဒါရိုက် တာက ဆိုသည်။ လက်ရှိအချိန်တွင် ပင်လယ်တု အပန်းဖြေစခန်းသည် ဂျပန်နိုင်ငံ၌သာ ရှိပြီး အပန်းဖြေစခန်း အဆောက်အအုံ မှာ အလျား မီတာ ၃၀၀ (ပေ ၉၅၀)၊ အနံ မီတာ ၁၀၀ (ပေ ၃၃၀) ရှိကာ ပင်လယ်တု၏ အရှည်မှာ မီတာ ၁၄၀ (ပေ ၄၅၀ - ဘောလုံးကွင်း ခြောက်ကွင်းစာ) ခန့်ကျယ်ဝန်းကြောင်း၊ အပူချိန်ကို ၃၀ ဒီဂရီဖာရင်ဟိုက်ရှိ အောင်ချိန်ညှိထားပြီး သဲသောင်များ၊ ကျောက်ဆောင် ကျောက်တန်းများ ထားရှိထားကာ ပင်လယ်ပြင်နောက်ခံ မြင်ကွင်းအဖြစ် မီးတောင်များ၊ မုတ်သုံ သစ်တောများ၊ ကျေးငှက်တိရစ္ဆာန်များ၊ မြစ်များစသည်တို့ကို ထည့်သွင်းတည် ဆောက်ထားကြောင်း သိရပါသည်။

NZTE ကုမ္ပဏီသည် မြန်မာ နိုင်ငံတွင်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား သည့်ကုမ္ပဏီတစ်ခုဖြစ်ပြီး အချို့ လုပ်ငန်းများကို ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများနှင့် အကျိုးတူပူးပေါင်း ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း၊ အဆိုပါကုမ္ပဏီသည် နို့နှင့်နို့ထွက် ပစ္စည်းနည်းပညာ၊ စက်မှုလယ်ယာနှင့် ဥယျာဉ်ခြံနည်းပညာ၊ စွန့်ပစ်အမှိုက်များ (ပလတ်စတစ်အပါအ၀င်)ကို အသုံးပြုပြီး လျပ်စစ်စွမ်းအင်နှင့် စက်မှု ကုန်ကြမ်းထုတ်လုပ်သည့် နည်းပညာ၊ မြစ်၊ ချောင်း၊ ပင်လယ်တို့ မှရေများကို သန့်စင်သည့်နည်းပညာ၊ ချောင်းငယ် မြောင်းငယ်များမှ လျပ်စစ်ထုတ်လုပ် သည့်နည်းပညာ၊ လျပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးနည်းပညာ၊ သတင်း အချက်အလက် နည်းပညာ၊ လေယာဉ်ပျံ ထုတ်လုပ်ခြင်းနှင့် လေယာဉ်ပျံသန်းမှု ဆိုင်ရာနည်းပညာ၊ ပညာသင်ကြား ရေးဆိုင်ရာနည်းပညာ၊ ကုန်ထုတ် လုပ်မှုနှင့် ဖြန့်ဖြူးရောင်းချမှုဆိုင်ရာ နည်းပညာများ စသည်တို့ကို နည်းပညာနှင့် အရင်းအနှီးလိုအပ်သည့် နိုင်ငံတကာရှိ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဝန် ဆောင်မှုပေးနေသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။

Source: Weekly Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.