Wednesday, January 27, 2010

မြန်မာ့ ခရီးသွား သမိုင်းမှတ်တိုင်သစ် ကို စိုက်ထူမည့် ပထမဆုံးအကြိမ် ကမ်းရိုးတန်းဒေသ ကမ္ဘာလှည့် အပျော်စီး သင်္ဘောကြီး ၂၀၁၀ မတ်တွင် ရောက်ရှိမည်

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ပို့ဆောင်ရေး ၀န်ကြီးဌာန၏ ကူညီပံ့ပိုးမှု၊ Myanmar Voyages International Tourism ၏ စီစဉ် ဆောင်ရွက်မှု တို့ဖြင့် ကမ္ဘာလှည့် ခရီး သည်များ လိုက်ပါလာသည့် ခရီးသည်တင် သင်္ဘောကြီး MV the world သည် ၂၀၁၀ပြည့်နှစ်၊ မတ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း Myanmar Voyages ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသက်လွင်တိုး က မြန်မာပို့စ်ဂျာနယ် အား ပြောပြသည်။

အဆိုပါ ကမ္ဘာလှည့်ခရီးသည်တင် သင်္ဘောကြီး ရောက်ရှိလာရေး အတွက် လွန်ခဲ့သော ငါးနှစ်ခန့်မှ စီစဉ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ MV the world ခရီးသည်တင် သင်္ဘောကြီးသည် မြန်မာနိုင်ငံ မြိတ်ကျွန်းစု ဒေသသို့ ဦးစွာ ၀င်ရောက်ကာ မြိတ်ကျွန်းစုရှိ ထင်ရှားသော ကျွန်း များဖြစ်သည့် ၁၁၅ကျွန်း၊ ကျွန်းသီလာ၊ ခက်ရင်းခွကျွန်း၊ ဘိုချိုကျွန်း၊ လန်ပိကျွန်း၊ ရဲအေးငှက်သိုက်ကျွန်း များသို့ နှစ်ရက်ခန့် လေ့လာမည် ဖြစ်သည်။ ထို့နောက် ရန်ကုန် သီလ၀ါ ဆိပ်ကမ်းသို့ ရောက်ရှိပြီး ရန်ကုန်မြို့တွင်း လှည့်လည် ကြည့်ရှု့ကြကာ မန္တလေး၊ ပုဂံဒေသ များသို့ ငါးရက်ကြာ လေ့လာရေး ခရီး ဆက်လက် လည်ပတ် ကြမည်ဖြစ်သည်။ ရန်ကုန်မြို့မှ တစ်ဆင့် ရေလမ်းကြောင်း အတိုင်း ငပလီ အပါအ၀င် ရခိုင်ပြည် နယ်သို့ ဆက်လက် ထွက်ခွာမည်ဖြစ်သည်။ ငပလီ ကမ်းခြေ အလှအပနှင့် မြောက်ဦးမြို့ ရှိ ရှေးဟောင်း ဘုရားပုထိုးများ ကို သွားရောက် လေ့လာကြမည့် အပြင် ဒေသတွင်း ရေထွက် ပို့ကုန် လုပ်ငန်းများ ကိုလည်း လေ့လာ ကြမည် ဖြစ်သည်။

အဆိုပါ သင်္ဘောကြီးသည် မြန်မာနိုင်ငံ ခရီးစဉ်ပြီးဆုံးသောအခါ အိန္ဒိယနိုင်ငံ၊ ချန်းနိုင်း ဆိပ်ကမ်းမြို့သို့ ခရီး ဆက်ထွက်ခွာ သွားမည်ဖြစ်သည်။ “မြိတ်ကျွန်းစု ဒေသကို ခရီးသည်တင် အပျော်စီး သင်္ဘောကြီး ပထမဆုံးအကြိမ် ရောက်ရှိခြင်း ဖြစ်ပါတယ်။ အဲဒီကျွန်းတွေကို လေ့လာမယ်။ မြိတ်ကျွန်းစုကို ဒီလို အပျော်စီး သင်္ဘောကြီးရောက် ရှိလာတဲ့အတွက် မြိတ်ကျွန်းစုရဲ့ အလှအပ တွေကို ဧည့်သည်တွေ ကိုယ်တိုင် ကိုယ်တွေ့မြင်ပြီး တစ်ဆင့် တစ်ဆင့်နဲ့ မြိတ်ကျွန်းစုက ကမ္ဘာကျော် သွားနိုင်မယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

အဆိုပါ မြိတ်ကျွန်းစုမှ ရန်ကုန်မြိုသို့ ရောက်ရှိပြီးနောက် သင်္ဘောကြီးသည် ငပလီသို့ ဆက်လက် ထွက်ခွာ မည်ဖြစ်ပြီး ငပလီတွင် နှစ်ရက်ခန့် လည်ပတ်မည် ဖြစ်သည်။ “ Amata ဟိုတယ်နှင့် အော်ရီယမ် ဟိုတယ် အနီး ပင်လယ်ထဲမှာ သင်္ဘော ကျောက်ချ ရပ်နားမှာပါ။ ငပလီ မှာ ခုလို ကမ္ဘာလှည့် သင်္ဘောကြီး လာတာကလည်း ပထမဆုံးအကြိမ်ပါ။ သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ ဧည့်သည် တွေကို ဒီဟိုတယ်နှစ်ခုမှာ တည်းဖို့စီစဉ်ထား ရှိထား တယ်။ ငပလီ ကမ်းခြေသွားမယ်။ ရေထွက် ကုန် လုပ်ငန်းတွေကို လိုက်လံ ပို့ဆောင် ပေးမှာပါ။ ပွင့်လင်း ရာသီဆိုတော့ တခြား ကမ်းခြေဒေသတွေနဲ့ မတူတဲ့ ကမ်းခြေ အလှအပ ရှုခင်းတွေကို ငပလီကမ်းခြေ မှာ ခံ စားရတယ်။ ဒီဟိုတယ် နှစ်ခုကြားမှာ တံတား လုပ်ဖို့ လိုတယ်။ ဧည့်သည် တွေကို Boat တွေနဲ့ခေါ်ပြီး ကမ်းခြေကို ပို့ပေး သွားမှာပါ” ဟု ရှင်းပြသည်။

အဆိုပါ သင်္ဘောကြီးသည် ၂၀၀၅ခုနှစ်၊ မတ်တွင် ရန်ကုန် သီလ၀ါ ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ ပုဂံဒေသများသို့ သွားရောက် လည်ပတ်ခဲ့ဖူး ကြောင်း၊ ထိုစဉ်က ခရီးသည် ၇၈ဦး၊ သင်္ဘောအမှုထမ်း crew ၂၃၄ ဦး လိုက်ပါ လာခဲ့သည်။ ယခု ၂၀၁၀ ပြည့် နှစ်တွင် ရောက်ရှိ လာမည့်ခရီးစဉ် သည် မြိတ်ကျွန်းစု နှင့် ငပလီသို့ တိုက်ရိုက် ဆိုက်ရောက်မည် ဖြစ်၍ မြန်မာ့ ခရီးသွား သမိုင်းတွင် မှတ်တိုင်သစ် စိုက်ထူလာနိုင်ခြင်း ဖြစ်သည့် အတွက် မြန်မာ့ခရီးသွား လုပ်ငန်း ပိုမိုတိုးတက် အောင်မြင် လာတော့မည်ဖြစ်ကြောင်း လုပ်ငန်းရှင်များ က ပြောကြားကြသည်။ Myanmar Voyages International Co. Ltd ကမ္ဘာလှည့် ခရီးသည်တင် အပျော် စီးသင်္ဘောကြီးများ လာရောက် လာနိုင်ရန်အတွက် ဦးဆောင် လုပ်ကိုင်နေသည့် တိုင်းရင်းသားပိုင် ကုမ္ပဏီ တစ်ခုဖြစ်ပြီး ၁၉၉၅ခုနှစ် မှစတင်၍ ယနေ့ထိ သင်္ဘော ၃၅ စင်းဝင် ရောက်ခဲ့ပြီး ၂၀၁၀ပြည့်နှစ်တွင် အပျော်စီး သင်္ဘော ငါးစင်းခန့် ထပ်မံ ၀င်ရောက်မည်ဖြစ်ကြောင်း သိရသည်။

Credit : The Myanmar Post

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.