Sunday, January 17, 2010

 မြိတ်၊ ရန်ကုန်နှင့် ငပလီခရီးစဉ်အဖြစ် The World ကမ္ဘာလှည့် အပျော်စီးသင်္ဘော မတ်လအတွင်း လာရောက်မည်

ကမ္ဘာလှည့် အပျော်စီးသင်္ဘောကြီးများ ရန်ကုန်ဆိပ်ကမ်းအတွင်း ဆိုက်ကပ်ရန် အခက်အခဲကြောင့် မြန်မာနိုင်ငံသို့ ၀င်ရောက် လည်ပတ်မှုနှုန်း လျော့ကျလာ၍ မြိတ်ကျွန်းစုနှင့် ငပလီခရီးစဉ်များကို ပြည်တွင်းခရီးသွား ကုမ္ပဏီတစ်ခုမှ ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်း စီစဉ်ပေးမှု ရှိလာကြောင်း သိရှိရပါသည်။

ရန်ကုန်ဆိပ်ကမ်းအတွင်းသို့ ပင်လယ်ကူးသင်္ဘောကြီးများ ၀င်ရောက်ရန် ရေစူးအနက် လုံလောက်ခြင်းမရှိ၍ အာရှပစိဖိတ်သို့ လာရောက်သော အပျော်စီးသင်္ဘောကြီးများ ၀င်ရောက်မှု လျော့ကျလာကြောင်း၊ ရန်ကုန်ဆိပ်ကမ်းသို့ သင်္ဘောအရှည် ၁၆၇ မီတာ၊ ရေစူးကိုးမီတာနှင့် တန်ချိန်တစ်သောင်းခွဲထက်နည်းသော သင်္ဘောကြီးများသာ ၀င်ရောက် ဆိုက်ကပ်နိုင်ကြောင်း သိရသည်။

''ပင်လယ်ဝနဲ့နီးတဲ့ MITT မှာတောင် သင်္ဘောအရှည် ၃၀၀ ကျော်ဆိုရင် ၀င်ဖို့အကန့်အသတ် ရှိနေပါတယ်။ ဒါကြောင့် စင်ကာပူနဲ့ ထိုင်းဘက်သွားပြီးရင် များသောအားဖြင့် မြန်မာနိုင်ငံကိုမ၀င်တော့ဘဲ အိန္ဒိယဘက်ကို လှည့်သွားကြတာ များတယ်''ဟု Travels and Tours တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

ထို့ကြောင့် သင်္ဘောကြီးများဆိုက်ကပ်ရပ်နားရန် အဆင်ပြေနိုင်ပြီး သဘာဝအလှတရားများရှိသော မြိတ်ကျွန်းစုနှင့် ငပလီခရီးစဉ်များကို Myanmar Voyages ခရီးသွားကုမ္ပဏီမှ စတင်ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း၊ မတ်လအတွင်း The World ကမ္ဘာလှည့်အပျော်စီးသင်္ဘောမှ လာရောက်မည် ဖြစ်ကြောင်း သိရသည်။

''အလှဆုံးနေရာမှာပါတဲ့ မြိတ်ကျွန်းစုနဲ့ ငပလီကမ်းခြေကို လာလည်ရင်း တစ်ဆင့်စကားတစ်ဆင့်နဲ့ ကမ္ဘာလှည့်သင်္ဘောကြီးတွေ ဆိုက်ကပ်ပြီး လည်လို့ရတဲ့နေရာတွေရှိတာသိအောင် စီစဉ်ခဲ့တာပါ''ဟု Myanmar Voyages မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။ အဆိုပါကမ္ဘာလှည့်သင်္ဘောသည် ၂၀၀၅ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးကြောင်းနှင့် ယခုခရီးစဉ်တွင် မတ်လ ၁၁ ရက်နေ့၌ ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေမှ မြိတ်သို့ ရောက်ရှိပြီး မြိတ်ကျွန်းစုများနှင့် ကော့သောင်းမြို့များကို လည်ပတ်ကာ ၁၄ ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ရန်ကုန်မှ ၁၈ ရက်နေ့တွင် ပြန်လည်ထွက်ခွာ၍ ငပလီကမ်းခြေသို့ ၂၀ ရက်နေ့တွင် ဆိုက်ကပ်ကာ ၂၀ ရက်နေ့ ညနေတွင်ပင် အိန္ဒိယနိုင်ငံသို့ ထွက်ခွာလည်ပတ်မည်ဖြစ်ကြောင်း သိရှိရပါသည်။ The World အပျော်စီးသင်္ဘောကြီးသည် ခရီးသည် ၆၀၀ ကျော်ဆံ့ပြီး ယခုခရီးစဉ်တွင်မူ ခရီးသည် ၂၀၀ ကျော်လိုက်ပါလာရန်ရှိကြောင်း Myanmar Voyages မှ တာဝန်ရှိသူက ထပ်မံပြောပြခဲ့သည်။

Credit: Weekly Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.