Saturday, April 03, 2010

ခရီးသည်တင် လေယာဉ်သစ်ဝယ်ယူရာတွင် ခရီးသည်များအတွက် လုံခြုံစိတ်ချရသည့် လေယာဉ်များဝယ်ယူနိုင်ရေးမှာ အဓိကကျ

မြန်မာနိုင်ငံတွင် ပျံသန်းပြေးဆွဲနေသော လေကြောင်းလိုင်း အသီးသီးမှ လေယာဉ်သစ်များ ၀ယ်ယူရန် ပြင်ဆင်နေချိန်တွင် ခရီးသည်များအတွက် လုံခြုံစိတ်ချမှု အပြည့်အ၀ပေးနိုင်သည့် လေယာဉ်များ ၀ယ်ယူနိုင်ရေးမှာ အဓိကကျအရေးပါလှကြောင်း လေကြောင်း လိုင်းအသိုင်းအ၀ိုင်းနှင့် နီးစပ်သူများနှင့် ခရီးသွားရေးရာ ကျွမ်းကျင်သူအချို့က သုံးသပ်ခဲ့သည်။

လက်ရှိအချိန်တွင် ပြည်တွင်း လေကြောင်းလိုင်းများနှင့် ပြည်ပပြေးဆွဲနေသည့် လေကြောင်းလိုင်းများပါ လေယာဉ်သစ်များ ထပ်မံဝယ်ယူရန် စီစဉ်လျက်ကြောင်းသိရ သည်။
Air Mandalay လေကြောင်းလိုင်းမှ လေယာဉ်သစ်များ ၀ယ်ယူရန်ပြင်ဆင်နေပြီး နှစ်ကုန်တွင် လေယာဉ်လေးစင်းဖြင့် ပြေးဆွဲ သွားနိုင်ရန် Air Mandalay လေကြောင်းလိုင်းမှ လေယာဉ်သစ်များဝယ်ယူရန် ပြင် ဆင်နေပြီး နှစ်ကုန်တွင် လေယာဉ် လေးစင်းဖြင့်ပြေးဆွဲသွားနိုင်ရန် စီစဉ်ထားမှုများရှိနေကြောင်း အဆိုပါ လေကြောင်းလိုင်းနှင့်နီးစပ်သူတစ်ဦး က ပြောပြခဲ့ပါသည်။ Air Bagan လေကြောင်းလိုင်းမှလည်း လာမည့် ၂၀၁၀ပြည့်နှစ် ပွင့်လင်းရာသီအမီ လေယာဉ်များထပ်မံဝယ်ယူ၍ နိုင်ငံတကာခရီးစဉ်နှင့် ပြည်တွင်းခရီးစဉ် များတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း Air Bagan ၏ Marketing မန်နေဂျာ မစ၀်သန္တာနွဲ့ထံမှသိရသည်။ ထို့ပြင် မြန်မာ့လေကြောင်းလိုင်းကလည်း ခရီးသည်တင်လေယာဉ်များ ၀ယ်ယူရန်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။


ထိုသို့ လေကြောင်းလိုင်း အသီးသီးမှ လေယာဉ်များထပ်မံ ၀ယ်ယူ၍ခရီးစဉ်များတိုးချဲ့ပြေးဆွဲရန် စီစဉ်နေချိန်တွင် ၀ယ်ယူမှုပုံစံမမှန်၍ အကျိုးအမြတ်ရရှိမှုနည်းပါးခြင်းနှင့် ခရီးသည်များ၏လုံခြုံမှု လျော့နည်းခြင်းတို့မဖြစ်စေရန် ဂရုပြုသင့်ကြောင်း ၀ါရင့်လေယာဉ်မှူးကြီးတစ်ဦးက သုံးသပ်ပြောကြားမှု ရှိခဲ့သည်။


''လေယာဉ်တစ်စင်းဝယ်ဖို့ ပိုက်ဆံအများကြီးရှိရုံနဲ့မရပါဘူး။ ဈေးကွက်ကျွမ်းကျင်မှု၊ လေယာဉ်ရဲ့ကြံ့ ခိုင်မှု၊ ခရီးသည်လုံခြုံစိတ်ချမှုပေးနိုင်စွမ်း၊ ကိုယ့်အတွက်ရရှိမယ့် အကျိုးအမြတ် ဒါတွေကိုချိန်ဆတတ်ဖို့လို ပါတယ်''ဟု ၄င်းက ရှင်းပြခဲ့သည်။


နိုင်ငံတကာရှိ လေကြောင်းလိုင်း များ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ၏ လေကြောင်းလိုင်းအများစုသည် လိုအပ်ချက်အရ လေယာဉ်တစ်စင်း ၀ယ်ယူရတော့မည်ဆိုပါက ၀ယ်ယူမည့် လေယာဉ်ကို ဦးစွာ ငှားရမ်းအသုံးပြု ပြေးဆွဲလေ့ရှိကြောင်း သိရသည်။


''လေယာဉ်တစ်စင်းကို ၀ယ်မိ လိုက်လို့ အစစအရာရာ အဆင်မပြေရင် ပြန်ရောင်းဖို့ဆိုတာမလွယ်ဘူး။ အသစ်ပဲဖြစ်ဖြစ်၊ အဟောင်းပဲဖြစ်ဖြစ် လေ။ ရပ်ထားရရင်လည်း ကိုယ့် အတွက်က အရှုံးကြီးပဲ။ ဒီတော့ လေယာဉ်ကိုမ၀ယ်ခင် ငှားသုံးကြည့်မယ်။ ဈေးကွက်လည်းရှိတယ်၊ ခရီးသည်အတွက်လည်း လုံခြုံစိတ်ချမှုပေးနိုင်တယ် ဆိုရင်၊ ပြောရရင်ကိုက်ရင်ဝယ်မယ်ပေါ့။ ဒါဆိုဘယ်သူမှနစ်နာမှု မရှိနိုင် တော့ဘူးလေ။ အရေအတွက်ထက် အရည်အသွေးပြည့်မီဖို့က အဓိက လေ''ဟု လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ရှင်းပြသည်။

ခရီးသည်တင်လေယာဉ်များ အား တစ်နှစ်လျင်တစ်ကြိမ် Certificate of Air Worthiness ကို လုပ်ဆောင်ရလေ့ရှိသော်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံအချို့တွင်မူ နှစ်စဉ်ပြင်ဆင်မှု ပြုလုပ်နိုင်ရန်အတွက် အားနည်းချက် အချို့ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင်မူ လေယာဉ် သစ်များ ထပ်မံဝယ်ယူရန်လေကြောင်း လိုင်းအသီးသီးမှ ပြင်ဆင်မှုများ ပြုလုပ်နေရာတွင် လေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုမည် ဆိုသော်လည်း ၀ယ်ယူမှုပုံစံမမှန်၍ ဆုံးရှုံးရခြင်းများ၊ ခရီးသည်များ အတွက် လုံခြုံစိတ်ချမှုအပြည့်အ၀ ပေးနိုင်ခြင်းများကိုပါ တွက်ဆရန် လို အပ်နိုင်ကြောင်းလည်း သိရှိရသည်။

''ဘယ်သူမှ Safe မဖြစ်တဲ့လေ ယာဉ်ကိုတော့မ၀ယ်ပါဘူး။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ့်အကျိုးအမြတ် ရလိုမှုတွေ၊ လေယာဉ်ဝယ်တော့မယ် ဆိုရင် လိုအပ်တဲ့နားလည်တတ်ကျွမ်းမှုပိုင်းမှာ အားနည်းချက်တွေရှိရင် နစ်နာမှု ကြုံတွေ့နိုင်တာပေါ့'' ဟု ပြည်တွင်းလေကြောင်းလိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

''လေယာဉ်တွေထပ်ဝယ်မယ် ဆိုတော့ အခုလေယာဉ်ရှားပါးလို့ ကြုံတွေ့နေရတဲ့ ခရီးစဉ်ဖျက်တာတွေ လျော့သွားတော့မှာပေါ့။ အခုက လေယာဉ်တစ်စင်းပျက်ရင် အစားထိုး ပျံပေးဖို့ ခက်သေးတယ်မဟုတ်လား။ လေယာဉ်တွေဝယ်မယ်ဆိုတာ ကြား ရလို့ ၀မ်းသာပေမယ့်ဝယ်တဲ့လေယာဉ် ကလည်း အသစ်မဟုတ်တောင်မှ သက်သောင့်သက်သာနဲ့ အဆင်ပြေမယ့် လေယာဉ်မျိုးဆို ခရီးသွားရတာ ပိုစိတ်ချမ်းသာမှာပေါ့နော်''ဟု ပြည်တွင်းလေကြောင်းလိုင်းများဖြင့် ခရီး သွားလာလေ့ရှိသူတစ်ဦးက သူ၏ အမြင်ကို ပြောပြသည်။

Credit : Weekly Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.