Sunday, August 29, 2010

Alaungdaw Kathapa National Park

This Myanmar (Burma) ecotourism, birding, birds watching and trekking tours site, Alaungdaw Kathapa (N 22˚ 30' and E 94˚ 20') lies to the west of Chindwin River, and between this river and the valley of Myittha. It consists of two Reserve Forests, namely Patolone RF and Taungdwin RF. This is established in 1984 as a national park for conserving unspoiled biodiversities. The park is 1600 sq km (616.84 sq mile) in size with a well forested mountainous area. The nearest town is Yinmarbin which park office runs in that town.
The park is well known for its wealth of biological diversity. It belongs the central mixed deciduous forests that are undisturbed such as moist upper mixed deciduous forest, dry mixed deciduous forest and low mixed deciduous forest. The virgin indaing (dipterocrap) forest places in the central of the park and the Pine Forest are on the hillsides. Evergreen Forest can be seen along the major streams.

Alaungdaw Kathapa is wonderful place for birds watchers and nature lovers. In this park only 235 bird species have been recorded, but it is believed many unseen species are yet to be discovered. This Myanmar (Burma) ecotourism, birding, birds watching and trekking tours site is a wonder land of Woodpecker in South East Asia. Here can see 18 species of Woodpecker such as Eurasian Wryneck, Speckled Piculet, White-browed Piculet, Lesser Yellownape, Greater Yellownape, Common Flameback, Himalayan Flameback, Greater Flameback, White-bellied Woodpecker, Great Slaty Woodpecker, Grey-capped Pygmy Woodpecker, Yellow-crowned Woodpecker, Streak-throated Woodpecker, Streak-breasted Woodpecker, Grey-headed Woodpecker, Bay Woodpecker, Pale-headed Woodpecker and Rufous Woodpecker. Other specialities are three species of Myanma endemic bird such as Hooded Treepie, White-throated Babbler and Burmese Bushlark, Kalij Pheasant, Blue-eared Barbet, Great Hornbill, Oriental Pied Hornbill, Red-headed Trogon, Blue-bearded Bee-eater, Chestnut-headed Bee-eater, Asian Barred Owlet, White-eyed Buzzard, White-rumped Falcon, Collared Falconet, Red-billed Blue Magpie, Large Woodshrike, Common Woodshrike, White-browed Fantail, Black-backed Forktail, Hill Myna, Chestnut-bellied Nuthatch, Velvet-fronted Nuthatche, Olive Bulbul, Greater Neckalced Laughingthrushe, Lesser Neckalced Laughingthrushe, White-bellied Yuhina and others.

One may also see a range of larger animals such as Wild Elephant, Leopard, Cloud Leopard, Gaur, Banteng, Bear, Sambar Deer, Barking Deer, as well as many other small mammals. In addition the observation of butterflies (recorded in about 200 species), various species of reptile, amphibian, fish, insect, plant and orchid, elephant riding and trekking in several types of natural forests and visiting the historical famous Alaungdaw Kathapa Shrine can be made in this Myanmar (Burma) ecotourism, birding, birds watching and trekking tours site. Millions of bat host in the cave that is near the Alaungdaw Kathapa Shrine. It is one of the most famous pagodas in the region that is located in the center of the park. Hundreds of thousand pilgrims pay homage to the pagoda annually during the dry season.
The park is accessible by car in the peak season and by elephants in the rainy season. The best time to visit is from December to May.

Alaung Daw Katapha Trip

ရန်ကုန်-ပုသိမ် လေကြောင်းခရီးစဉ် Air Bagan ကပြေးဆွဲရန် စီစဉ်

လာမည့်ခရီးသွား ရာသီတွင် ငွေဆောင်နှင့် ချောင်းသာသို့သွားသော ပြည်တွင်းပြည်ပမှ အပန်းဖြေ ဧည့်သည်များ အချိန်တိုအတွင်း သွားလာနိုင်ရေးအတွက် လေကြောင်းခရီးစဉ်ကို နိုဝင်ဘာ ၁၃ ရက်တွင် Air Bagan က စတင်ပြေးဆွဲတော့မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါခရီးစဉ်ကို တစ်ပတ်လျှင် သောကြာနေ့နှင့် တနင်္ဂနွေ နှစ်ရက်တွင် ရန်ကုန်မှ နံနက် ၁၁ နာရီခွဲတွင် ထွက်ခွာမည် ဖြစ်ပြီး အသွားအပြန် ပြေးဆွဲမည်ဖြစ်ရာ မြန်မာနိုင်ငံသားများအတွက် လေယာဉ်လက်မှတ်ခ ကျပ် ၂၅၀၀၀ ဝန်းကျင်၊ နိုင်ငံခြားသားများအတွက် FEC သို့မဟုတ် ဒေါ်လာ ၅၀ မှ ၆၀ ဝန်းကျင်အထိ သတ်မှတ်ရန် စီစဉ်ထားကြောင်း သိရသည်။ ထို့အပြင် ကမ်းခြေများမှ တိုက်ရိုက်ပြန်မည့် နိုင်ငံခြားသားများ အနေဖြင့်လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့တစ်ဆင့် ကားငှားကာ သွားရသောကြောင့် ယခုကဲ့သို့ လေကြောင်းဖြင့် ပြန်ပါက လေဆိပ်သို့ တိုက်ရိုက် ရောက်သွားခြင်းကြောင့် ပို၍ အဆင်ပြေကြောင်း၊ လေကြောင်းခရီးစဉ်ကြောင့် ငွေဆောင်ကမ်းခြေနှင့် ချောင်းသာကမ်းခြေသို့ ပြည်ပခရီးသည် ပိုဝင်လာနိုင်ပြီး ပုသိမ်လေဆိပ်မှာလည်း ကမ်းခြေနှစ်ခုကို အလွယ်တကူ သွားနိုင်သော နေရာဖြစ်ခြင်း ကမ်းခြေများအတွက် အကျိုးရှိနိုင်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ငွေဆောင်ဇုန်)မှ တာဝန်ရှိသူတစ်ဦးက ပြောကြောင်း ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ထုတ် 24/7 News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

source : Khit Lu Nge 

Saturday, August 28, 2010

ပြည်တွင်းပျံသန်းနေသော အဲပုဂံ ATR 72 လေယာဉ်များတွင် အမျိုးသမီး လေယာဉ်မှူးများ စတင်မောင်းနှင် တော့မည်

အဲပုဂံလေကြောင်းလိုင်းက မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းခရီးစဉ်များတွင် အမျိုးသမီး လေယာဉ်မှူးများ စတင်အသုံးပြုတော့မည် ဖြစ်ကြောင်း သိရသည်။ “အဲပုဂံက အမျိုးသမီး လေယာဉ်မှူး လေးဦးကို Local Flight တွေဖြစ်တဲ့ ATR 72 တွေမှာ စပြီး အသုံးပြုပါမယ်။ အခုသူတို့က လေယာဉ်ခရီးစဉ်တွေမှာ အကူလေယာဉ်မှူးတွေအဖြစ် စတင် အသုံးပြုနေပါပြီ။ မကြာမီမှာ လေယာဉ် ကပ္ပတိန်တွေအဖြစ် စတင်အသုံးပြုသွားပါမယ်”ဟု အဲပုံဂံမှ မန်နေဂျင်းဒါရိုက်တာ ဦးထူးသက်ထွေးက ပြောသည်။ “အမျိုးသမီး လေယာဉ်မှူးတွေက မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာရှိတဲ့ လေယာဉ်မောင်းသင်တန်းမှာ စာတွေ့ကြီးပဲ နှစ်နှစ်လောက် သင်ရတာ။ ပြီးတော့ ATR 72 မောင်းမှာမို့လို့ ATR 72 လေယာဉ်မောင်း လက်မှတ်ရဖို့ ထပ်ပြီးသင်ရတယ်။ သင်တန်းပြီးတော့ ပျံသန်းချိန် နာရီအောင် ထပ်ပြီးလေ့ကျင့် ပျံသန်းရသေးပါတယ်။ ပြီးတော့မှ မြန်မာနိုင်ငံပြန်လာပြီး ဒုတိယပိုင်းလော့ FO အနေနဲ့ စတင်လိုက်ပါနေပါပြီ”ဟု အဲပုဂံမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။ “နိုင်ငံတကာကိုယှဉ်ပြီး မြန်မာအမျိုးသမီး လေယာဉ်မှူးတွေ မောင်းနိုင်တော့မှာမို့လို့ ကောင်းပါတယ်။ ဒါပေမဲ့ တကယ့်အရေးကြုံတဲ့ နေရာမှာ သူတို့ရဲ့ ဖြတ်ထိုးဥာဏ်က ဘယ်လို အသုံးဝင်မလဲပေါ့။ တစ်မျိုးတော့ ဖြစ်မိတာပေါ့လေ”ဟု လေယာဉ်ခရီးသည် တစ်ဦးက ပြောပြခဲ့ကြောင်း ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

source : Khit Lu Nge

Tuesday, August 24, 2010

မြန်မာပြည် ကန္တာရဆန်လာဟု ဦးအုန်းသတိပေး

ချင်းမိုင် (မဇ္ဈိမ) ။    ။ မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း ၁ဝ ခုတွင် သစ်တောပြုန်းတီးမှုကြောင့် ကန္တာရ ဆန်လာကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးအုန်းက ပြောသည်။

သစ်ပင်ခုတ် ရောင်းခြင်း၊ ထင်းမီးလောင်စာအဖြစ် အသုံးပြုခြင်းများကြောင့် မြန်မာနိုင်ငံ အထက်ပိုင်း ရှမ်း၊ ကချင်၊ ချင်း အပါအဝင် အလယ်ပိုင်းဒေသများဖြစ်သည့် မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းနှင့်   မွန်၊ ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ စသည့် ဒီရေတောပေါက်ရာ ပြည်နယ်နှင့်တိုင်းများ ဖြစ်သည်ဟု ဆိုသည်။

ထိုအထဲ  အလယ်ပိုင်း အပူပိုင်းဒေသများတွင် အဆိုးဆုံးဖြစ်ပြီး ကျန်ပြည်နယ်နှင့် တိုင်းများမှာ အနည်းငယ် ခံသာနေသေးသည်ဟု သိရသည်။
dryzone1 ပူပြင်းခြောက်သွေ့၍ ကန္တရဆန်လာပြီဖြစ်သော ပုဂံမြေ (photo: AFP)

“ ဒီတိုင်း ၃ ခုက အပူပိုင်း ဒေသလည်းဖြစ်တော့ အပူချိန်အရမ်းပြင်းတယ်။  အဲဒါကြောင့် တော်တော့ကို ဆိုးနေတယ်။ မြေကြီးရဲ့ အရည်အသွေး ကျဆင်း ပျက်စီးမှုက ပိုများပါတယ်။ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေ ကျတော့ သူတို့ထက်စာရင် မိုးပိုရွာတယ်။ အပူချိန်လဲ အဲလောက်မများဘူးဆိုတော့ ဖြစ်တော့ ဖြစ်တယ်။ သူတို့လောက်မများဘူးပေါ့” ဟု ဦးအုန်းက မဇ္ဈိမကို ပြောသည်။

“ကန္တာရဆန်တယ် ဆိုတာကတော့ဗျာ အဓိက က မိုးခေါင်ဒေသ ဖြစ်တယ်။ ဒုတိယကတော့ ဆင်းရဲတယ်။ ဆင်းရဲပေမယ့်လဲ ထင်း၊ မီးသွေးက မခုတ်လို့ မရဘူး။ မရတော့ အဲဒီမှာ ထင်းခုတ်က ခုတ်။ ရှိတဲ့ သစ်ပင် ၁ ပင်ခုတ်ရင် ၁ဝ ပင် ပြန်စိုက်ရမယ့်အစား ၁ဝ ပင်ခုတ်ပြီး ၁ ပင်မှ စိုက်ရဲ့လားလို့တောင် မေးစရာရှိတာပေါ့။ အဲဒီတော့ အခု လုပ်သလောက် လုပ်ပေမယ့်လဲ သမင်မွေးရင်း ကျားစားရင်း ဖြစ်နေတယ်” ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံ သစ်တောရေးရာ ဦးစီးဌာန၏ ယခုနှစ် ထုတ်ပြန်ချက်အရ ၁၉၇၅ မှ ၂ဝ၁ဝ ပြည့်နှစ် အထိ ၃၅ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုမှာ ၁၄ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပြီး ၄၁ ရာခိုင်နှုန်းသာ ကျန်တော့သည်ဟု ပါရှိသည်။

ကချင်ပြည်နယ် အပါအဝင် ပြည်နယ်နှင့်တိုင်း ၁ဝ ခုတွင် စည်းကမ်းမဲ့ သစ်ခုတ်မှုများကြောင့် သစ်တော၊ ဒီရေတောများ ပြုန်းတီးခဲ့ရသဖြင့် မိုးခေါင်ခြင်း၊ ရာသီဥတု မမှန်ကန်ခြင်းများ ကြုံတွေ့ရကြောင်း ဦးအုန်းက ပြောသည်။

မြန်မာနိုင်ငံ အလယ်ပိုင်း မကွေး၊ ရေနံချောင်း၊ ချောက် စသည့်နေရာများတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးများ ပြုလုပ်နေသော်လည်း ငွေအား၊ လူအား အဘက်ဘက်မှ ဒေါင့်မစေ့နိုင်သလို နည်းပညာအားကလည်း ထင်သလောက် တိုးတက်မလာသေးဟု ဆိုသည်။

ယခင်လကလည်း မြန်မာပြည်အလယ်ပိုင်း မိုးခေါင်သဖြင့် မကွေးတိုင်းမှ ရေနံချောင်း၊ မကွေး၊ တောင်တွင်းကြီး၊ ပခုက္ကူနှင့်  နတ်မောက် မြို့နယ်များ၊ မန္တလေးတိုင်းမှ သာစည်၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ မိတ္ထီလာ၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးနှင့် ကျောက်ပန်းတောင်း ၁၃ မြို့နယ်တွင် အဓိကစိုက်ပျိုးသည့် သီးနှံတခုဖြစ်သည့် နှမ်းများ ပျက်စီးခဲ့သည်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် မြိုင်သာယာ ကျေးရွာအနီးရှိ တောင်နီတောင်မှ သစ်တောအုပ်ကိုလည်း တောင်အနီးတဝိုက်တွင် နေထိုင်ကြသည့် ဒေသခံများက ထင်းလောင်စာအဖြစ် ခုတ်၍ ကျောက်ပန်းတောင်း မြို့ပေါ်သို့ တင်ပို့ ရောင်းချနေသည်ဟု မြိုင်သာယာ ကျေးရွာမှ ရွာခံတဦးက ပြောသည်။

“လယ်ယာ ကိုင်းကျွန်းရှိတဲ့လူတွေကတော့ အဆင်ပြေတာပေါ့ဗျာ။ ကျနော်တို့ရွာ အပါအဝင် ဒီနားမှာရှိတဲ့ ညောင်တို၊ မန်ကျည်းတန်း၊ ကိုင်း အစရှိတဲ့ရွာတွေက အခြေခံလူတန်းစားတွေက ဒီတောင်ပေါ်က ထင်းခုတ်ပြီးမှ ရောင်းမစားရရင် ဘာဝင်ငွေမှ မရှိဘူးလေ။ ထမင်းငတ်သွားမှာပေါ့” ဟု မြိုင်သာယာရွာသား တဦးက မဇ္ဈိမကိုပြောသည်။

၂ဝဝ၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် စိုက်ပျိုးချိန် မိုးကာလတွင် ရာသီဥတု ဖေါက်ပြန်ပြီး သုံးနှစ်ကြာ မိုးခေါင်သဖြင့် အစာရေစာ ပြတ်လပ်မှုများ ဆိုးရွားလာနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ခန့်မှန်းထားသည်။

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်း ခြောက်သွေ့ဒေသများတွင် မိုးရွာသွန်းမှု နည်းပါးလာခြင်းကြောင့် အဆိုပါဒေသများရှိ တောင်သူလယ်သမားတို့သည် ငတ်မွတ်မှုဘေးနှင့် ပိုမိုကြုံတွေ့လာရသည်ဟု ဆိုသည်။

ဝမ်းရေးအရ ထင်းခုတ်၊ မီးသွေးဖုတ် ပြုလုပ်နေကြသည့် ဒေသခံ လူထုကို နိုင်ငံတော် အစိုးရအနေဖြင့် ထင်းအစားထိုး လောင်စာများ လုံလုံလောက်လောက်ကူညီမှုများ ပြုလုပ်ပေးနိုင်ပါက ၁၅ နှစ်အတွင်း စိမ်းလန်းလာမှာဖြစ် ကြောင်း ဦးအုန်းကပြောသည်။

နှစ်စဉ် တနှစ်လျှင် ထင်းခုတ်၊ မီးသွေးဖုတ်ပြုလုပ်ခြင်းများ ကုဗ တန်ပေါင်း ၁၈ သန်းမှ သန်း ၂ဝ အထိရှိပြီး ပြည်ပသို့ တင်ပို့သည့် သစ်တန်ချိန်မှာ တနှစ် ကုဗတန် ၁ဝ သန်းမှ ၁၂ သန်း ထိရှိကြောင်း ဦးအုန်းက ပြောသည်။
dryzone
ပူပြင်းသော ရာသီဥတုကြောင့် ကန္တရဆန်လာသော ပုဂံမြေ (photo: AFP)

“ဒီ ထင်းအစားထိုးတယ်ဆိုတာကို ထင်းတစ်ချောင်းမီးဖိုနဲ့ ထိုးမှာလား။ စပါးခွံနဲ့ ထိုးမှာလား။ ဂတ်စ်နဲ့ထိုးမှာလား။ ဒီအပေါ်မှာလည်း တည်တာပေါ့။ အဲဒီတော့ ဖြစ်ဖြစ်မြောက်မြောက် ဂတ်စ်မီးဖိုတွေ၊ ရေနံငွေ့တွေ၊ ဓာတ်ငွေ့တွေကို လုံလုံလောက်လောက်ပေးမယ် ပြုမယ်ဆိုရင် ဘယ်သူက ထင်းခုတ်ချင်ပါ့မလဲနော်။ အဲဒီလို ထောက်ပံ့မှုတွေအပေါ်မှာ တည်တာပေါ့။ အဲဒီလိုသာ ကူမယ်ဆိုရင်တော့ အလွန်ဆုံး ၅ နှစ်၊ ၁ဝ နှစ်။ အလွန့်အလွန် ၁၅ နှစ်ဆိုရင် စိမ်းလာမှာပါ”ဟု သူက ပြောသည်။

ကချင်ပြည်နယ်တွင် သဘာဝသစ်တောကြီးများမှ သစ်မာပင်များကို မြန်မာအစိုးရနှင့် တရုတ်နိုင်ငံတို့ ပူးပေါင်း ထုတ်ရောင်း နေမှုကြောင့် ၆ဝ ရာခိုင်နှုန်းကျော် လျော့နည်းသွားပြီဖြစ်ပြီး သစ်တော ပြုန်းတီးမှု၏ အဓိကတရားခံမှာ မြန်မာစစ်အစိုးရသာ ဖြစ်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) ဥက္ကဋ္ဌ ကိုအောင်ဝါ က ပြောသည်။ 

“ကချင်ပြည်နယ်က သစ်တောတွေကတော့ အဓိက စစ်အစိုးရ ကိုယ်တိုင်က တရုတ်နဲ့ပူးပေါင်းပြီး သစ်တွေထုတ် ရောင်းနေတာဖြစ်တယ်။ နောက်တချက်ကတော့ ဒေသခံတွေက သစ်တောငယ်တွေကို ခုတ်ထွင် ရှင်းလင်းပြီး စပါးစိုက်တာတွေပါတယ်” ဟု ကိုအောင်ဝါက မဇ္ဈိမကိုပြောသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အရာရှိကြီးများက တရုတ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ ဒေသခံ ကချင်လက်နက်ကိုင် တပ်ဖွဲ့များကို အခွန်အခများပေးပြီး တရုတ်မြန်မာ နယ်စပ်မြို့များဖြစ်သည့် ထိန်ချုန်း၊ ယင်းကျန်း၊ ရွှေလီ စသည့်မြို့များမှ တဆင့် သယ်ဆောင်ကာ ဥရောပနိုင်ငံများထိ တင်ပို့နေသည်ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံ၌ သစ်တောပြုန်းတီးမှုကို ကာကွယ်သည့် အနေဖြင့် ယခု ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်တွင် ပုဂ္ဂလိကပိုင်းမှ သစ်ထုတ်လုပ်မှုများ၊ ပြည်ပသို့သစ်အလုံးလိုက် တင်ပို့မှုများကို လျော့ချသွားမည် ဖြစ်ကြောင်း သစ်တောဦးစီးဌာန၏ ယခုနှစ် ထုတ်ပြန်ချက်အရ သိရသည်။
source : Mizzima Burmese

Friday, August 20, 2010

ရန်ကုန်- ကွာလာလမ်ပူ ပျံသန်းနေသော မလေးရှား လေကြောင်းလိုင်း နေ့စဉ် ပျံသန်းတော့မည်

ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်အား တစ်ပတ်လျှင် ငါးရက်တာ ပျံသန်းပေးနေသော မလေးရှားနိုင်ငံရှိ မလေးရှား လေကြောင်းလိုင်းသည် စက်တင်ဘာ ၂ ရက်မှစ၍ နေ့စဉ် ပျံသန်းပေးတော့မည် ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်း၏ အရောင်းကိုယ်စားလှယ် ရရှိထားသော ကုမ္ပဏီများက ပြောသည်။ “အရင်တုန်းက မပျံတဲ့ အင်္ဂါနဲ့ကြာသပတေးနေ့တွေကို စက်တင်ဘာ ၂ ရက်ကစပြီး ပျံတော့မယ်ဆိုတော့ နေ့စဉ် တစ်နေ့တစ်ကြိမ် ဖြစ်သွားပြီ”ဟု အဆိုပါ လေကြောင်းလိုင်း လက်မှတ်အရောင်း ကိုယ်စားလှယ် ရရှိထားသော Global Manpower Travel and Tour မှ တာဝန်ရှိသူက ပြောသည်။ မလေးရှား လေကြောင်းလိုင်းသည် ခရီးသည် ၁၆၀ ကျော် စီးနင်းနိုင်သော Air Bus လေယာဉ်ဖြင့် ယခုခရီးစဉ်အား တိုးချဲ့ပျံသန်းမည် ဖြစ်သည်။ ထို့အပြင် မလေးရှား လေကြောင်းလိုင်းသည် သြဂုတ်လ ၁၆ ရက်မှ သြဂုတ်လ ၂၉ ရက်အတွင်း ရန်ကုန် ကွာလာလမ်ပူ ခရီးစဉ်လက်မှတ် ဝယ်ယူသူများအား ပုံမှန်ဈေးထက် ဒေါ်လာ ၈၀ ခန့်လျှော့၍ ရောင်းပေးနေကြောင်း သိရသည်။ ဆိုက်ရောက် ပြည်ဝင်ခွင့်အား သက်ဆိုင်ရာက မေလမှစ၍ ခွင့်ပြုပေးခဲ့ပြီး အဲအေးရှား လေကြောင်းလိုင်း ပျံသန်းမှုနှင့်အတူ မလေးရှား ဧည့်သည်များသည် သြဂုတ်လဆန်းမှစ၍ အများအပြား လာရောက်လေ့ ရှိကြသည်။ ယခုအခါ ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်အား အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း၊ ဆန်ဘူမိ၊ အဲအေးရှားနှင့် မလေးရှားလေကြောင်းလိုင်းတို့ ပျံသန်းပေးလျက် ရှိကြောင်း ၂၀၁၀ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

source : Khit Lu Nge

Tuesday, August 17, 2010

လေကြောင်းလိုင်းတချို့ အရှုံးပေါ်၍ အခွန်မဆောင်နိုင်

ပြည်တွင်း ပြည်ပသို့ ပြေးဆွဲသည့် လေကြောင်း လိုင်းတချို့ အလွန်အမင်း အရှုံးပေါ်နေသဖြင့် ပြည်တွင်း အခွန်များ ဦးစီးဌာနသို့ အခွန် မပေးဆောင် နိုင်ကြကြောင်း သတင်းရရှိသည်။

အခွန်မဆောင် နိုင်သဖြင့် လေယာဉ်ပြုပြင်ရန် အပိုပစ္စည်း တင်သွင်းခွင့် အပိတ်ခံရသော အဲပုဂံ၊ ရန်ကုန် အဲယားဝေးနှင့် အဲ မန္တလေး လေကြောင်းလိုင်း ၃ ခုအနက် အဲပုဂံ တခုသာ အကြွေးကျန်များ သွားရောက် ပေးဆောင်နိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဆောင်စရာရှိတာ အားလုံးဆောင်ပြီးပါပြီ။ အရင်တုန်းက လေကြောင်းလိုင်းတွေက ရှုံးတယ်ဆိုပြီး အခွန်မဆောင်ဘဲ နေကြတာ။ အခွန်ဦးစီးဌာနက ကုန်သွယ်လုပ်ငန်းခွန်ဆိုတာ ရှုံးရှုံးမြတ်မြတ် ပေးရမှာပဲဆိုပြီး တောင်းတာ။ အခုတော့ အားလုံးဆောင်ပြီးပြီ” ဟု အဲပုဂံလေကြောင်းလိုင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

လိုအပ်သည့် လေယာဉ်အပိုပစ္စည်း တင်သွင်းရန် ပြည်တွင်း အခွန်များ ဦးစီးဌာန၏ အခွန်ကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် လိုအပ်သည်ဟု သိရသည်။

တချို့လေကြောင်းလိုင်းများမှာ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွင် အကျုံးဝင်နေသဖြင့် အကြီးစားပြင်ဆင်မှုများအတွက် အပိုပစ္စည်း ဝယ်ယူရန် အခက်အခဲ ရှိကြောင်း လေကြောင်းလိုင်းတခုမှ မန်နေဂျာတဦးက ပြောသည်။

ရန်ကုန်အဲယားဝေးနှင့် အဲမန္တလေး လေကြောင်းလိုင်းတို့သည် ATR-42 နှင့် ATR-72 လေယာဉ်များဖြင့် ပြေးဆွဲနေသော လေကြောင်းလိုင်းများဖြစ်သည်။

အဲမန္တလေး လေကြောင်းလိုင်းသည် လေယာဉ်အစိတ်အပိုင်းတချို့ကို ပြင်ဆင်ရန် လိုအပ်သည့် အပိုပစ္စည်း တင်သွင်းခွင့် မရသည့်အတွက် ခရီးစဉ်များကို ရပ်နားပြီး လေယာဉ်ကို ဘန်ကောက်မြို့တွင် သွားရောက် ပြုပြင်လျက်ရှိသည်ဟု သိရသည်။

အဲမန္တလေး ပြည်တွင်းလေကြောင်း ခရီးစဉ်များကို ဇူလိုင်လကုန်မှ သြဂုတ်လ ၁၅ ရက်နေ့အထိ ရပ်နားထားပြီး လေယာဉ်ပြင်ဆင်မှု မပြီးပါက သတ်မှတ်ရက်ထက် ပိုကြာနိုင်သည်ဟု ခရီးသွားလုပ်ငန်း အေဂျင်စီများက ဆိုသည်။

ရန်ကုန်အဲယားဝေးမှ ၀န်ထမ်းတဦးကလည်း ၎င်းတို့လေကြောင်းလိုင်းသည် မကြာမီ ခရီးစဉ်များ ရပ်နားပြီး ပြည်ပနိုင်ငံတနိုင်ငံသို့ လေယာဉ်သွားရောက်ပြုပြင်ရန် အစီအစဉ်ရှိသည်ဟု ပြောသည်။

၎င်းတို့လေကြောင်းလိုင်းမှ အင်ဂျင်နီယာဌာနက ပြုပြင်ထိန်းသိမ်းမှုလုပ်ရန် လဲလှယ်ရမည့် ပစ္စည်းများစာရင်းကို မကြာခဏ တင်ပြသော်လည်း လတ်တလောတွင် လဲလှယ်ပေးနိုင်ခြင်းမရှိဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ပြေးဆွဲနေသော လေယာဉ်အများစုမှာ နှစ်ကာလ ကြာရှည်သော လေယာဉ်များဖြစ်ကြပြီး နေ့စဉ်လိုလိုပင် ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်ရန် လိုအပ်သည်ဟု မြန်မာ့လေကြောင်း အင်ဂျင်နီယာဌာနမှ အရာရှိတစ်ဦးက ပြောသည်။

“လေယာဉ်ဆိုတာက ကားတို့၊ ရထားတို့လို မဟုတ်ဘူး။ စက်တခုခု ချွတ်ယွင်းပြီဆိုတာနဲ့ အပေါ်မှာ ပါလာတဲ့ ခရီးသည်တွေ အသက်ဆုံးရှုံးပြီမှတ်။ လိုတဲ့စက်ကိရိယာ တင်သွင်းလို့မရလို့ ပြုပြင်ထိန်းသိမ်းမှု မလုပ်နိုင်ဘူးဆိုရင်တော့ ခရီးသည်တွေအတွက်က အန္တရာယ်အရမ်းများတယ်” ဟု အဆိုပါအရာရှိက ဆက်လက်ပြောသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း လေယာဉ်ပြင်ဆင်ရေးဌာနမှ စက်ပြင်အင်ဂျင်နီယာ တစ်ဦးကလည်း “မြန်မာ့လေကြောင်းလိုင်းက လေယာဉ်တွေက လေယာဉ်ထွက်မယ်ဆို နောက်တစီးက အစိတ်အပိုင်းကို ထွက်မယ့်လေယာဉ်မှာ ပြောင်းတပ်၊ နောက်တစီးထွက်မယ်ဆိုရင် အဲဒီလေယာဉ်ကဟာကို ဒီဘက်ပြောင်းတပ်နဲ့ အဲဒီလို ထွက်နေရတာ” ဟု  ပြောသည်။

မြန်မာနိုင်ငံတွင် လတ်တလော ပြည်တွင်းပြေးဆွဲပေးနေသည့် လေကြောင်းလိုင်းများမှာ အဲမန္တလေး၊ ရန်ကုန်အဲယားဝေး၊ အဲပုဂံ၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်းတို့ ဖြစ်သည်။ 

source : Irrawaddy

Thursday, August 12, 2010

အင်းလေးကန် တိမ်ကောလာမှုအတွက် ထိန်းသိမ်းရေးအဖွဲ့ခေါ်ယူရန် စီစဉ်

ရေခန်းခြောက်နေသော အင်းလေးကန်

အင်းလေးကန် ရေခန်းခြောက်မှုအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ကို ခေါ်ယူ ပြသရတော့မည်ဖြစ်ကြောင်း FREDA အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောကြားသည်။

အင်းလေးကန် ရေရှည်တည်တံ့စေရန်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ကို ခေါ်ယူပြသမှသာ အကြံကောင်းများ ရရှိတော့မည်ဖြစ်သည့်အတွက် ယင်းသို့ခေါ်ယူပြသရန် စီစဉ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“အဲဒီအဖွဲ့က ဂျပန်မှာရှိတဲ့အဖွဲ့ဖြစ်တယ်။ ဂျပန်မှာ ကမ္ဘာလုံးဆိုင်ရာ ကန်ထိန်းသိမ်းရေးတွေကို လုပ်နေတဲ့အဖွဲ့ဖြစ်တယ်။ သူတို့က အတွေ့အကြုံလည်းရှိတယ်။ အဲဒီအတွက် သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) နဲ့ UNDP တို့က ဒီကိစ္စကို ဆုံးဖြတ်ခဲ့တာဖြစ်တယ်” ဟု ဦးအုန်းက ပြောသည်။

ယခုကဲ့သို့ အကူအညီတောင်းခံမည့်အဖွဲ့သည် ငွေကြေးကူညီသည့်အဖွဲ့မဟုတ်ကြောင်း၊ လောလောဆယ် အဖွဲ့၏အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မပြုနိုင်သေးကြောင်း၊ ထိုအဖွဲ့ကို ခေါ်ဆိုရန် ယခုလအတွင်း စီစဉ်ခြင်းဖြစ်ပြီး ရှေ့လအတွင်း လာရောက်နိုင်မည်ဟု ခန့်မှန်းကြောင်း ၎င်းက ပြောဆိုသည်။

“ဒါ့ကြောင့် သူတို့အဖွဲ့ကိုခေါ်ဖို့ဆိုရင် ငွေကြေးကုန်ကျမှုလည်းများမယ်လေ။ အင်းလေးကန်နဲ့ပတ်သက်ရင် နိုင်ငံတော်ဘက်ကလည်း ဒီကိစ္စကို အထူးအလေးပေး ဆောင်ရွက်စေလိုတယ်” ဟု ဦးအုန်းက ဆက်လက်ပြောကြားသည်။

အင်းလေးကန် ရေရှည်တည်တံ့ရေးအတွက် အင်းလေးကန်တွင် စီးပွားရေးလုပ်ငန်းများ မြှုပ်နှံလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စိတ်ဝင်တစား ပါဝင်သင့်သည်ဟုလည်း ၎င်းက ဆိုသည်။

ယခုနှစ်နွေရာသီတွင် ရာသီဥတု ပိုမိုပူပြင်းကာ မိုးနောက်ကျခြင်းကြောင့် ထူးထူးခြားခြား အင်းလေးကန် ရေတိမ်ကော ခန်းခြောက်မှု ဖြစ်ပေါ်ခဲ့ကာ လှေဖြင့်သွားလာရသောနေရာများတွင် မော်တော်ဆိုင်ကယ်များဖြင့် သွားလာရသည်ထိ ဖြစ်သွားခဲ့သည်။

ယခု မိုးရာသီတွင် မိုးနည်းသည့်အတွက် အင်းလေးကန် ရေပြန်လည်ပြည့်မှု မရရှိနိုင်ကြောင်း၊ ယခုအခါ လက်ရှိအင်းလေးရေပြင်ထက် (၁) လက်မခန့်သာ ရေတိုးလာကြောင်း၊ ယခုကဲ့သို့ မိုးနည်းနေပါက လာမည့်နွေရာသီတွင် အင်းလေးကန် ပိုမိုဆိုးဝါးစွာ ပျက်စီးလာနိုင်ကြောင်း ဦးအုန်းက သုံးသပ်သည်။

“မကြုံစဖူးအောင် ပြီးခဲ့တဲ့နွေက အင်းလေးကန် ရေခန်းခြောက်မှုဟာ ဒီအတိုင်းဆို လာမယ့်နွေမှာ ပိုဆိုးသွားနိုင်တယ်။ အခုမပြင်ရင် နောက်သုံးနှစ်တောင် ခံမှာမဟုတ်ဘူး။ လုံးဝပျက်စီးသွားနိုင်တယ်” ဟု ၎င်းက စိတ်မကောင်းစွာ ပြောဆိုသည်။

အင်းလေကန် ပျက်စီးနေသည်ကို နအဖအစိုးရက လျစ်လျူရှုနေသည်ဟု သဘာဝပတ်ဝန်းကျင် လေ့လာထိန်းသိမ်းရေး စိတ်ဝင်စားသူများက ဝေဖန်ပြောဆိုနေမှုများလည်း ရှိနေကြောင်း သိရသည်။

အင်းလေးဒေသသို့ တနှစ်လျှင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဦးရေ (၁) သောင်းခွဲခန့်ထိ လာရောက်တတ်ရာ ယခုနှစ်တွင် မိုးရာသီဖြစ်သော်လည်း ခရီးသွားအရေအတွက် လျော့ကျမသွားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန စာရင်းများအရ သိရသည်။

အင်းလေးကန်အား လာရောက်ကြည့်ရှုကြသည့်အတွက် ယင်းသို့ခရီးသွားအရေအတွက် လျော့ကျမှုမရှိခြင်းဖြစ်ကြောင်း ခရီးသွားဧည့်လမ်းညွှန်တဦးက ပြောသည်။

“အင်းလေးကန်ပျက်စီးမှုကြောင့် သဘာဝအရင်းအမြစ်တွေ ဆုံးရှုံးတာ တခုတည်းမဟုတ်ဘူး။ ဒါဟာ ယဉ်ကျေးမှုလည်း ပျောက်နိုင်တဲ့ပြယုဂ်တခုပါ။ ဒါကို အရေးတကြီးလုပ်ဖို့ကျတော့ အစိုးရအနေနဲ့ပဲ အဓိကကျတယ်လေ။ ကျနော်တို့လို ဧည့်လမ်းညွှန်တွေကို လာတဲ့ဧည့်သည်တွေက ဘာ့ကြောင့် မပြင်ကြတာလဲ၊ အစိုးရအနေနဲ့ ဘာ့ကြောင့် အခုလိုထားတာလဲလို့ မေးလာရင် ဖြေဖို့စကား မရှိဘူး” ဟု ၎င်းက ပြောသည်။

အင်းလေးကန်သည် မြစ်ကြီးနားခရိုင်ရှိ အင်းတော်ကြီးမှလွဲလျှင် မြန်မာနိုင်ငံ၏ ဒုတိယမြောက်အကြီးဆုံး တောင်ပေါ် အင်းအိုင်ကြီးတခုဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင်တည်ရှိသည်။ တောင်နှင့်မြောက်တန်းလျက်ရှိသော တောင်တန်းကြီး (၂) ခုကြားတွင် ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ် အနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိကာ အကျယ်အဝန်းအားဖြင့် ခန့်မှန်းခြေ (၄၄.၉) စတုရန်းမိုင်ခန့်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၂,၉၀၀) တွင် တည်ရှိသည်။
 source : Khitpyaing (Photo by Mizzima)

Wednesday, August 11, 2010

ဆိုက်ရောက် ဗီဇာစနစ် မလေးရှားဖျက်သိမ်း

မလေးရှားနိုင်ငံအစိုးရက မြန်မာနိုင်ငံ အပါအဝင် အာရှတိုက်ရှိ နိုင်ငံရှစ်နိုင်ငံအပေါ် ခွင့်ပြုပေးနေသည့် ဆိုက်ရောက် ဗီဇာစနစ်ကို နိုင်ငံအတွက် ပြဿနာများစွာ ကြုံတွေ့နိုင်သည်ဟု အကြောင်းပြု၍ သြဂုတ်လ ၃ ရက်နေ့က ဖျက်သိမ်းလိုက်ကြောင်း ရန်ကုန်မြို့တော်ရှိ ပြည်ပအလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဆိုက်ရောက် ဗီဇာစနစ် အမြဲတမ်း ရပ်စဲရခြင်း၏ အဓိကအကြာင်းအရင်းမှာ အိန္ဒိယနိုင်ငံမှ အလည်အပတ် လာရောက်သူ လေးသောင်းခန့်သည် ဆိုက်ရောက် ဗီဇာစနစ်ကို အသုံးချ၍ မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်လျက် ရှိသည့်အတွက် ယခုကဲ့သို့ ရပ်စဲရခြင်း ဖြစ်သည်ဟု မလေးရှားနိုင်ငံထုတ် “Star” သတင်းစာတွင် ပါရှိကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။ 

“သြဂုတ်လ ၁၅ ရက်နေ့ လောက်ကစမယ် လို့တော့ ကြားတယ် ”ဟုလည်း ၄င်းက ဆက်လက်ရှင်းပြသည်။ ယင်းကဲ့သို့ မြန်မာနိုင်ငံသားများအပေါ် ဆိုက်ရောက် ဗီဇာစနစ် ဖျက်သိမ်းလိုက်သည့်အတွက် မြန်မာနိုင်ငံမှ ခေါ်စာ “Calling” ဖြင့် ဗီဇာမယူဘဲ သွားရောက် ကြသူများသည် မဖြစ်မနေဗီဇာ ယူရတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများက ပြောကြားသည်။ ၂၀၀၆ ခုနှစ်မှ စတင်၍ မလေးရှားနိုင်ငံသို့ ဝင်ရောက်လာသူများကို ဆိုက်ရောက် ဗီဇာစနစ်ခွင့်ပြုပြီး ယခုဆိုက်ရောက် ဗီဇာစနစ် ဖျက်သိမ်းသော နိုင်ငံများမှာ မြန်မာနိုင်ငံ အပါအဝင် အိန္ဒိယ၊ တရုတ်၊ ဘူတန်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်(တိုင်ပေ)၊ ကူမာရောကျွန်းစုနိုင်ငံတို့ ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။"

source : khitlunge

အမ်အေအိုင်ကို ပုဂ္ဂလိကပိုင်သို့ လွှဲပြောင်း

နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင် လွှဲပြောင်းရေးအစီအစဉ်အဖြစ် နအဖစစ်အစိုးရပိုင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (Myanmar Airways International) အမ်အေအိုင်လိုင်းကို ကမ္ဘောဇ စီးပွားရေးအင်အားစုသို့ လွှဲပြောင်းပေးလိုက်ပြီး “အဲကမ္ဘောဇ” လေကြောင်းလိုင်းအမည်ဖြင့် လုပ်ငန်းစတင်သွားမည်ဟု သိရသည်။

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ကမ္ဘောဇဘဏ်ရုံးချုပ်မှ တာဝန်ရှိသူတဦးက “မြန်မာ့လေကြောင်း (အမ်အေအိုင်) ရဲ့ ပိုင်ဆိုင်မှုအနေနဲ့ ကမ္ဘောဇအုပ်စုက (၈၀) ရာခိုင်နှုန်း၊ အစိုးရရဲ့ မြန်မာအဲဝေးဘက်က (၂၀) ရာခိုင်နှုန်း အစုဝင်အနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က လွှဲပြောင်းတာ ပြီးပါပြီ။ လာမယ့် အောက်တိုဘာလမှာ အဲကမ္ဘောဇအနေနဲ့စတင်သွားမှာပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အဲကမ္ဘောဇ လေကြောင်းလိုင်းအတွက် ကနေဒါနိုင်ငံထုတ် ထိုင်ခုံ (၁၀၀) ပါသည့် MA-60 နှင့် ATR-72 (၅) စင်းတို့ဖြင့် ပြည်တွင်းခရီးစဉ်များကို စတင်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ Guangzhou ပြည်ပ ခရီးစဉ်အတွက် Airbus A-320 ဖြင့် တိုးချဲ့ပျံသန်းသွားရန် ရှိကြောင်း ကမ္ဘောဇ စီးပွားရေးအင်အားစုမှ သိရသည်။

လက်ရှိတွင် အမ်အေအိုင် လေကြောင်းလိုင်းသည် ပြည်တွင်းခရီးစဉ်များအပြင် ဘန်ကောက်၊ ကွာလာလမ်ပူ၊ စင်ကာပူနှင့် ဂါယာ စသည့် အာရှနိုင်ငံ ခရီးစဉ်များကို ပုံမှန်ပျံသန်းလျက်ရှိသည်။

ယခု လေကြောင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိခဲ့သော ကမ္ဘာဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းသည် နအဖစစ်အစိုးရ ဒုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ရင်းနှီးသူအဖြစ် လူသိများပြီး မြန်မာဘီလီယံအုပ်စု ကုမ္ပဏီ၊ နီလာရိုးမ ကုမ္ပဏီ၊ အရှေ့ရိုးမကုမ္ပဏီ အပါအဝင် မြန်မာ့လိဂ် ကမ္ဘောဇ ဘောလုံးအသင်းကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။

“ဒီအစိုးရက သူတို့နဲ့နီးစပ်တဲ့၊ သူတို့သြဇာခံတဲ့ စီးပွားရေးသမားတချို့ကိုပဲ ပုဂ္ဂလိကပိုင် လွှဲတဲ့လုပ်ငန်းတွေကို ပေးနေတာလေ။ အရင်က တေဇက အဲပုဂံကို လုပ်ခွင့်ရသွားတယ်။ အဲရန်ကုန်၊ အဲမန္တလေးတို့ကိုလည်း သူတို့နဲ့နီးစပ်တဲ့သူတွေကိုပဲ လုပ်ခွင့်ချပေးတာတယ်။ အမှန်က ဒီပုဂ္ဂလိလုပ်ငန်းတွေမှာ အစိုးရလူကြီးတွေ ကိုယ်တိုင်က ရှယ်ယာပါနေတာလေ။ အခု Myanmar Airways International ကို လုပ်ခွင့်ရတဲ့ ဦးအောင်ကိုဝင်း (အများခေါ် ဆရာကျောင်း) က နံပါတ်(၂) အကြီးအကဲ မောင်အေးရဲ့ လက်ဝေခံတယောက်လေ” ဟု ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။

အမ်အေအိုင် လေကြောင်းသည် အာရှနိုင်ငံ (၇) နိုင်ငံသို့ ပျံသန်းနေသည့် ဦးတေဇပိုင် အဲပုဂံ ပုဂ္ဂလိက လေကြောင်းနှင့် ပြိုင်ဘက်လေကြောင်းတခု ဖြစ်ကြောင်း ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တို့က ပြောသည်။

အဲပုဂံ၊ အဲမန္တလေး၊ အဲရန်ကုန်လေကြောင်းတို့အပြင် မြန်မာ့လေကြောင်းက လွှဲပြောင်းမည့် အဲကမ္ဘောဇသည် စတုတ္ထမြောက် ပုဂ္ဂလိက လေကြောင်းလိုင်းဖြစ်သည်။

နအဖစစ်အစိုးရက ပထမဆုံး ပုဂ္ဂလိက လေကြောင်းလိုင်းအဖြစ် အဲမန္တလေးလိုင်းကို ၁၉၉၄ ခုနှစ်က စတင်လွှဲပြောင်းခဲ့သည်။

ယခုအခါ အမ်အေအိုင်နှင့် အခြားနိုင်ငံခြား လေကြောင်းပို့ဆောင်ရေးကုမ္ပဏီ (၁၃) ခုတို့က ရန်ကုန်မြို့မှ အာရှနိုင်ငံ (၁၂) နိုင်ငံသို့ ပျံသန်းနေပြီး (၂၀၀၉-၁၀) ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စုစုပေါင်းဝင်ငွေ အမေရိကန် ဒေါ်လာ (၆.၅၄) မီလီယံ ရှိခဲ့ကြောင်း ဌာနဆိုင်ရာမှ ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။

Source : Khitpyaing (Photo by SeattlePi)

Sunday, August 08, 2010

လေကြောင်းလိုင်း ၂ ခု ပြည်တွင်း ပြည်ပ ခရီးစဉ်များ တိုးချဲ့မည်

အဲ ပုဂံသည် အာရှ ၄ နိုင်ငံ ခရီးစဉ်များကို တိုးချဲ့ ပြေးဆွဲမည် ဖြစ်သည် (ဓာတ်ပုံ - Flickr / Chih Ping)

အဲ ပုဂံ (Air Bagan) နှင့် အဲ မန္တလေး (Air Mandalay) လေကြောင်း လိုင်းများသည် လေယာဉ်သစ်များ ဝယ်ယူထားပြီး ပြည်တွင်း ပြည်ပ ခရီးစဉ်များ တိုးချဲ့ပြေးဆွဲသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

“ရန်ကုန်-ချင်းမိုင် ခရီးစဉ်အပြင် နိုင်ငံတကာခရီးစဉ်တွေကို ပွင့်လင်းရာသီ မတိုင်ခင်မှာ တိုးချဲ့ ပြေးဆွဲနိုင်ဖို့ လေယာဉ်တွေ ၀ယ်ထားပြီး ခရီးစဉ်တွေစဖို့ ပြင်ဆင်နေပြီ” ဟု အဲပုဂံ လေကြောင်းလိုင်းမှ တာဝန်ရှိသူက ဆိုသည်။

တိုးချဲ့ ပြေးဆွဲရန် စီစဉ်ထားသည့် ခရီးစဉ်များ ထဲတွင် စင်ကာပူ၊ ဘန်ကောက်၊ ဖူးခက်၊ ကွာလာလမ်ပူ၊ ဆိုင်ယမ် ရိ (ပ်) ခရီး စဉ်များလည်း ပါဝင်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။ 

အဲ ပုဂံ လေကြောင်း လိုင်းသည် ပြည်ပ ခရီးစဉ်များ အတွက် A-320 ခရီးသည်တင် လေယာဉ် ၂ စီး၊ ပြည်တွင်း ခရီးစဉ်များ အတွက် AIR 72-500 လေယာဉ် ၂ စီး ဝယ်ယူ ထားသည်ဟု သိရသည်။

အဲ မန္တလေး လေကြောင်းလိုင်းသည်လည်း ATR-72 လေယာဉ် ၂ စီး ထပ်မံ ဝယ်ယူပြီး ပြည်တွင်း ခရီးစဉ်များကို နိုဝင်ဘာလ မတိုင်မီ တိုးချဲ့သွားမည်ဟု သတင်းရရှိသည်။

ဦးတေဇ ပိုင်ဆိုင်သော အဲပုဂံလေကြောင်းလိုင်းနှင့် အပြိုင် အဲ အင်းလေး (Air Inlay) လေကြောင်းလိုင်းကို ပျံသန်း ပြေးဆွဲရန် ခွင့်ပြုခဲ့ပြီးနောက်တွင် ခရီးစဉ်များရေးဆွဲကာ ပွင့်လင်းရာသီအမီ အပြိုင် လုပ်ဆောင်သွားရန် ရှိကြောင်း အဲပုဂံ လေကြောင်း လိုင်းမှ  အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတဦးက ပြောသည်။

အဲ အင်းလေး လေကြောင်းလိုင်းကို စီးပွားရေး လုပ်ငန်းရှင် ဦးနေအောင်နှင့် ကမ္ဘောဇ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း တို့က ပူးတွဲ လုပ်ကိုင်ခြင်းဖြစ်သည်။

အဲ ပုဂံပိုင်ရှင် ဦးတေဇသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စီးပွားရေး လူယုံ ဖြစ်သည်။ ဦးနေအောင်မှာမူ အမှတ် (၁) စက်မှုဝန်ကြီး ဌာန ၀န်ကြီး ဦးအောင်သောင်း၏ သားဖြစ်ပြီး IGE ကုမ္ပဏီ၊ အောင်ရည်ဖြိုး ကုမ္ပဏီ စသည့် အမည်များဖြင့် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ခွင့်ရရှိနေသူများဖြစ်သည်။

သက်တမ်း ၅ နှစ်ကျော်လာပြီ ဖြစ်သည့် အဲပုဂံမှာ ယခုအခါ မြန်မာပြည်တွင်း ၁၆ မြို့နှင့် ပြည်ပတွင် အာရှ ၇ နိုင်ငံသို့ ပြေးဆွဲနေသည်။

အဲပုဂံတွင် စုစုပေါင်း လေယာဉ် ၈ စီး ရှိပြီး လေယာဉ် အမျိုးအစား များမှာ A310 ၂ စီး၊ F-100 ၂ စီး၊ ATR-72 ၂ စီး၊ ATR-42 ၂ စီးတို့ ဖြစ်သည်ဟု အဲပုဂံ၏ ဖေဖေcာ်ဝါရီလထုတ် Lotus စာစောင်တွင် ဖော်ပြထားသည်။

ပစိဖိတ် အာရှ ခရီးသွားလုပ်ငန်း အသင်း၏ ထုတ်ပြန်ချက်အရ ယခုနှစ် ပထမ ၃ လအတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ကမ္ဘာလှည့်ခရီးသည် ရောက်ရှိမှုနှုန်း ၃၉ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု သိရသည်။

 Credit : Irrawaddy

Thursday, August 05, 2010

ဦးပိန်တံတားတည်ရှိရာ တောင်သမန်အင်းရေ စတင်မြင့်တက်လာ


နိုင်ငံခြားသား ခရီးသည်များ လာရောက် လေ့လာလေ့ရှိသော ဦးပိန်တံတားတည်ရှိရာ တောင်သမန်အင်းရေသည် ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်၍ မြင့်တက်လာကြောင်း ဒေသခံများက ပြောကြားသည်။

''တောင်သမန်အင်းရေဟာ ၀ါဆိုလပြည့်နေ့ နောက်ပိုင်းမှ စတက်လာတယ်။ အခုဆိုရင် အင်းဘောင်အထိကို ရေကရောက်လာပြီ။ အင်းနဲ့ဆက်စပ်နေတဲ့ ဧရာဝတီမြစ်နဲ့ ဒုဋ္ဌ၀တီမြစ်ရဲ့ မြစ်ရေတွေကလည်း တိုးလာတော့ အင်းထဲမှာ အခုလို ရေတွေတိုး လာတာပေါ့''ဟု တောင်သမန်အင်းဘေးရှိ တောင်မင်းကြီးဘုရားအနီး ဈေးသည်တစ်ဦးက ပြောကြားခဲ့ပါသည်။

''အရင်တုန်းက အင်းရေဟာ နွေရာသီဆိုရင် ခန်းတယ်။ ရေက အ၀င်အထွက်ရှိနေတော့ မိုးတွင်းရောက်လာလည်း သိပ်ပြီးမပူပန်ရဘူး။ နောက်ပိုင်းမှာ ၁၂ ရာသီလုံးလုံး ရေသွင်းထားတော့ အခုလို ရေတက်ချိန်မှာ အင်းထဲမှာ ရေအခံရှိနေလို့ သာမန်ထက် ရေပိုတက်လာတယ်။ အင်းဘေးမှာနေထိုင်တဲ့ သူတွေအတွက် နည်းနည်းတော့ အခက်အခဲတော့ ဖြစ်တာပေါ့''ဟု အမရပူရမြို့ခံတစ်ဦးက ပြောသည်။

Credit:News-Eleven

Monday, August 02, 2010

ဧရာဝတီနှင့် မဲခေါင်




ဧရာဝတီသည် မြန်မာတိုင်း နှလုံးသားတစ်ခုဟုဆိုပါလျှင် မဲခေါင်သည်လည်း လာအိုတို့၏ နှလုံးသားပင် ဖြစ်ပါလိမ့်မည်။
သယံဇာတပေါများသော မြန်မာတို့အတွက် ဧရာဝတီသည် ဈေးနှုန်းအသက်သာဆုံး ကုန်သွယ်လမ်းကြောင်းတစ်ခုအဖြစ် ရာစုနှစ်ပေါင်းများစွာ တာဝန်ကျေခဲ့သလို မဲခေါင်ကြီးသည် လာအိုတို့ ဘ၀ရပ်တည်ရေးအတွက် နှစ်ပေါင်းကြာရှည်စွာ အကျိုးပြုခဲ့သည်။ ဧရာဝတီသည် မြန်မာကို ကမ္ဘာက သိစေသော ကျွန်းသစ်လုံးကြီးများ ဖောင်ဖွဲ့မျှောနိုင်ရန် မြောက်မှတောင်ဘက်သို့ အေးဆေးညင်သာစွာ စီးဆင်းနေသလို မဲခေါင်သည်လည်း မဖွံ့ဖြိုး မတိုးတက်သေးသော လာအိုတို့အတွက် တောင်နှင့်မြောက်ကို အဆင်ပြေပြေ သွားနိုင်ရန် သွယ်တန်းထားပေးခဲ့သည်မှာ ကြာခဲ့လေပြီ။
လာအိုကို မဖွံ့ဖြိုး မတိုးတက်သေးသောဟု သုံးစွဲရသည်မှာ ယခင့်ယခင် ကာလများကို ရည်စူး၍ ရေးသားရခြင်း ဖြစ်ပေမယ့် အခုအချိန်မှာတော့ လာအိုသည် ယခင်နှင့်လုံးဝ ခြားနားသွားခဲ့ပြီ ဖြစ်ပါသည်။
မဲခေါင်သည်လည်း ရေအားလျှပ်စစ်အတွက် နေရာများစွာ ဖဲ့ပေးထားရသည့်အတွက် မြစ်ကြောင်းခွန်အား ယခင်ကလို မကောင်းတော့ဟု ဆိုကြသည့်တိုင် ဧရာဝတီထက်တော့ ကျန်းမာနေဆဲ။ ဧရာဝတီ၏ နွေရာသီ ရေအနက်မှာ သာမန်ချောင်းလက် တက်တစ်ခုလို တိမ်ပါးလှသည့် နေရာတွေ များလှပေမယ့် မဲခေါင်ကတော့ ထိုလောက် အခြေအနေ မဆိုးလှသေး။ ထို့ကြောင့်လည်း လာအိုသာမက မြစ်အထက်က တရုတ်နှင့် မြစ်အောက်ဘက်က ထိုင်း၊ကမ္ဘောဒီးယား၊ဗီယက်နမ် စသည်တို့ပါ မဲခေါင်ကို အသုံးချနိုင်နေကြဆဲ၊ နေရာအချို့မှလွဲ၍ ရာသီမရွေး ခရီးနှင်နိုင်နေဆဲ ။

ဧရာဝတီကတော့ ကန့်လန့်ဖြတ် တည်ဆောက်ထားသော တံတားကြီးများအောက်မှာ အေးဆေးညင်သာစွာ စီးဆင်းနေဆဲ၊ မြစ်ဝကျွန်းပေါ်မှာ သဲသောင်တွေ ထပ်ထပ်ဆင့်လာသလို မြောက်ပိုင်းမှာလည်း သဲသောင်တွေ ပိုပိုကျယ်ပြန့်လာနေပေမယ့် ဧရာဝတီကတော့ မဲခေါင်ကို အလှချင်းပြိုင်ဖို့ စိန်ခေါ်နေဆဲ။ ထို့အတူ ရာဇ၀င်အဆက်ဆက်မှာ တစ်သားတည်းရှိနေခဲ့သော မြန်မာတို့အတွက် မညီးမညူ တာဝန်ယူနေဆဲ။


ဧရာဝတီသည် မြန်မာနိုင်ငံ၏ မြောက်ဘက် ရေခဲသော တောင်ထိပ်တောင်ဖျားမှ ကျဆင်းလာသော ရေများမှအစပြုကာ မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်မှတစ်ဆင့် ပင်လယ်ထဲသို့ စီးဝင်သွားသည်ဖြစ်ရာ အစမှအဆုံး မြန်မာနိုင်ငံအတွင်းမှာပဲ တည်ရှိပြီး မြန်မာတို့သာ ပိုင်ခဲ့သည်။ မဲခေါင်ကတော့ မြန်မာအပါအ၀င် အိမ်နီးချင်းနိုင်ငံများကပါ ပိုင်ဆိုင်သည့်အတွက် ၀ိုင်းဝန်းခွဲဝေသုံးစွဲသည်မှာ အဆိုးမဆိုသာ၊ ဧရာဝတီက မြန်မာ့သမိုင်းမှာ ထင်ထင်ရှားရှားပါခဲ့သည် ဖြစ်ပေမယ့် ယခုတော့ ပြောင်းလဲလာသော ကမ္ဘာကြီးနှင့် အတူ လိုက်ပါရတော့မည် ဖြစ်သည်။
မဲခေါင်နှင့်ခွဲခြားမရသော လာအိုတို့သည် နည်းပါးလှသော လူဦးရေကြောင့် အိမ်နီးချင်းတွေနှင့်စာလျှင် အရင်တုန်းက အနောက်ဘက် ရောက်ခဲ့ရသော်လည်း အေးဆေးသိမ်မွေ့သော သူတို့ဘ၀နှင့် လိုက်လျောညီထွေသော တိုးတက်မှုကို တဖြည်းဖြည်း ပိုင်ဆိုင်နိုင်လာကြသည်။ လာအိုဆိုတာ နိုင်ငံသေးသေးလေးက လူတွေ နှေးနှေးဟု အရင်တုန်းက ပြောခဲ့ကြသည့်သူတွေ အံ့သြစရာ ဖြစ်လာကြသည်။ လာအိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ၏ ဖွံ့ဖြိုးရေး စီမံချက်များစွာနှင့်အတူ သွားရောက်လုပ်ကိုင်ပေးခဲ့ဖူးသည့် မြန်မာပညာရှင်တွေကိုယ်တိုင်ပင် ယနေ့လာအိုကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေကြရလေပြီ။ ဆိုရပါလျှင် ၂၀၀၉ ခုနှစ်က အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(SEA GAME)ကိုပင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့သည်။ သူတို့၏ တိုးတက်မှုကို ထိုအားကစားပြိုင်ပွဲက မှတ်ကျောက်တစ်ခုအဖြစ် ရှိနေမှာ ဖြစ်သည်။ ဒါတင်မကသေး ၂၀၁၀ ပြည့်နှစ် အကုန်လောက်မှာ စတော့ရှယ်ယာဈေးကွက်ပင် ဖွင့်လှစ်တော့မည် ဟူသော သတင်းများ မကြာခင်က ထပ်မံကြားပြန်ရာ လာအိုကို အားကျစရာတစ်ခု ထပ်တိုးပြန်တော့သည်။
လာအိုနိုင်ငံရှိ မဲခေါင်မြစ်တစ်နေရာ
မဲခေါင်မြစ်ကြီးတစ်ခုတည်းကိုသာ အားကိုးရသော သူတို့တွေ၏ဘ၀သည် ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ချင်းတွင်း စသည့် မြစ်မကြီးလေးသွယ်ကို ပိုင်ဆိုင်ထားသည့် မြန်မာတို့ထက် သမိုင်းအစဉ်အဆက်မှာ နောက်ကျခဲ့သည် မှန်သော်လည်း ယခုအခါမှာတော့ စနစ်ကျသော စီမံအုပ်ချုပ်မှုကြောင့် အံ့စရာကောင်းအောင် တိုးတက်လာခဲ့သည်။ သူတို့သည်လည်း စက်မှုအင်အားကြီးသော အိမ်နီးချင်းတို့လက်ထဲ သစ်တောသယံဇာတများ ပါသွားခဲ့သည်။ သစ်တောများ လျော့နည်းခြင်းနှင့်အတူ မဲခေါင် ရေအားလျှပ်စစ်စီမံကိန်းတို့သည် လာအိုတို့၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေခဲ့သည်မှာ မှန်သော်လည်း လူနေမှုအဆင့်အတန်းကို အတိုင်းအတာ တစ်ခုထိရောက်အောင် မြင့်မားစေခဲ့သည်။
၂၀၀၈ သင်္ကြန်ရက်တုန်းက လာအိုတို့၏ ရှေးဟောင်းမြို့တော် လွန်ပရာဘန်ကို အလည်ရောက်သွားခဲ့ရာ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို မပျောက်ပျက်အောင် စနစ်တကျ ထိန်းသိမ်းထားနိုင်သည့် လာအိုကို ချီးကျူးမိသည်။ ပုဂံလို ရှေးဟောင်း အမွေအနှစ်တွေ တစ်မျှော်တစ်ခေါ်ကြီး ရှိတာမဟုတ်ပေမယ့် ရှိသည့် ဘုရား ကျောင်းကန်များကို ရှေးမူမပျက် ထိန်းသိမ်းထားသည်မှာ အတုယူစရာ ကောင်းလှသည်။ ရှေးမြို့ဟောင်း၏ ရိုးရာမပျက်သည့် အလှတန်ဖိုးက တစ်ဖက်၊ မြို့သစ်၏ တိုးတက်မှုပြယုဂ်က တစ်ဖက် သီးခြားဖြစ်အောင် စီမံထားသည်မှာလည်း ငေးကြည့်စရာ ဖြစ်ခဲ့သည်။ ပြီးတော့ ဧရာဝတီမြစ်ဝှမ်းကလို မြေသြဇာကောင်းမွန်မှု မရှိပေမယ့် မဲခေါင်မြစ်ကြောင့် တံငါလုပ်ငန်းက ဒေသခံတို့ဘ၀ ဖူလုံစေသည်။ဧရာ ၀တီကတော့ သားငါးဖူလုံရုံသာမက မြစ်ဝှမ်းတစ်လျှောက် စိုက်ပျိုးရေးပါ ဖြစ်ထွန်းအောင်မြင်သည့်တိုင် လာအိုတို့၏ဘ၀ကို ဘာကြောင့် မမီတာပါလိမ့်ဟု ရင်ထဲက တွေးမိသည်။
ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်မှာ စိုက်ပျိုးဖို့ အင်မတန်ကောင်းမွန်သော နုန်းတင်မြေ များစွာရှိသည်။ မြစ်ကြီးက တဖြည်းဖြည်း တိမ်းပါးလာသည်နှင့်အတူ သောင်ခုံကျယ်ကျယ်ပြန့်ပြန့်ကြီးတွေမှာလည်း ရာသီသီးနှံများကို စိုက်ပျိုးနိုင်သေးသည်။ ပြီးတော့ မြစ်ကြီး၏ အစမြောက်ဘက်မှ တောင်ဘက်အဆုံးတိုင်အောင် ကူးသန်းရောင်းဝယ် နိုင်ခဲ့ကြသည့်တိုင်အောင် ဧရာဝတီကို အမှီပြုနေကြသူတွေထက် မဲခေါင်သားတွေက ပို၍အဆင်ပြေနေကြ ပါသနည်းဟု မဲခေါင်ကမ်းပါးမှာ ထိုင်ရင်း စကားစပ်မိသည်။ လွန်ပရာဘန်မှာ ဘယ်နေရာသွားသွား သန့်ရှင်းနေသည်ကို ထူးထူးခြားခြား သတိပြုမိသည်။ ဆင်းရဲသော ရပ်ကွက်အချို့မှာ အိမ်တွေသေးသေးကုပ်ကုပ် ဆိုပေမယ့် စုတ်စုတ်ချာချာတော့ မဟုတ်။ ပြီးတော့ သူတို့ဆီက လမ်းမကြီး အပါအ၀င် ဘယ်လမ်းကြိုလမ်းကြားမှ ကွမ်းတံတွေး၊ အမှိုက် စသည်တို့ကို မတွေ့ရ။ ထိုအချက်က ကျွန်တော်တို့ထက် အများကြီးသာသည့် အချက်တစ်ခုဖြစ်သည်။ ပြီးတော့ မနက် ၆း၀၀ နာရီခန့်တွင် မိမိတို့၏ အိမ်ရှေ့ကို သေသေချာချာ သန့်ရှင်းရေး လုပ်ထားကြသည်ကိုလည်း သတိပြုမိသည်။
ကိုယ်ပိုင်ခြံဝင်းမှာသာမက အများပိုင် နေရာများမှာလည်း စည်းကမ်းမဲ့ အမှိုက်ပစ်ထားတာမျိုး မရှိတာကြောင့် လာအိုတို့ စည်းကမ်း၏ တန်ဖိုးကို သိနေကြသည်ဟု မြင်မိသည်။ ကျွန်တော်တို့တည်းခိုသည့် ဟိုတယ်မှ စားပွဲထိုးလေးနှင့် ရက် အနည်းငယ်ကြာသော် ရင်းနှီးလာ၍ မေးကြည့်ရာ ၎င်းမှာ ဗီယက်နမ် နယ်စပ်နားက တောင်ပေါ်တိုင်းရင်းသားလေးဖြစ်ပြီး လွန်ပရာဘန် တက္ကသိုလ်မှာ ပညာသင်ကြားနေခြင်း ဖြစ်သည်။ ယခုအလုပ်မှာလည်း ၎င်းအတွက် တက္ကသိုလ်က စီမံရှာဖွေပေးသည့် အလုပ်ဖြစ်ပြီး ကျောင်းတက်ချိန်နှင့် အလုပ်ချိန် အဆင်ပြေအောင် စီစဉ်ထားပေးကြောင်း သိရ၍ အလွန်အံ့သြမိသည်။ ထိုစနစ်က ဂျပန်၊ အမေရိကန် တို့လို နိုင်ငံကြီးတွေမှာ ကျင့်သုံးနေကြတာ ကြားဖူးခဲ့ရာ ယခုတော့ လာအိုမှာ ကိုယ်တွေ့ဖြစ်လို့ နေတော့သည်။
ပြီးတော့ ထိုကျောင်းသားတွေအတွက် နေထိုင်ရာ အဆောင် စီစဉ်ပေးရုံသာမက သွားလာရေးအတွက် ဆိုင်ကယ်လည်း အရစ်ကျ အကြွေးစနစ်ဖြင့် ရောင်းပေးထားသည်။ လက်ကိုင်ဖုန်း ဆိုတာကတော့ လာအိုမှာ လမ်းဘေး ငါးကင်ရောင်းသူက အစ ကိုင်နေကြလေပြီ။ ကျွန်တော်တို့ဆီမှာ တက္ကသိုလ်တွေ လာအိုထက် အများကြီးများသည်။ ပညာတတ်တွေလည်း သူတို့ထက် များစွာပိုသည်။ ဒါပေမဲ့ သက်သောင့်သက်သာ ပညာသင်ကြားနိုင်ခွင့်ကို သူတို့လို မရနိုင်သေးတာတော့ ဘယ်သူမှ ငြင်းနိုင်မည် မဟုတ်ပါ။
မဲခေါင်မြစ်ရိုးတစ်လျှောက်က တံငါသည်တွေဘ၀က ဧရာဝတီမြစ်ဝကျွန်းပေါ်က တံငါသည်များထက် ပို၍သာယာလှသည်။ ၀င်ငွေမှာ ဧရာဝတီသားတွေ ပို၍သာလိမ့်မည်ဟု ထင်စရာရှိမိပေမယ့် ဧရာဝတီသားတွေထဲက ချမ်းသာသူတွေသာ သူတို့ ထက် သာလိမ့်မည်ဆိုတာ မေးနေစရာမလို။ တံငါသည်တွေထဲမှာ ဆင်းဆင်းရဲရဲနှင့်ဘ၀ကို ရုန်းကန်နေရသူတွေ ရှိနေပေမယ့် ရာခိုင်နှုန်းအားဖြင့် အနည်းငယ်သာ ရှိတော့သည်ဟု လွန်ပရာဘန်သား တံငါသည်က ပြောပြသည်။ သူသည် တံငါအလုပ်အပြင် တစ်ဖက်က ခရီးသွားများအတွက် စက်လှေမောင်းသည့် လုပ်ငန်းကိုလည်း လုပ်ကိုင်သူဖြစ်၍ ၀င်ငွေနှစ်မျိုးကြောင့် အဆင်ပြေနေလေသည်။ အလုပ်တစ်ခု မကောင်းလျှင် နောက်တစ်ခုက ကာမိစေသည်။
ဧရာဝတီမြစ်ဘေးရှိ မြစ်ကြီးနား နံနက်ခင်းဈေး
ဧရာဝတီသား ရေလုပ်ငန်းသမားတွေအတွက် နာဂစ်နှိပ်စက်ပြီး နောက်မှာ ကြွက်တွေကပါ သောင်းကျန်း၍ တော်တော်အလူးအလဲ ခံနေကြရသည်။ အင်မတန် စိတ်ဓာတ်ခိုင်မာသည့် ဧရာဝတီသားတွေဖြစ်၍သာ လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်နေနိုင် ကြခြင်း ဖြစ်ပါလိမ့်မည်။
ဧရာဝတီမြစ်တွင် တည်ဆောက်ပြီး တံတားကြီး ခုနစ်စင်း၊ တည်ဆောက်ဆဲ တံတားလေးစင်း ရှိနေသည်။ မြစ်ကိုဖြတ်သန်း တည်ဆောက်ထားသည့် တံတားများက မြစ်၏အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းဒေသ များကို ဆက်သွယ်ပေးလျက်ရှိသည်။
ဧရာဝတီကတော့ ကန့်လန့်ဖြတ် တည်ဆောက်ထားသော တံတားကြီးများအောက်မှာ အေးဆေးညင်သာစွာ စီးဆင်းနေဆဲ၊ မြစ်ဝကျွန်းပေါ်မှာ သဲသောင်တွေ ထပ်ထပ်ဆင့်လာသလို မြောက်ပိုင်းမှာလည်း သဲသောင်တွေ ပိုပိုကျယ်ပြန့်လာနေပေမယ့် ဧရာဝတီကတော့ မဲခေါင်ကို အလှချင်းပြိုင်ဖို့ စိန်ခေါ်နေဆဲ။ ထို့အတူ ရာဇ၀င် အဆက်ဆက်မှာ တစ်သားတည်း ရှိနေခဲ့သော မြန်မာတို့အတွက် မညီးမညူ တာဝန်ယူနေဆဲ။ နောင်နှစ်ပေါင်း ဘယ်လောက်ကြာအောင် ရှင်သန်နေဦးမှာလဲ ဆိုသည့် အရေးအတွက် အဖြေက ခက်မှာ အမှန်။