Thursday, August 12, 2010

အင်းလေးကန် တိမ်ကောလာမှုအတွက် ထိန်းသိမ်းရေးအဖွဲ့ခေါ်ယူရန် စီစဉ်

ရေခန်းခြောက်နေသော အင်းလေးကန်

အင်းလေးကန် ရေခန်းခြောက်မှုအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ကို ခေါ်ယူ ပြသရတော့မည်ဖြစ်ကြောင်း FREDA အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအုန်းက ပြောကြားသည်။

အင်းလေးကန် ရေရှည်တည်တံ့စေရန်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ကို ခေါ်ယူပြသမှသာ အကြံကောင်းများ ရရှိတော့မည်ဖြစ်သည့်အတွက် ယင်းသို့ခေါ်ယူပြသရန် စီစဉ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“အဲဒီအဖွဲ့က ဂျပန်မှာရှိတဲ့အဖွဲ့ဖြစ်တယ်။ ဂျပန်မှာ ကမ္ဘာလုံးဆိုင်ရာ ကန်ထိန်းသိမ်းရေးတွေကို လုပ်နေတဲ့အဖွဲ့ဖြစ်တယ်။ သူတို့က အတွေ့အကြုံလည်းရှိတယ်။ အဲဒီအတွက် သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) နဲ့ UNDP တို့က ဒီကိစ္စကို ဆုံးဖြတ်ခဲ့တာဖြစ်တယ်” ဟု ဦးအုန်းက ပြောသည်။

ယခုကဲ့သို့ အကူအညီတောင်းခံမည့်အဖွဲ့သည် ငွေကြေးကူညီသည့်အဖွဲ့မဟုတ်ကြောင်း၊ လောလောဆယ် အဖွဲ့၏အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မပြုနိုင်သေးကြောင်း၊ ထိုအဖွဲ့ကို ခေါ်ဆိုရန် ယခုလအတွင်း စီစဉ်ခြင်းဖြစ်ပြီး ရှေ့လအတွင်း လာရောက်နိုင်မည်ဟု ခန့်မှန်းကြောင်း ၎င်းက ပြောဆိုသည်။

“ဒါ့ကြောင့် သူတို့အဖွဲ့ကိုခေါ်ဖို့ဆိုရင် ငွေကြေးကုန်ကျမှုလည်းများမယ်လေ။ အင်းလေးကန်နဲ့ပတ်သက်ရင် နိုင်ငံတော်ဘက်ကလည်း ဒီကိစ္စကို အထူးအလေးပေး ဆောင်ရွက်စေလိုတယ်” ဟု ဦးအုန်းက ဆက်လက်ပြောကြားသည်။

အင်းလေးကန် ရေရှည်တည်တံ့ရေးအတွက် အင်းလေးကန်တွင် စီးပွားရေးလုပ်ငန်းများ မြှုပ်နှံလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စိတ်ဝင်တစား ပါဝင်သင့်သည်ဟုလည်း ၎င်းက ဆိုသည်။

ယခုနှစ်နွေရာသီတွင် ရာသီဥတု ပိုမိုပူပြင်းကာ မိုးနောက်ကျခြင်းကြောင့် ထူးထူးခြားခြား အင်းလေးကန် ရေတိမ်ကော ခန်းခြောက်မှု ဖြစ်ပေါ်ခဲ့ကာ လှေဖြင့်သွားလာရသောနေရာများတွင် မော်တော်ဆိုင်ကယ်များဖြင့် သွားလာရသည်ထိ ဖြစ်သွားခဲ့သည်။

ယခု မိုးရာသီတွင် မိုးနည်းသည့်အတွက် အင်းလေးကန် ရေပြန်လည်ပြည့်မှု မရရှိနိုင်ကြောင်း၊ ယခုအခါ လက်ရှိအင်းလေးရေပြင်ထက် (၁) လက်မခန့်သာ ရေတိုးလာကြောင်း၊ ယခုကဲ့သို့ မိုးနည်းနေပါက လာမည့်နွေရာသီတွင် အင်းလေးကန် ပိုမိုဆိုးဝါးစွာ ပျက်စီးလာနိုင်ကြောင်း ဦးအုန်းက သုံးသပ်သည်။

“မကြုံစဖူးအောင် ပြီးခဲ့တဲ့နွေက အင်းလေးကန် ရေခန်းခြောက်မှုဟာ ဒီအတိုင်းဆို လာမယ့်နွေမှာ ပိုဆိုးသွားနိုင်တယ်။ အခုမပြင်ရင် နောက်သုံးနှစ်တောင် ခံမှာမဟုတ်ဘူး။ လုံးဝပျက်စီးသွားနိုင်တယ်” ဟု ၎င်းက စိတ်မကောင်းစွာ ပြောဆိုသည်။

အင်းလေကန် ပျက်စီးနေသည်ကို နအဖအစိုးရက လျစ်လျူရှုနေသည်ဟု သဘာဝပတ်ဝန်းကျင် လေ့လာထိန်းသိမ်းရေး စိတ်ဝင်စားသူများက ဝေဖန်ပြောဆိုနေမှုများလည်း ရှိနေကြောင်း သိရသည်။

အင်းလေးဒေသသို့ တနှစ်လျှင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဦးရေ (၁) သောင်းခွဲခန့်ထိ လာရောက်တတ်ရာ ယခုနှစ်တွင် မိုးရာသီဖြစ်သော်လည်း ခရီးသွားအရေအတွက် လျော့ကျမသွားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန စာရင်းများအရ သိရသည်။

အင်းလေးကန်အား လာရောက်ကြည့်ရှုကြသည့်အတွက် ယင်းသို့ခရီးသွားအရေအတွက် လျော့ကျမှုမရှိခြင်းဖြစ်ကြောင်း ခရီးသွားဧည့်လမ်းညွှန်တဦးက ပြောသည်။

“အင်းလေးကန်ပျက်စီးမှုကြောင့် သဘာဝအရင်းအမြစ်တွေ ဆုံးရှုံးတာ တခုတည်းမဟုတ်ဘူး။ ဒါဟာ ယဉ်ကျေးမှုလည်း ပျောက်နိုင်တဲ့ပြယုဂ်တခုပါ။ ဒါကို အရေးတကြီးလုပ်ဖို့ကျတော့ အစိုးရအနေနဲ့ပဲ အဓိကကျတယ်လေ။ ကျနော်တို့လို ဧည့်လမ်းညွှန်တွေကို လာတဲ့ဧည့်သည်တွေက ဘာ့ကြောင့် မပြင်ကြတာလဲ၊ အစိုးရအနေနဲ့ ဘာ့ကြောင့် အခုလိုထားတာလဲလို့ မေးလာရင် ဖြေဖို့စကား မရှိဘူး” ဟု ၎င်းက ပြောသည်။

အင်းလေးကန်သည် မြစ်ကြီးနားခရိုင်ရှိ အင်းတော်ကြီးမှလွဲလျှင် မြန်မာနိုင်ငံ၏ ဒုတိယမြောက်အကြီးဆုံး တောင်ပေါ် အင်းအိုင်ကြီးတခုဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင်တည်ရှိသည်။ တောင်နှင့်မြောက်တန်းလျက်ရှိသော တောင်တန်းကြီး (၂) ခုကြားတွင် ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ် အနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိကာ အကျယ်အဝန်းအားဖြင့် ခန့်မှန်းခြေ (၄၄.၉) စတုရန်းမိုင်ခန့်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၂,၉၀၀) တွင် တည်ရှိသည်။
 source : Khitpyaing (Photo by Mizzima)

1 comment:

  1. hello my friend! warm greeting ^^!
    your blog looks nice 0_0

    by the way,
    if you need to find unique fonts, you can go to our website.

    best regards;

    ReplyDelete

Thank you for your comment on my blog, Anythig you can suggesting and discuss to me.