Friday, August 20, 2010

ရန်ကုန်- ကွာလာလမ်ပူ ပျံသန်းနေသော မလေးရှား လေကြောင်းလိုင်း နေ့စဉ် ပျံသန်းတော့မည်

ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်အား တစ်ပတ်လျှင် ငါးရက်တာ ပျံသန်းပေးနေသော မလေးရှားနိုင်ငံရှိ မလေးရှား လေကြောင်းလိုင်းသည် စက်တင်ဘာ ၂ ရက်မှစ၍ နေ့စဉ် ပျံသန်းပေးတော့မည် ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်း၏ အရောင်းကိုယ်စားလှယ် ရရှိထားသော ကုမ္ပဏီများက ပြောသည်။ “အရင်တုန်းက မပျံတဲ့ အင်္ဂါနဲ့ကြာသပတေးနေ့တွေကို စက်တင်ဘာ ၂ ရက်ကစပြီး ပျံတော့မယ်ဆိုတော့ နေ့စဉ် တစ်နေ့တစ်ကြိမ် ဖြစ်သွားပြီ”ဟု အဆိုပါ လေကြောင်းလိုင်း လက်မှတ်အရောင်း ကိုယ်စားလှယ် ရရှိထားသော Global Manpower Travel and Tour မှ တာဝန်ရှိသူက ပြောသည်။ မလေးရှား လေကြောင်းလိုင်းသည် ခရီးသည် ၁၆၀ ကျော် စီးနင်းနိုင်သော Air Bus လေယာဉ်ဖြင့် ယခုခရီးစဉ်အား တိုးချဲ့ပျံသန်းမည် ဖြစ်သည်။ ထို့အပြင် မလေးရှား လေကြောင်းလိုင်းသည် သြဂုတ်လ ၁၆ ရက်မှ သြဂုတ်လ ၂၉ ရက်အတွင်း ရန်ကုန် ကွာလာလမ်ပူ ခရီးစဉ်လက်မှတ် ဝယ်ယူသူများအား ပုံမှန်ဈေးထက် ဒေါ်လာ ၈၀ ခန့်လျှော့၍ ရောင်းပေးနေကြောင်း သိရသည်။ ဆိုက်ရောက် ပြည်ဝင်ခွင့်အား သက်ဆိုင်ရာက မေလမှစ၍ ခွင့်ပြုပေးခဲ့ပြီး အဲအေးရှား လေကြောင်းလိုင်း ပျံသန်းမှုနှင့်အတူ မလေးရှား ဧည့်သည်များသည် သြဂုတ်လဆန်းမှစ၍ အများအပြား လာရောက်လေ့ ရှိကြသည်။ ယခုအခါ ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်အား အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း၊ ဆန်ဘူမိ၊ အဲအေးရှားနှင့် မလေးရှားလေကြောင်းလိုင်းတို့ ပျံသန်းပေးလျက် ရှိကြောင်း ၂၀၁၀ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

source : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.