Sunday, September 19, 2010

မြန်မာ့လေကြောင်းလိုင်း၏ နိုင်ငံတကာ ခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရန် ဆောင်ရွက်သွားမည်

ပြည်တွင်းခရီးစဉ်များသာ ပျံသန်းနေသော နိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်း၏ နိုင်ငံတကာ ခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စတင်တည်ထောင်ခဲ့စဉ်က တိုက်ရိုက်ပျံသန်းရန် ၀န်ဆောင်မှုပေးနိုင်ခဲ့သည့် အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီကဲ့ သို့သော နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ကို ပြန်လည်ပြေးဆွဲနိုင်ရန် ဆောင်ရွက်သွားမည်ဟု မြန်မာ့လေကြောင်းတာဝန်ရှိသူ တစ်ဦးထံမှ သတင်းရရှိပါသည်။   

Union of Burma Airways (UBA) အမည်ဖြင့် ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော မြန်မာ့လေကြောင်းလိုင်းသည် ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် (၆၂)နှစ်ပြည့်မြောက်ပြီ ဖြစ်သည်နှင့်အညီ ယခုထက် ပိုမိုတိုးတက်သည့် ၀န်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

UBA မှBAC ( Burma Airways Corporation)  ထိုမှ Myanmar Airways အမည်ဖြင့် ဖြစ်ပေါ်လာသော မြန်မာ့လေကြောင်းလိုင်းသည် လက်ရှိတွင် မန္တလေး၊ နေပြည်တော်၊ ကလေး၊ ခန္တီး၊ မိုင်းဆတ်၊ ဟုမ္မလင်း၊ ပူတာအို စသည်ဖြင့်မြို့ပေါင်း ၂၅ မြို့ကို ပြည်တွင်း ခရီးစဉ်များအဖြစ် ပြေးဆွဲပေးလျက်ရှိကြောင်း သိရှိရသည်။

မြန်မာ့လေကြောင်းလိုင်းသည် စတင်ပျံသန်းချိန်တွင် ပြည်တွင်းခရီးစဉ်များကို ပြေးဆွဲပေးခဲ့ပြီး ၁၉၅၀ ပြည့်နှစ်တွင်  ဘန်ကောက်၊ ကာလကတ္တားနှင့် စစ်တကောင်းမြို့များသို့ လည်းကောင်း၊ ၁၉၅၃ ခုနှစ်တွင် ပီနန်၊ စင်ကာပူနှင့် ခတ္တမန္ဒူမြို့များသို့ လည်းကောင်း ဒေသတွင်း နိုင်ငံတကာခရီးစဉ်အဖြစ် တိုးချဲ့ပျံသန်းခဲ့ကြောင်း သိရသည်။ BAC  အမည်သို့ ၁၉၇၄ခုနှစ်တွင် ပြောင်းလဲခဲ့ပြီး ၁၉၈၉ခုနှစ်တွင် MA (မြန်မာ့လေကြောင်း) အဖြစ်ထပ်မံ ပြောင်းလဲကာ ဘန်ကောက်၊ စင်ကာ ပူ၊ ဒက္ကား၊ ခတ္တမန္ဒူ၊ ဟောင်ကောင် နှင့်ဂျာကာတာ ခရီးစဉ်များကို ၁၉၉၃ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့အထိ ပျံသန်းပြေးဆွဲပေးခဲ့ကြောင်း သိရှိရ ပါသည်။

ထို့အပြင် စတင်တည်ထောင်ချိန် ၌ မြန်မာ့လေကြောင်းလိုင်းနှင့်ချိတ် ဆက်၍ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ ကဲ့သို့သော နိုင်ငံတကာမှလေယာဉ် ကြီးများတိုက်ရိုက်ဆင်းသက်ပျံသန်းမှု ရှိခဲ့ကြောင်း သိရသည်။

"အရင်က ဒီမှာဒေသတွင်းနိုင်ငံ တွေကတင်မဟုတ်ဘဲ International flight  အဖြစ်ကို BOAC ၊ Air French ၊ Lufthansa စတဲ့ လေကြောင်းလိုင်းက လေယာဉ်ကြီးတွေ တိုက်ရိုက်ဆင်းသက်ခဲ့ကြပါတယ်။ ဒီလိုနိုင်ငံတကာက လေယာဉ်တွေနဲ့ ၀န်ဆောင်မှုပေးနိုင်ဖို့ အစိုးရပိုင် လေကြောင်းလိုင်းမှာသာ right ရှိတာပါ"ဟု မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

"အရင်က နိုင်ငံတကာက လေကြောင်းလိုင်းတွေ ဒီကိုတိုက်ရိုက် ဆင်းသက်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမလာတော့ဘူး။ နောင် Market လည်းရှိမယ်ဆိုရင် ပြန်ဖြစ်လာနိုင်ပါတယ်။ ခရီးသွားလုပ်ငန်းလည်း တိုးတက်လာနိုင် တယ်"ဟု ခရီးသွားရေးရာ ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
မြန်မာ့လေကြောင်းလိုင်းသည် လက်ရှိတွင် ကမ္ဘောဇကုမ္ပဏီနှင့် ပူးပေါင်းကာ MAI အမည်ဖြင့် ရန်ကုန်မှ ဘန်ကောက်၊ စင်ကာပူနှင့် ကွာလာ လမ်ပူခရီးစဉ်များကို ပြေးဆွဲပေးနေပြီး မြန်မာ့လေကြောင်းလိုင်းအနေဖြင့် မူ ပြည်တွင်းခရီးစဉ်များကိုသာ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် (၆၂)နှစ်ပြည့်မြောက် တော့မည်ဖြစ်သည့် မြန်မာ့လေကြောင်းမှ ခရီးသည်များအတွက် ၀န်ဆောင်မှုများတိုးမြှင့်ပေးခြင်း၊ လေ ကြောင်းဆိုင်ရာ Training များပေးခြင်း၊ လေကြောင်းပို့ဆောင်ရေးမှ လေ ကြောင်း စီးပွားရေးအသွင်သို့ ရောက်ရှိနိုင်ရန် ဆောင်ရွက်ခြင်းနှင့် ပြည်တွင်းခရီးစဉ်မှ ဒေသတွင်းခရီးစဉ်၊ ထိုမှ နိုင်ငံတကာခရီးစဉ်အထိပါ ပြုလုပ်သွားရန်ရှိကြောင်း အဆိုပါတာဝန်ရှိ သူက ဆက်လက်ပြောကြားခဲ့သည်။

"ခရီးသည်ဝန်ဆောင်မှုအနေနဲ့ လေယာဉ်တင် အစားအသောက်ပိုင်း မှာလည်း ပိုပြီးစနစ်တကျလုပ်ဆောင် ပေးမယ်။ ပြီးတော့ Limousine service  လို့ခေါ်တဲ့ လေယာဉ်စီးဖို့ လာတဲ့အချိန်ကနေ စီးပြီးလို့သွားမယ့်နေရာ ရောက်တဲ့အထိပေးတဲ့ ၀န်ဆောင်မှုကို လုပ်သွားဖို့ရှိတယ်။ Pilot Training၊ Engineering Training၊ Commercial Training  အနေနဲ့ e- ticketing Online စနစ်တွေ လုပ်ပေးသွားဖို့ရှိတယ်။ လေယာဉ်စင်းလုံးငှားမှုတွေလည်း တိုးပြီး လုပ်ဖို့ရှိတယ်"ဟု ၎င်းက ထပ်မံပြောပြခဲ့သည်။

မြန်မာ့လေကြောင်းလိုင်းသည် ဖော်ကာ F-28 ၊F-27 ၊ ATR-72 ၊ ATR-42 လေယာဉ်လေးစင်း ရှိပြီး MA 60 လေယာဉ်သစ်များ ၀ယ်ယူ၍ ပြေးဆွဲသွားရန်ရှိကြောင်း သိရှိရသည်။

source : Weekly Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.