Wednesday, September 22, 2010

မြန်မာသံရုံး မရှိသောနိုင်ငံမှ နိုင်ငံသားများကိုသာ ဆိုက်ရောက်ဗီဇာခွင့် ပြုမည်ဟုဆို

မြန်မာနိုင်ငံသို့လာရောက်သော နိုင်ငံခြားသားများအတွက် ထုတ်ပေးသည့် ဆိုက်ရောက် ဗီဇာများကို စက်တင်ဘာလမှ စတင်၍ မြန်မာသံရုံးမရှိသော နိုင်ငံမှ လာရောက်သည့် နိုင်ငံသားများအတွက်သာ ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များကို ကိုးကား၍ ပြည်တွင်းရှိ ခရီးသွားအေဂျင်စီများ၏ ပြောကြားချက်အရ သိရသည်။ ဆိုက်ရောက်ဗီဇာကို မြန်မာနိုင်ငံ သံရုံးမရှိသော နိုင်ငံများမှ ကမ္ဘာလှည့်ခရီးသည်( Package Tour) ဖြင့် လာရောက်သူမျာအတွက် အဓိကထားပြီး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၊ ဆိုက်ရောက်ဗီဇာ ( Visa on Arrival) ဖြင့် ဝင်ရောက်လိုပါက တရားဝင် လိုင်စင်ယူထားသည့် ခရီးသွားကုမ္ပဏီ အနေဖြင့် လာရောက်မည့် လေကြောင်းလိုင်း၊ ပြန်လည် ထွက်ခွာမည့် ရက်စွဲစသည်တို့နှင့်အတူ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဗီဇာစိစစ်ထုတ်ပေးရေး အဖွဲ့သို့ တိုက်ရိုက် လျှောက်ထားရမည် ဖြစ်ကြောင်းနှင့် ခရီးသွားကုမ္ပဏီအနေဖြင့် ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်လာချိန်မှ ပြန်လည် ထွက်ခွာချိန်အထိ အလုံးစုံ တာဝန်ယူရမည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။ “တစ်ဦးတစ်ယောက်တည်း FIT ( Foreign Independent Travellor ) အနေနဲ့ဝင်လာတာမျိုးဆို သူ့ခရီးစဉ်ကိုသိနိုင်ဖို့ မလွယ်ဘူး။ Package Tour တွေအတွက်ပဲ ဆောင်ရွက်ပေးနိုင်တယ်”ဟု EPG ခရီးသွား အေဂျင်စီမှ ဒါရိုက်တာ ဦးအောင်နိုင်ကဆိုသည်။ ထို့အပြင် နေ့စဉ် ဆိုက်ရောက် ဗီဇာပေးရသည့် ကမ္ဘာလှည့်ခရီးသည်စာရင်းကို တာဝန်ခံသည့် ကုမ္ပဏီအလိုက် စာရင်းပြု၍ တင်ပြရမည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ အထက်ပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ အဆိုပါ ဆိုက်ရောက် ဗီဇာများကို ယခင်က ရက်လွန်နေထိုင်ပါက တစ်ရက်လျှင် သုံးဒေါ်လာ ဒဏ်ကြေး ပေးဆောင်ခဲ့ရပြီး ယခုအခါ ဒဏ်ကြေး ပေးဆောင်၍ ရက်လွန်နေထိုင်ခွင့် ပြုပေးတော့မည် မဟုတ်ဘဲ အရေးယူမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ တရားဝင် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ ပြည်ဝင်ခွင့် ဆိုက်ရောက်ဗီဇာများကို ၂၀၁၀ ပြည့်နှစ် မေလ ၁ ရက်နေ့မှ စ၍ ပထမဆုံးအကြိမ် ထုတ်ပေးခဲ့ရာမှ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ ပြန်လည် ရပ်နားခဲ့ပြီး စက်တင်ဘာလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံသံရုံး မရှိသောနိုင်ငံမှ နိုင်ငံသားများကို လျှောက်ထားခွင့် ပြုခဲ့ကြောင်း ၂၀၁၀ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

source : Khit Lu Nge 

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.