Friday, September 24, 2010

ဆိုက်ရောက်ဗီဇာ လျှောက်ထားမှုကို ခရီးသွား လုပ်ငန်းရှင်အသင်းဝင် ကုမ္ပဏီများမှ လက်ခံမည်ဟုဆို

မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း(UMTA) အသင်းဝင်ကုမ္ပဏီများမှ လျှောက်ထားသော ဆိုက်ရောက် ပြည်ဝင်ခွင့် ဗီဇာကို လက်ခံမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ထုတ်ပြန်ချက်ကို ပြည်ထဲရေးဝန်ကြီးဌာနမှ စက်တင်ဘာ ၃ ရက် ညနေ ၄ နာရီ အချိန်တွင် ခရီးစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များအဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဆိုက်ရောက်ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးခြင်းအား ၂၀၁၀ စက်တင်ဘာ ၁ ရက်မှစ၍ ဆိုင်းငံ့ထားပြီးနောက် မြန်မာသံရုံးမရှိသည့် နိုင်ငံများတွင် ကမ္ဘာလှည့်ခရီးသည် ပြည်ဝင်ခွင့်ရယူရန် အခက်အခဲရှိကြောင်း ကုမ္ပဏီများက တင်ပြလာသဖြင့် UMTA အနေဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှတစ်ဆင့် သက်ဆိုင်ရာဌာနသို့ တင်ပြခဲ့ရာမှ စက်တင်ဘာ ၃ ရက်တွင် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။ ဆိုက်ရောက်ပြည်ဝင်ခွင့် လျှောက်ထားလိုသော အသင်းမဝင်ရသေးသည့် လိုင်စင်ရ ကုမ္ပဏီများအနေဖြင့် UMTA သို့ အသင်းဝင်ရန်လည်း နှိုးဆော်ပါကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်အသင်းသို့ အသင်းဝင်အဖြစ် ဝင်ရောက်လိုပါက အသင်းဝင်ကြေးအဖြစ် ဒေါ်လာ၊ အက်ဖ်အီးစီ ၄၀ နှင့် မြန်မာကျပ်ငွေလေးသောင်း ကျသင့်မည်ဟု အသင်းမှတာဝန်ရှိသူက ပြောသည်။ ထိုကဲ့သို့ အသင်းဝင် မဟုတ်ပါက ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနတွင် ထောက်ခံချက် ရယူပြီးမှသာ ဆိုက်ရောက်ဗီဇာအတွက် စိစစ်လက်ခံမည်ဟု သိရှိရကြောင်း ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

source : Khit Lu Nge

2 comments:

  1. What is this, my laptop can not red the content of your blog

    ReplyDelete
  2. I writing this post by Myanmar font. If you want to see Myanmar font you can download from my blog Get Zawgyi.

    ReplyDelete

Thank you for your comment on my blog, Anythig you can suggesting and discuss to me.