Thursday, October 07, 2010

အင်းလေးကန်တွင် ယခင်နှစ်များကဲ့သို့ ရေမပြည့်သေးသော်လည်း ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီ ပူဇော်ပွဲကို အစဉ်အလာမပျက် ကျင်းပမည်


၂၀၁၀ ပြည့်နှစ် နွေရာသီရေ ခန်းခြောက်မှုများရှိခဲ့ပြီး ယခုအခါ မိုးရေနှင့် တောင်ကျချောင်းရေများ ၀င်ရောက်လာမှုကြောင့် ယခင်နှစ်များ လောက် စံချိန်မီရေပြည့်မလာသေး သော်လည်း အင်းလေးဖောင်တော်ဦး ဘုရားဒေသစာရီ ကြွချီပူဇော်ပွဲကို ရိုးရာ အစဉ်အလာမပျက် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၉ ရက်မှ ၂၆ ရက် နေ့အထိ ၁၈ ရက်တိုင်တိုင် ကြွချီ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီထံမှ သိရှိရသည်။ 

     အဆိုပါအစီအစဉ်ကို အင်းလေး ဖောင်တော်ဦးဘုရား ဗုဒ္ဓသာသနာ ထိန်ထိန်လင်း ကျောင်းတော်ကြီး၌ ကျင်းပသော သြ၀ါဒါစရိယ ဆရာတော်ကြီးများ၊ ပြည်နယ်၊ မြို့နယ်၊ သံဃနာယကအဖွဲ့မှ ဆရာတော်ကြီး များ၊ သာသနာရေးဦးစီးဌာန၊ မြို့နယ် ကောင်စီ၊ ဌာနဆိုင်ရာနှင့် ဂေါပက အဖွဲ့ဝင်များ၊ ဘုရားကြွဌာနအသီးသီးမှ ကျောင်းဦးဒါယကာများပါဝင်သော ဒေသန္တရမျက်နှာစုံညီ အစည်းအဝေးမှ သဘောတူဆုံးဖြတ်ခဲ့သည်။

    အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်မြတ်များ တင်ဆောင်ရာ ကရ၀ိက်ဖောင်တော်အကြီးမှာ အလျား ၄၄ တောင်၊ အနံ ၁၈ တောင်၊ အမြင့်  ပြာသာဒ်အပါအ၀င် ၂၄ တောင်ရှိ၍ လှေကြီးနှစ်စင်းပေါ်၌ ဖောင်ဖွဲ့တည် ဆောက်ထားသည်။ ခံနိုင်ဝန်ခြောက်တန်ခန့် ရှိမည်ဖြစ်ပြီး ရေစူးအနက်သုံးပေခန့် ရှိမည်ဖြစ်ကာ ကရ၀ိက်ဖောင်တော်အငယ်မှာ အလျား ၃၄ တောင်၊ အနံရှစ်တောင်အမြင့် ပြာသာဒ်အပါ အ၀င် ၁၂ တောင်ရှိကာ လှေအလတ် နှစ်စင်းပေါ်တွင် ဖောင်ဖွဲ့ တည်ဆောက်ထားကြောင်း၊ ခံနိုင်ဝန်သုံးတန်ခန့်ရှိ မည်ဖြစ်ကာ ရေစူးအနက်နှစ်ပေခန့် ရှိမည်ဖြစ်ကြောင်း သိရသည်။

    သို့ဖြစ်၍ကြွချီရာ ရေပြင်အနေအထားအရ ရေနက်လျှင် ဖောင်တော်အကြီးကို အသုံးပြုမည်ဖြစ်ပြီး ရေတိမ်လျှင် ဖော်တော်အငယ်ကို အသုံးပြုတင်ဆောင်ကြွ ချီသွားမည်ဖြစ်ကြောင်း၊ ရေစူးသက်သာစေရန် ဖောင်တော်နှစ်ခု ပေါ်တင်ဆောင်မည့် ခံနိုင်ဝန်ကိုလည်း အတတ်နိုင်ဆုံး လျှော့ချတင်ဆောင် ကြွချီသွားမည်ဖြစ်ကြောင်း သိရသည်။

source : news-eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.