Thursday, October 14, 2010

ကန်တော်ကြီးဟိုတယ်ကို ထူးကုမ္ပဏီမှ အပြီးအပြတ် ၀ယ်ယူမည်

ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းတွင် ဖွင့်လှစ်ထားသည့် ကန်တော်ကြီးဟိုတယ်အား ထူးကုမ္ပဏီမှ အပြီးပြတ် ၀ယ်ယူရန် နှစ်ဖက်သဘော တူညီချက် ရရှိပြီ ဖြစ်ကြောင်း ကန်တော်ကြီးဟိုတယ် အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။
        ကန်တော်ကြီးဟိုတယ်တွင် လက်ရှိ ဖွင့်လှစ်ထားသော ကျောက်မျက်ဆိုင်များ အပါအ၀င် ဆိုင်ခန်းဖွင့်လှစ်ထားသူများ အနေဖြင့် ပြောင်းရွှေ့ပေးရဖွယ် ရှိကြောင်း သိရသည်။
        ''ဟိုတယ်တစ်ခုလုံးရဲ့ တန်ဖိုး၊ မြေတန်ဖိုး၊ ပစ္စည်းတွေရဲ့ တန်ဖိုးအားလုံးကို ကာလပေါက်ဈေးထက်မြင့်တဲ့ နှုန်းနဲ့တွက်ချက်ပြီး ရောင်းဈေး ပြောတာတောင် ချက်ခြင်းဝယ်ဖို့ သဘောတူလိုက်တယ်လို့ သိရတယ်။ ဈေးအတိအကျတော့ မသိရပါဘူး''ဟု ကန်တော်ကြီးဟိုတယ် အသိုင်းအ၀ိုင်းဖြင့် နီးစပ်သူတစ်ဦးက ပြောပြခဲ့သည်။
        ''သိရသလောက်တော့ တစ်ခွန်းဈေးနဲ့ဝယ်ဖို့ သဘောတူထားတဲ့ ပုံစံပါ။ ဟိုတယ်ဘက်က ရောင်းမယ့်ဈေးကို တွက်ချက်ပြီး ပြောလိုက်တာနဲ့ အဲဒီ ဈေးနဲ့ဝယ်မယ်လို့ သဘောတူလိုက်တဲ့ အနေအထားပါ။ ဟိုတယ်လုပ်ငန်းပဲ ဆက်လုပ်မယ်လို့ သိရတယ်။ ချမ်းသာတဲ့ VIP တွေပဲ တည်းခိုတဲ့ ဟိုတယ်ပုံစံမျိုးလည်း ဖြစ်လာနိုင်တယ်လို့ သိထားရပါတယ်''ဟု ပြောကြားခဲ့သည်။

        ဆိုင်ခန်းများ၊ ဟိုတယ်ဝန်ထမ်းများ အခြေအနေအပေါ် ၎င်းက ''သူတို့ဖက်ကတော့ တတ်သနိုင်သလောက် မြန်မြန် အပြောင်းအရွှေ့ လုပ်ပေးစေချင်တဲ့ သဘောပါ။ ဒါပေမယ့် ရုတ်တရက် ၀ယ်ယူတာမျိုးဖြစ်လို့ ဒီဘက်က လုပ်ငန်းတွေကလည်း ဘာမှ မစီစဉ်ရသေးဘူး။ အဲဒီအတွက် ဆိုင်ခန်းတွေ ဖယ်ရမယ့်ရက်၊ ၀န်ထမ်းတွေကို ဘယ်လိုဆက်ထားမလည်း၊ ဖယ်ပေးရမလား ဒါမှမဟုတ် ဘယ်လို ဆက်လုပ်စေချင်တယ်ဆိုတာမျိုး တိတိကျကျ မသိရသေးဘူး။ ဆိုင်ခန်းတွေဘက်ကတော့ ဖယ်ပေးရမယ့်ရက်ကို မှန်းဆပြီး ပြောနေတာလည်း ရှိပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ကိစ္စနဲ့ ပတ်သတ်ပြီး တိကျတဲ့သတင်း မထုတ်ပြန်သေးပေမယ့် ဆိုင်တွေ ပြောင်းပေးရမှာကတော့ သေချာသလောက်ပဲ''ဟု ဆက်လက်ရှင်းပြခဲ့သည်။ 

soruce : News-Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.