Monday, October 18, 2010

အင်းလေးဖောင်တော်ဦးဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီ ခရီး ညောင်ရွှေမြို့သို့ ရောက်ရှိ



ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းဟူးထာဝရစံကျောင်းတော်တွင်းမှ သီတင်းကျွတ်လဆန်း ၁ ရက်နေ့မှ စတင်၍ အပူဇော်ခံ ဒေသစာရီခရီး ထွက်ခွာခဲ့သော အင်းလေးဖောင်တော်ဦးဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်များ တင်ဆောင်ရာ ကရ၀ိက် ဖောင်တော်သည် အင်းလေးကန်၏ အနောက်ဖက်ကမ်း ကျေးရွာ အပူဇော်ခံဌာနများသို့ ကြွရောက်ခဲ့ပြီး သီတင်းကျွတ်လဆန်း ၇ ရက်နေ့ နံနက် ၉ နာရီတွင် ညောင်ရွှေမြို့ အနောက်ဘက် နမ့်ကတ်ချောင်း ဖောင် တော်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း၊ ချောင်းတစ်ခုလုံး ဘုရားကြို စက်လှေများ၊လှေများဖြင့် ပြည့်နှက်ခဲ့ပြီး ဘေးကမ်းနှစ်ဖက်တွင်လည်း တိုးမပေါက်အောင် စည်ကားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
        ညောင်ရွှေဆိပ်ကမ်းတွင် သံဃာတော်များ၊ ပြည်နယ် တာဝန်ရှိသူများက ကရ၀ိက်ဖောင်တော်ပေါ်မှ ဘော်နန်းပြဿဒ် ယာဉ်တော်ပေါ်သို့ ပင့်ဆောင်ပေးကြပြီး မြို့လူထုနှင့် ဧည့်သည်များမှ ဘော်နန်းပြဿဒ်ယာဉ်ကို ပိတ်ဖြူကြိုးဖြင့်ဆွဲကာ မြို့တစ်ပတ် လှည့်လည် အပူဇော်ခံပြီး မြို့လယ်စံကျောင်းတော်သို့ ပို့ဆောင်ခဲ့ကြသည်။
        အဆိုပါ မြို့လယ်စံကျောင်းတော်တွင် သီတင်းကျွတ်လဆန်း ၇ ရက်နေ့မှ ၉ ရက်နေ့အထိ သုံးည ကျိန်းစက် အပူဇော်ခံပြီး လဆန်း ၁၀ ရက်နေ့တွင် အင်းလေးကန် အရှေ့ဘက်ကမ်း ကျေးရွာများရှိ အပူဇော်ခံဌာနများသို့ ဆက်လက်ကြွချီမည် ဖြစ် ကြောင်း သိရသည်။


         ဖောင်တော်ဦးဘုရားကြွချီရာ၊ အင်းလယ်နှင့် ချောင်းရိုးတစ်လျှောက် ဘုရားကြို လှေများဖြင့် ပြည့်နှက်စည်ကားခဲ့ပြီး ထူးခြားမှု တစ်ရပ်မှာ နိုင်ငံခြားသား ဧည့်သည်များ ယခင်နှစ်များကထက် ပိုမို များပြားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပြခဲ့သည်။ ယခုနှစ် ပြည်တွင်းပြည်ပ ဧည့်သည် အလာများ၍ ဟိုတယ်၊မိုတယ်၊ အင်း အားလုံး နေရာလွတ်မရှိ ပြည့်ခဲ့ကြောင်း ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ရှင်းပြခဲ့သည်။
         ယခုအခါ အင်းလေးကန်နှင့် ချောင်းများ၏ ရေ၀င်ရောက်မှု အခြေအနေမှာ ယခင်နှစ်များ၏ သုံးပုံနှစ်ပုံ ရေ၀င်ရောက်ခဲ့ပြီ ဖြစ်ကြောင်း ဘုရားပင့်ဆောင်ရာ လမ်းခရီးတစ်လျှောက် သက်ဆိုင်ရာမှ မြေတူးစက် သောင် တူးစက်များဖြင့် ကြိုတင်တူးထားရုံမက၊ ရေအတိမ်ဆုံးဖြစ်သော အင်းတိမ်ချောင်း နှစ်ခုအနက် ချောင်းတစ်ခုကို ခေတ္တပိတ်ထားခဲ့ရာ ကျန်ချောင်းဖြစ်သော ဘုရားအ၀င် ချောင်းမှာ ရေပြည့်ခဲ့၍ ပင့်ဆောင်ရာတွင် အခက်အခဲ မရှိခဲ့ကြောင်း ပင့်ဆောင်ရေး ဖောင်တော် တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။ 

Soruce : News-Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.