Sunday, November 21, 2010

ဗီယက်နမ် ပြည်ဝင်ခွင့် ဗီဇာကြေး ကင်းလွတ်ခွင့်ပေးတော့မည်

ဗီယက်နမ်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာကြေး ကင်းလွတ်ခွင့်ကိုမြန်မာနိုင်ငံသားများ အား မကြာမှီ ပေးတော့မည်ဖြစ်ကြောင်း ဗီယက်နမ် သံရုံးမှသံအမတ်ဖြစ်သူ Mr. Chu Cong Phung က နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ပါ့ခ်ရွိုင်ရယ် ဟိုတယ်၌ ပြုလုပ်ခဲ့သည့် ဗီယက်နမ် လေကြောင်း၏ ဒုတိယမြောက် ရန်ကုန်-ဟိုချီမင်း တိုက် ရိုက်လေကြောင်းလိုင်း စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောသည်။

"လက်ရှိ ဗီယက်နမ်ဗီဇာကို အမေရိ ကန် ၅၅ ဒေါ်လာနဲ့ သံရုံးမှာ လျှောက်ထားရယူနိုင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ခရီးသွား ဧည့်သည်တွေအတွက် ဗီယက်နမ်ပြည်ဝင်ခွင့် ဗီဇာကြေးကင်း လွတ်ခွင့်ကို မကြာမီကာလမှာ ပေးနိုင်တော့မှာဖြစ်ပါတယ်။ ဗီယက်နမ် နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံက အာဏာပိုင်တွေကို ဗီဇာကြေး ကင်းလွတ်ခွင့်နဲ့ပတ်သက်ပြီး တင်သွင်း ပြီးပါပြီ။ မြန်မာနိုင်ငံဘက်က အဆုံးအဖြတ်ကိုပဲ ကျွန်တော်တို့ စောင့်နေတာပါ။ မကြာခင်ကာလမှာ စတင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်" ဟု Mr. Chu Cong Phung ကပြောသည်။

ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံ ဗီဇာ ကင်းလွတ်ခွင့်ရရှိပါက နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည့်အပြင် နှစ်နိုင်ငံ အကြားခရီးသွားလာမှု ပိုမိုများပြားလာမည်ဟု ခရီးသွားလုပ်ငန်းရှင်အချို့က သုံးသပ်သည်။

"အခုလောလောဆယ်မှာ ဗီယက်နမ် ပြည်ဝင်ခွင့်ဗီဇာကြေးက တခြားအာရှ နိုင်ငံဗီဇာကြေးတွေထက် သိသိသာသာ များနေပါတယ်။ ဗီဇာကြေးကင်းလွတ်ခွင့်ပေးလိုက်ရင်တော့ ဗီယက်နမ်နိုင်ငံကို ခရီးစဉ်တွေပြေးဆွဲရာမှာ အများကြီး အကျိုးရှိမှာဖြစ်ပါတယ်။ မကြာမီ ပေးလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်" ဟု ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်း ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ၀င် ရောက်လာသော ဧည့်သည်အများစုမှာ စီးပွားရေးလုပ်ငန်းရှင်များဖြစ်ပြီး မြန်မာနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ သွားရောက် လည်ပတ်သည့် ဧည့်သည်အရေအတွက် နည်းပါးသေးကြောင်း ဗီယက်နမ်သံရုံး ဗီဇာဌာနမှ Mr. Tran Van Hoang က ပြောသည်။

source : Myanmar Times

Thursday, November 18, 2010

စစ်တွေ-မင်းဘူး ရထားလမ်းစီမံကိန်း RNDP ကန့်ကွက်

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးစေသည့် ရထားလမ်း ဖောက်လုပ်မှုကို လက်မခံဟု မြောက်ဦးမြို့ ရှေးဟောင်းပညာရှင်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ပြောဆိုသည်။

၁ဝ နှစ်ကျော်ကြာ ဖောက်လုပ်နေဆဲဖြစ်သော ၁၅၇ မိုင်ရှည် စစ်တွေ-အမ်း-မင်းဘူး ရထားလမ်း စီမံကိန်းတွင် အစိတ်အပိုင်းတခုဖြစ်သည့် ရှေးဟောင်းမြို့တော် မြောက်ဦးမြို့တွင်းပိုင်းကို ယခုလ ၇ ရက်နေ့တွင် စတင်ဖောက်လုပ်ရာ လမ်းတလျှောက် ရှေးဟောင်းစေတီပုထိုး ရုပ်လုံးရုပ်ကြွများ ပျက်စီးလိမ့်မည်ဟု ဆိုသည်။

ရန်ကုန်တိုင်းမ်ဂျာနယ်အဆိုအရ ရထားလမ်းစီမံကိန်းမှာ ၉ဝ ရာခိုင်နှုန်းခန့် ပြီးစီးပြီဟု သိရသည်။ မြောက်ဦးမှသည် အမ်းဘက်ကို ဖောက်လုပ်ရန် ကျန်ရှိနေသည်။

”ဘုရားပုထိုး ကျုံးမြို့ရိုးတံတိုင်း စတာတွေ အများကြီး ရှိပါတယ်။ ဒါတွေအားလုံး ပျက်စီးသွားမှာ’’ ဟု မြောက်ဦး ရှေးဟောင်းသုတေသန ဌာနခွဲတွင် နှစ်ပေါင်း ၂ဝ ကျော် လုပ်ကိုင်ခဲ့သည့် ဒုတိယ ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ထွန်းအောင် (အငြိမ်းစား) က မဇ္ဈိမကို ပြောသည်။

လမ်းဖောက်လုပ်စ လက်ရှိအချိန်တွင် ရခိုင်သမိုင်းအတွက် တန်ဖိုးရှိသည့် မြို့ရိုးတံတိုင်း၊ ခံတပ် အပါအဝင် သမိုင်းဝင် ရှေးဟောင်းရုပ်ကြွများ စေတီပုထိုးများ ပျက်စီးကာ၊ အထွဋ်အမြတ် ကိုးသောင်း ပုထိုးတော်ကြီး ပျက်စီးနိုင်သည်ဟု သူက ဆိုသည်။

RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကလည်း ’’သာသနိက အဆောက်အဦးတွေကို ကွေြ့ပီး သွားရမှာ။ ဒါမှ နှစ်ဦးနှစ်ဖက် အကျိုးရှိမှာ။ ရထားလမ်း ဖောက်ခြင်းဖြင့် တဖက်က သာသနိက အဆောက်အဦးတွေ မပျက်စီးရအောင်၊ ရထားနဲ့သွားတဲ့ ခရီးသည်တွေ ဖူးမျှော်နိုင်အောင် လမ်းတွေကို ရွေးချယ်ဖို့ လိုတယ်။ အချက်အလက်တွေ စုဆောင်းပြီးတော့ ဥပဒေဘောင်အတွင်းက အများသိအောင် လုပ်မယ်’’ ဟု မဇ္ဈိမကို ပြောသည်။

ယခုလ ၁၄ ရက်နေ့တွင် မြောက်ဦးမြို့ ရှေးဟောင်းသုတေသနဌာနခွဲ တာဝန်ခံ ဗိုလ်မှူးချစ်ဦးက ရထားလမ်း ဖောက်သူများကို တားမြစ်ခဲ့သလို၊ စစ်တွေခရိုင် ရှေးဟောင်းသုတေသနဌာနသို့ပါ ရပ်တန့်ပေးရန် စာတင်သဖြင့် နောက်ရက်တွင် စစ်တွေမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောလွင် လာရောက်ဆွေးနွေးခဲ့သည်။ သို့သော် ယမန်နေ့တွင်မူ ဆက်လက်၍ ဖောက်လုပ်လာပြန်သည်။

ရခိုင်ပြည်နယ် နေရာအနှံ့ ရှေးဟောင်းအမွေအနှစ်များ ရှိသော်လည်း မြောက်ဦးမြို့တော်သည် ရခိုင်ဘုရင် အဆက်ဆက် နန်းစိုက်ခဲ့ရာ မြို့ဖြစ်ပြီး၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းရာ မြို့လည်း ဖြစ်သည်။  အေဒီ ၁၇၈၅ ခုနှစ်တွင် ရခိုင့်နောက်ဆုံးဘုရင် မဟာသမ္မတ မင်းနန်းစိုက်ခဲ့ပြီး၊ ရခိုင်တို့၏ နောက်ဆုံး ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာ ဒေသဖြစ်ကြောင်း ရမ်းဗြဲ တောင်ကျောင်းဆရာတော် ပြုစုရေးသားခဲ့သည့် ရခိုင်ရာဇဝင် သိုက်ကျမ်းများတွင် ဆိုထားသည်။ မြို့တော်ဟောင်းနေရာ အကျယ်အဝန်းမှာ ၁ဝ မိုင်ဝန်းကျင် ရှိသည်။

ရခိုင်ပြည်နယ်ရှိ ပြတိုက်များတွင် ရှေးဟောင်း အမွေအနှစ်များ တစထက်တစ နည်းပါးလာသလို၊ လက်ရှိ ရှေးဟောင်း သုတေသန ဌာနကလည်း စနစ်တကျ မပြုပြင်သဖြင့် ယိုယွင်းပျက်စီးမှုနှင့် ပျောက်ရှမှုများ ရှိနေသည်ဟု ကန့်ကွက်သူများက ဆိုကြသည်။

ဦးကျော်ထွန်းအောင်က ’’အရင်ကဆိုရင် လမ်းတွေဘာတွေ ဖောက်လုပ်တဲ့အခါမှာ ရှေးဟောင်း အဆောက်အဦးတွေ တွေ့ခဲ့ရင် ချက်ချင်းရပ်ပြီး၊ အဲဒီရှေးဟောင်းပစ္စည်းတွေကို အရင်မူလအတိုင်း ပြုပြင်ခဲ့တာတွေ ရှိတယ်။ အဲဒီနေရာမှာလည်း လမ်းဆက်မဖောက်တော့ဘူး။ အခုလမ်းဖောက်တဲ့အခါ ရှေးဟောင်း အမွေအနှစ်တွေ တွေ့ရင်လည်း မရပ်မနားဘဲ ဆက်ဖောက်ဆိုတဲ့ဟာက တော်တော့ကို အရုပ်ဆိုးပါတယ်’’ ဟု ပြောသည်။

၁၉၅ဝ ခုနှစ်တွင် နိုင်ငံတော်က မြောက်ဦးမြို့၌ ရှေးဟောင်းသုတေသန ဌာနခွဲကို စတင်ထားရှိခဲ့ခြင်း ဖြစ်သည်။

Wednesday, November 17, 2010

မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၁၅၀ အောက်သာ ကျန်ရှိတော့၍ သိပ္ပံနည်းကျ စာရင်းကောက်ယူမှုများ ပြုလုပ်သွားမည်

မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၁၅၀ ၀န်းကျင်အောက်သာ ကျန်ရှိတော့ကြောင်း၊ ထို့ကြောင့် သိပ္ပံနည်းကျ စာရင်းကောက်ယူမှုများကို သစ်တောရေးရာဝန်ကြီးဌာန အနေဖြင့် ဆက်လက်ပြုလုပ်သွားရန် ရှိကြောင်း အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ ကျားအများဆုံး ရှိရာဒေသသည် ၂၀၁၀ ပြည့်နှစ် နှစ်လယ်ပိုင်းအတွင်းက ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသော ဟူးကောင်း ကျားထိန်းသိမ်းရေးနယ်မြေ ဖြစ်ပြီး အခြားကျား ထိန်းသိမ်းရေး နေရာများဖြစ်သည့် တမံသီဘေးမဲ့တောနှင့် တနင်္သာရီ သဘာဝကြိုးဝိုင်းတွင်လည်း ကျားမျိုးစိတ်အချို့ ကျန်ရှိနေသေးကြောင်း သိရှိရသည်။
သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက "မြန်မာနိုင်ငံမှာ ကျားထိန်းသိမ်းရေးကို WCS အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ ကျားထိန်းသိမ်းမှုတွေ ပြုလုပ်နေသလို နည်းပညာအသုံးပြုပြီး ကျားထိန်းသိမ်းရေးနယ်မြေတွေမှာ ကျားခြေရာတွေကို GPSS စနစ်နဲ့မှတ်တမ်းတင်တာမျိုးတွေ ပြုလုပ်လျက်ရှိပါတယ်။ ပြီးတော့ ကျားမစင်လို့ယူဆရတဲ့ တိရစ္ဆာန်မစင်တွေကိုလည်း  DNA နည်းနဲ့ ဓာတ်ခွဲခန်းတွေမှာ ဓာတ်ခွဲပြီး မျိုးစိတ်လေ့လာမှုတွေကိုလည်း ပြုလုပ်လျက်ရှိပါတယ်။ ထောင်ခြောက်ကင်မရာတွေနဲ့ ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်ပြီး ကျားကိုယ်ပေါ်မှာရှိတဲ့ အမွှေးအမျှင်တွေ နဲ့အစင်းတွေအပေါ် မူတည်ပြီး ခွဲခြားသတ်မှတ်မှုတွေ ပြုလုပ်နေပါတယ်။ ဆက်လက်ပြီးလည်း သိပ္ပံနည်းကျ စာရင်းကောက်ယူမှုတွေကို ဆက်လက်ပြုလုပ်သွာဖို့ အစီအစဉ်ရှိပါတယ်"ဟု ပြောကြားခဲ့သည်။
  မြန်မာနိုင်ငံတွင် ကျားမျိုးစိတ် ၂မျိုးသာ ကျန်ရှိတော့ပြီး ဘင်္ဂလားကျားနှင့် အင်ဒိုချိုင်းနားကျား မျိုးစိတ်တို့သာ ကျန်ရှိတော့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကချင်ပြည်နယ်ရှိ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေဖြစ်သည့် ဟူးကောင်း ကျားထိန်းသိမ်းရေး နယ်မြေတွင်လည်း ကျားကောင်ရေ ၅၀ ၀န်းကျင်သာ ကျန်ရှိတော့ကြောင်း၊ ကျားမျိုးများ လျော့နည်း လာရခြင်းမှာ ကျားနေထိုင်ရန် သစ်တောများပြုန်းတီးလာခြင်း၊ ရာသီဥတု အခြေအနေနှင့် အမဲလိုက်ခံရခြင်းများကြောင့်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တစ်ဦးက  ပြောကြားခဲ့သည်။
Credit : News-Eleven

Sunday, November 14, 2010

ခရီးသွားရာသီ အစမှာပင် မင်းကွန်းဒေသသို့ ခရီးသွားဧည့်သည် အများအပြား လာရောက်

ယခုနှစ် ခရီးသွားရာသီ အစမှာပင် မင်းကွန်းဒေသသို့ ရေကြောင်းခရီးဖြင့် ခရီးသွားဧည့်သည် အများအပြား လာရောက်ကြောင်း သိရသည်။ မန္တလေး မရမ်းခြံဆိပ်မှ ပြည်ပခရီးသွား ဧည့်သည်များအတွက် မန္တလေး-မင်းကွန်း၊ မန္တလေး- မင်းကွန်း- စစ် ကိုင်းနှင့် မန္တလေး-ဗန်းမော်ဟူ၍ ရေကြောင်းခရီးစဉ်သုံးခု ပြေးဆွဲပေးရာ မန္တလေး-မင်းကွန်း ခရီးစဉ်သည် သွားရောက်မှု အများဆုံးဖြစ်ကြောင်း သိရသည်။
''မန္တလေးကို လာရောက်တဲ့ ဧည့်သည်အများစုက မင်းကွန်းကို မဖြစ်မနေ သွားကြတာ များတယ်။ မင်းကွန်းကို မန္တလေးကနေ ကုန်းလမ်း၊ ရေလမ်း နှစ်လမ်း သွားလာနိုင်တယ်။ ပြည်ပခရီးသည် အများစုက ရေလမ်းကနေသွားတာ များတယ်။  ဒီနှစ် နို ၀င်ဘာလဆန်းပိုင်းမှာကို တစ်နေ့ခရီးသွား ဧည့်သည် အယောက် ၇၀ ကျော် ၈၀ လောက် လာရောက်တာကို တွေ့ရတယ်''ဟု မန္တလေးမရမ်းခြံဆိပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပြင်သစ်၊ စပိန်နှင့်အီတလီ နိုင်ငံသားများ လာရောက်မှုများကြောင်းနှင့် မန္တလေးမရမ်းခြံဆိပ်တွင် ပြည်ပခရီးသည်များအတွက် မန္တလေး-မင်းကွန်းသွား ရေယာဉ် ၂၆ စင်းရှိပြီး တစ်ဦးလျင် အသွား၊ အပြန် ၄၅၀၀ ကျပ် ဈေးနှုန်း၊ စင်းလုံးငှားယာဉ်အတွက် လူဦးရေပေါ်မူတည်ကာ ငွေကျပ်၂၅၀၀၀ မှ ၄၅၀၀၀ ၀န်းကျင်အထိ ကောက်ခံလျက်ရှိကြောင်း သိရှိရပါသည်။

Credit : News-Eleven

Saturday, November 06, 2010

မြန်မာနိုင်ငံ၏ လက်ရှိသစ်တောဖုံးလွှမ်းမှု ဧရိယာမှာ နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်းသာ ရှိကြောင်း သိရ

မြန်မာနိုင်ငံ၏ လက်ရှိသစ်တော ဖုံးလွှမ်းမှုဧရိယာမှာ နိုင်ငံဧရိ ယာ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း ရှိကြောင်း သစ်တောဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရှိရသည်။
     မြန်မာနိုင်ငံတွင် ယခင်က သဘာဝသစ်တော ဖုံးလွှမ်းမှု ဧရိယာမှာ နိုင်ငံဧရိယာ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး ယခုအချိန်တွင် ဆန်းစစ်လေ့လာမှုအရ သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း သိရသည်။
     ယခုလက်ရှိ၌ မြန်မာနိုင်ငံတွင် လူဦးရေတိုးတက် များပြားလာခြင်းနှင့်အတူ သဘာဝသစ်တောကြီးများမှ သစ်တောသယံဇာတများကို ထုတ်ယူသုံးစွဲမှု များပြားလာခြင်းတို့ ကြောင့် သစ်တောပြုန်းတီးမှုများ ကြုံတွေ့လာရပြီး နိုင်ငံ၏သစ်တောဖုံးလွှမ်းမှု ဧရိယာ လျော့ကျလာခြင်းဖြစ်ကြောင်း သိရသည်။
     "နောက်ဆုံး လေ့လာဆန်းစစ်မှု အရ မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုဟာ အရင်တုန်းကနဲ့နှိုင်းယှဉ်ရင် လျော့လာပါတယ်။ လူဦးရေတိုးတက် များပြားလာတာနဲ့အမျှ သစ်တော သယံဇာတတွေကို ထုတ်ယူသုံးစွဲမှု များလာလို့ သစ်တောဧရိယာတွေ လျော့လာတယ်။ ဒါဟာ လူဦးရေထူ ထပ်တဲ့ ကမ္ဘာ့နိုင်ငံတွေမှာလည်း ကြုံနေရပါတယ်။ အခုဆိုရင် နိုင်ငံပိုင် သစ်တောစိုက်ခင်းတွေ၊ ပုဂ္ဂလိကပိုင် သစ်တောစိုက်ခင်းတွေ တည်ထောင်စိုက်ပျိုးခွင့်ပြုပြီးတော့ သစ်တောပြုန်းတီးမှုတွေကို ကာကွယ်နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေပါတယ်"ဟု သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောပါသည်။
     မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့် နှစ်မှ ၂၀၀၅ ခုနှစ်အတွင်း သဘာဝ သစ်တောများ၏အရည်အသွေး ကျဆင်းလာသောကြောင့် သစ်ထုတ်လုပ်သည့်တောများမှ သစ်ထုတ်လုပ်နိုင်စွမ်း မရှိသည့် သစ်တောများအဖြစ်သို့  ရောက်ရှိသွားသည့်ဧရိယာမှာ နှစ်စဉ်ဧက ၁ သန်းခန့်ရှိသည်။
      ထို့ကြောင့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း သစ်တောဖုံးလွှမ်းမှု ပမာဏ တိုးတက်လာစေရန် တစ်နိုင်ငံလုံးတွင် နိုင်ငံတော်ပိုင် သစ်တောစိုက်ခင်း ၇၄၇၀၉၄ ဧက စိုက်ပျိုးခဲ့ပြီး ပုဂ္ဂလိက ကျွန်းစိုက် ခင်း ၁၄၀၆၄၉၊ ပုဂ္ဂလိက သစ်မာ မျိုးစုံ ၄၀၉၉၅ ဧကနှင့် ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တော ၁၁၅၂၀၇ ဒသမ ၇၄ ဧက တို့ကို တည်ထောင် စိုက်ပျိုးခွင့်ပြုခဲ့ကြောင်း သိရသည်။
     "သက်ရှိ သတ္တ၀ါဇီဝမျိုးစုံ မျိုးကွဲတွေရှင်သန်ဖို့နဲ့ ရာသီဥတုမျှတစေဖို့အတွက် သဘာဝသစ်တောတွေက အရေးကြီးတဲ့ အခန်းကဏ္ဍ က ပါဝင်နေပါတယ်။ ဒါကြောင့် သစ်တောတွေကို သစ်တောဆိုင်ရာ ဥပဒေပြဋ္ဌာန်းပြီး စီမံအုပ်ချုပ်မှု တွေပြုလုပ်နေပါတယ်"ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
      မြန်မာနိုင်ငံ၏ သဘာဝသစ်တောများကို စီမံအုပ်ချုပ်နိုင်ရန် အတွက် ၁၉၉၂ ခုနှစ်တွင် သစ်တော ဥပဒေအသစ်နှင့် ၁၉၉၅ ခုနှစ်တွင် မြန်မာ့သစ်တောမူဝါဒ တို့ကို ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး နှစ် ၃၀ အမျိုးသား သစ်တောကဏ္ဍ ပင်မ စီမံကိန်းတစ်ရပ်ကို ရေးဆွဲကာ အဖိုးတန်သစ်တော သယံဇာတများကို ထိန်းသိမ်းလျက်ရှိသည်။
Credit : News-Eleven