Wednesday, November 17, 2010

မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၁၅၀ အောက်သာ ကျန်ရှိတော့၍ သိပ္ပံနည်းကျ စာရင်းကောက်ယူမှုများ ပြုလုပ်သွားမည်

မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၁၅၀ ၀န်းကျင်အောက်သာ ကျန်ရှိတော့ကြောင်း၊ ထို့ကြောင့် သိပ္ပံနည်းကျ စာရင်းကောက်ယူမှုများကို သစ်တောရေးရာဝန်ကြီးဌာန အနေဖြင့် ဆက်လက်ပြုလုပ်သွားရန် ရှိကြောင်း အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ ကျားအများဆုံး ရှိရာဒေသသည် ၂၀၁၀ ပြည့်နှစ် နှစ်လယ်ပိုင်းအတွင်းက ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသော ဟူးကောင်း ကျားထိန်းသိမ်းရေးနယ်မြေ ဖြစ်ပြီး အခြားကျား ထိန်းသိမ်းရေး နေရာများဖြစ်သည့် တမံသီဘေးမဲ့တောနှင့် တနင်္သာရီ သဘာဝကြိုးဝိုင်းတွင်လည်း ကျားမျိုးစိတ်အချို့ ကျန်ရှိနေသေးကြောင်း သိရှိရသည်။
သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက "မြန်မာနိုင်ငံမှာ ကျားထိန်းသိမ်းရေးကို WCS အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ ကျားထိန်းသိမ်းမှုတွေ ပြုလုပ်နေသလို နည်းပညာအသုံးပြုပြီး ကျားထိန်းသိမ်းရေးနယ်မြေတွေမှာ ကျားခြေရာတွေကို GPSS စနစ်နဲ့မှတ်တမ်းတင်တာမျိုးတွေ ပြုလုပ်လျက်ရှိပါတယ်။ ပြီးတော့ ကျားမစင်လို့ယူဆရတဲ့ တိရစ္ဆာန်မစင်တွေကိုလည်း  DNA နည်းနဲ့ ဓာတ်ခွဲခန်းတွေမှာ ဓာတ်ခွဲပြီး မျိုးစိတ်လေ့လာမှုတွေကိုလည်း ပြုလုပ်လျက်ရှိပါတယ်။ ထောင်ခြောက်ကင်မရာတွေနဲ့ ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်ပြီး ကျားကိုယ်ပေါ်မှာရှိတဲ့ အမွှေးအမျှင်တွေ နဲ့အစင်းတွေအပေါ် မူတည်ပြီး ခွဲခြားသတ်မှတ်မှုတွေ ပြုလုပ်နေပါတယ်။ ဆက်လက်ပြီးလည်း သိပ္ပံနည်းကျ စာရင်းကောက်ယူမှုတွေကို ဆက်လက်ပြုလုပ်သွာဖို့ အစီအစဉ်ရှိပါတယ်"ဟု ပြောကြားခဲ့သည်။
  မြန်မာနိုင်ငံတွင် ကျားမျိုးစိတ် ၂မျိုးသာ ကျန်ရှိတော့ပြီး ဘင်္ဂလားကျားနှင့် အင်ဒိုချိုင်းနားကျား မျိုးစိတ်တို့သာ ကျန်ရှိတော့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကချင်ပြည်နယ်ရှိ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေဖြစ်သည့် ဟူးကောင်း ကျားထိန်းသိမ်းရေး နယ်မြေတွင်လည်း ကျားကောင်ရေ ၅၀ ၀န်းကျင်သာ ကျန်ရှိတော့ကြောင်း၊ ကျားမျိုးများ လျော့နည်း လာရခြင်းမှာ ကျားနေထိုင်ရန် သစ်တောများပြုန်းတီးလာခြင်း၊ ရာသီဥတု အခြေအနေနှင့် အမဲလိုက်ခံရခြင်းများကြောင့်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တစ်ဦးက  ပြောကြားခဲ့သည်။
Credit : News-Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.