Sunday, November 21, 2010

ဗီယက်နမ် ပြည်ဝင်ခွင့် ဗီဇာကြေး ကင်းလွတ်ခွင့်ပေးတော့မည်

ဗီယက်နမ်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာကြေး ကင်းလွတ်ခွင့်ကိုမြန်မာနိုင်ငံသားများ အား မကြာမှီ ပေးတော့မည်ဖြစ်ကြောင်း ဗီယက်နမ် သံရုံးမှသံအမတ်ဖြစ်သူ Mr. Chu Cong Phung က နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ပါ့ခ်ရွိုင်ရယ် ဟိုတယ်၌ ပြုလုပ်ခဲ့သည့် ဗီယက်နမ် လေကြောင်း၏ ဒုတိယမြောက် ရန်ကုန်-ဟိုချီမင်း တိုက် ရိုက်လေကြောင်းလိုင်း စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောသည်။

"လက်ရှိ ဗီယက်နမ်ဗီဇာကို အမေရိ ကန် ၅၅ ဒေါ်လာနဲ့ သံရုံးမှာ လျှောက်ထားရယူနိုင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ခရီးသွား ဧည့်သည်တွေအတွက် ဗီယက်နမ်ပြည်ဝင်ခွင့် ဗီဇာကြေးကင်း လွတ်ခွင့်ကို မကြာမီကာလမှာ ပေးနိုင်တော့မှာဖြစ်ပါတယ်။ ဗီယက်နမ် နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံက အာဏာပိုင်တွေကို ဗီဇာကြေး ကင်းလွတ်ခွင့်နဲ့ပတ်သက်ပြီး တင်သွင်း ပြီးပါပြီ။ မြန်မာနိုင်ငံဘက်က အဆုံးအဖြတ်ကိုပဲ ကျွန်တော်တို့ စောင့်နေတာပါ။ မကြာခင်ကာလမှာ စတင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်" ဟု Mr. Chu Cong Phung ကပြောသည်။

ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံ ဗီဇာ ကင်းလွတ်ခွင့်ရရှိပါက နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည့်အပြင် နှစ်နိုင်ငံ အကြားခရီးသွားလာမှု ပိုမိုများပြားလာမည်ဟု ခရီးသွားလုပ်ငန်းရှင်အချို့က သုံးသပ်သည်။

"အခုလောလောဆယ်မှာ ဗီယက်နမ် ပြည်ဝင်ခွင့်ဗီဇာကြေးက တခြားအာရှ နိုင်ငံဗီဇာကြေးတွေထက် သိသိသာသာ များနေပါတယ်။ ဗီဇာကြေးကင်းလွတ်ခွင့်ပေးလိုက်ရင်တော့ ဗီယက်နမ်နိုင်ငံကို ခရီးစဉ်တွေပြေးဆွဲရာမှာ အများကြီး အကျိုးရှိမှာဖြစ်ပါတယ်။ မကြာမီ ပေးလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်" ဟု ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်း ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ၀င် ရောက်လာသော ဧည့်သည်အများစုမှာ စီးပွားရေးလုပ်ငန်းရှင်များဖြစ်ပြီး မြန်မာနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ သွားရောက် လည်ပတ်သည့် ဧည့်သည်အရေအတွက် နည်းပါးသေးကြောင်း ဗီယက်နမ်သံရုံး ဗီဇာဌာနမှ Mr. Tran Van Hoang က ပြောသည်။

source : Myanmar Times

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.