Friday, December 24, 2010

မြန်မာနိုင်ငံတွင် အာဆီယံအမွေအနှစ်ဆိုင်ရာဥယျာဉ် (ASEAN Heritage Parks) ခြောက်ခုရှိကြောင်းသိရ ယင်းဥယျာဉ်များကို ပျက်စီးမှုလျော့နည်းအောင် ထိန်းသိမ်းကာကွယ်နိုင်မှုမှာ အရေးပါ

လန်ပိကျွန်းကိုတွေ့ရစဉ်
မြန်မာနိုင်ငံတွင် အာဆီယံအ မွေအနှစ်ဆိုင်ရာဥယျာဉ် (ASEAN Heritage Parks) ခြောက်ခုရှိကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

အာဆီယံအမွေအနှစ်ဆိုင်ရာ ဥယျာဉ်ခြောက်ခုမှာ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်တို့ဖြစ်ပြီး ၎င်းဥယျာဉ်များကို ပျက်စီးမှု လျော့နည်းအောင် ထိန်းသိမ်းစောင့်ရှောက်သည့်လုပ်ငန်းမှာ များစွာအရေးပါကြောင်း သိရသည်။

''ဒီအာဆီယံ အမွေအနှစ်ဆိုင်ရာ ဥယျာဉ်တွေ ပျက်စီးမှုမရှိအောင် ထိန်းသိမ်းထားနိုင်မှသာ သစ်တောတွေနဲ့ ရှားပါးဆေးဖက်ဝင်အပင်တွေ အပြင် တောတောင်တွေကို အမှီပြုပြီးနေထိုင်တဲ့ တောရိုင်းတိရစ္ဆာန်တွေကိုပါ ထိန်းသိမ်းထားနိုင်မှာပါ။ ဒီလိုထိန်းသိမ်းစောင့်ရှောက်နိုင်မှသာ သစ်တောဂေဟစနစ်တွေ လေ့လာနိုင်မယ့်အပြင် သဘာဝရာသီဥတု ကာကွယ်ပေးနိုင်တဲ့ သဘာ၀ အတားအဆီးတွေလည်း ဖြစ်ပါတယ်'' ဟု သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အာဆီယံအမွေအနှစ်ဆိုင်ရာ  ဥယျာဉ်စာရင်း ဝင်ခါကာဘိုရာဇီအမျိုးသားဥယျာဉ်သည် အင်းတော်ကြီး၊ အလောင်းတော်ကဿပ၊ အင်းလေးကန်၊ မိန်းမလှကျွန်းနှင့် လန်ပိအဏ္ဏဝါဥယျာဉ်တို့ထက် များစွာကျယ်ဝန်းပြီး ဧရိယာစတုရန်းမိုင် ၁၄၇၂ ရှိသည်။ ယင်းအမျိုးသား ဥယျာဉ်အတွင်းတွင် ရှားပါးတိရစ္ဆာန်များဖြစ်သည့် သားမင်း၊ ပန်ဒါနီ၊ ကတိုးဂျီ၊ တောင်ဆိတ်နီ၊ ဖက်ဂျီတို့အပြင် ရှားပါးငှက်မျိုးစိတ်များ၊ သစ်ခွများနှင့် ဆေးဖက်ဝင်အပင်များပါ ပေါက်ရောက်လျက်ရှိသည်။

အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ဧရိယာစတုရန်းမိုင် ၃၁၄.၆၇ကျယ်ဝန်းကာ အမြဲစိမ်းတောနှင့် ရေတိမ်ဂေဟစနစ်တို့ကို ထိန်းသိမ်းထားပြီး ဆင်၊ သမင်၊ ဆတ်၊ စိုင်၊ တောဆိတ်နှင့် ဆောင်းခိုငှက်များ နေထိုင်ကျက်စားကြသည်။
အလောင်းတော်ကဿပအမျိုးသားဥယျာဉ်ကို ယခုနှစ်ဆန်းပိုင်းကတွေ့ရစဉ်
စစ်ကိုင်းတိုင်း ကနီမြို့နယ်နှင့် မင်းကင်းမြို့နယ်အတွင်းရှိ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်သည် ဧရိယာစတုရန်းမိုင် ၆၁၆.၈၄၃ ကျယ်ဝန်းကာ ရွက်ပြတ်ရောနှောတော၊ အမြဲစိမ်းတော၊ တောင်ပေါ်တောနှင့် ထင်းရှူးတော ဂေဟစနစ်များကို ထိန်းသိမ်းထားပြီး ဆင်၊ ကျား၊ ကျားသစ်၊ တောင်ဆိတ်၊ တောဆိတ်စသည့် တောရိုင်းတိရစ္ဆာန်များအား ထိန်းသိမ်း ကာကွယ်ထားကြောင်း သိရသည်။

အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို တွေ့ရစဉ်
လောပိတလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ အဓိကရေအရင်းအမြစ် ထောက်ပံ့ပေးနေသည့် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ဧရိယာစတုရန်းမိုင် ၂၄၇.၈၄ ကျယ်ဝန်းပြီး ရေတိမ်ဂေဟစနစ်နှင့် ရေပျော်ငှက်များကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ဧရိယာစတုရန်းမိုင်ပေါင်း ၅၂.၇၈ ကျယ်ဝန်းပြီး ဒီရေတောဂေဟစနစ်၊ မိကျောင်းမျိုးစိတ်များ၊ ငါးပုစွန်ကဏန်းစသည့် ရေသတ္တဝါများနှင့် ကမ်းခြေပျော်ငှက်မျိုးများ နေထိုင်ကျက်စားလျှက်ရှိကြောင်း သိရသည်။

လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၇၉.၀၉ ကျယ်ဝန်းပြီး ဒီရေတောနှင့် အမြဲစိမ်းတောဂေဟစနစ်များကို ထိန်းသိမ်းထားကြောင်း လင်းပိုင်၊ ပင်လယ်လိပ်မျိုးများ၊ ပင်လယ်ငှက်များ၊ သန္တာကျောက်တန်းများနှင့် ယင်းသန္တာကျောက်တန်းများကြား ခိုလုံမျိုးပွားသော အဏ္ဏဝါမျိုး စိတ်များကို ထိန်းသိမ်းထားလျက်ရှိကြောင်း သိရပါသည်။

Source : News-Eleven 

1 comment:

Thank you for your comment on my blog, Anythig you can suggesting and discuss to me.