Sunday, December 05, 2010

၁၉၉၃ ခုနှစ်နောက်ပိုင်း ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းများ ပေါ်ထွက်လာသော်လည်း ပြည်တွင်းခရီးသွားဦးရေမှာ တစ်နှစ်ထက်တစ်နှစ် သိသာစွာတိုးတက်လာခြင်း မရှိ

၁၉၉၃ ခုနှစ်နောက်ပိုင်း မြန်မာ့လေကြောင်း ကဏ္ဍတွင် ပုဂ္ဂလိကပိုင် ပြည်တွင်း လေကြောင်းလိုင်းများ ပေါ်ထွက်လာသော်လည်း ခရီးသွားဦးရေမှာ တစ်နှစ်ထက်တစ်နှစ် သိသာစွာတိုးတက်လာခြင်း မရှိသည့်အတွက် ထပ်မံပေါ်ပေါက်လာမည့် လေကြောင်းလိုင်းသစ်များသည် လက်ရှိလေကြောင်းလိုင်းများ၏ ဈေးကွက်မျှဝေယူနေမှုကို မပြောင်းလဲနိုင်ပါက ရေရှည်ရပ်တည်မှုတွင် အခက်အခဲ ရှိလာနိုင်ကြောင်း လေကြောင်းစီးပွားရေး ဆိုင်ရာကျွမ်းကျင် သူများက သုံးသပ်ပြောကြားခဲ့သည်။
    ၁၉၄၈ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့တွင် Union of Burma Airways(UBA)ထိုမှ (Burma Airways Corporation) ထိုမှတဆင့် Myanma Airways ဟု အဆင့်ဆင့်ပြောင်းလဲကာ ဖွဲ့စည်းခဲ့သော မြန်မာ့လေကြောင်းလိုင်း သည် မြန်မာပြည်၏ ရှေ့ပြေး လေကြောင်းလိုင်းတစ်ခု ဖြစ်ခဲ့ကြောင်း သိရသည်။
   ၁၉၄၈ ခုနှစ် စတင်ပျံသန်းချိန် ၌ ပြည်တွင်းလေကြောင်းခရီးစဉ် ၁၉ ခုကို ဂျိုးဖြူလေယာဉ်ခြောက်စင်းဖြင့်  ပြေးဆွဲခဲ့ပြီး ၁၉၅၀ ခုနှစ်တွင် ပြည်ပခရီးစဉ်အဖြစ် ဘန်ကောက်၊ ကိုးလ်ကတ္တားနှင့် စစ်တကောင်းမြို့များ၊ ၁၉၅၃ ခုနှစ်တွင် ပီနန်၊ စင်ကာပူနှင့် ခတ္တမန္ဒူမြို့များသို့ တိုးချဲ့ပျံသန်းခဲ့ကြောင်း သိရသည်။ ထို့နောက် ဟောင်ကောင်နှင့် ဂျာကာတာမြို့ ပြည်ပခရီးစဉ်များကိုပါ ၁၉၉၃ သြ ဂုတ်လ ၁၅ ရက်နေ့အထိ ပျံသန်း ပြေးဆွဲပေးခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် မြန်မာ့လေကြောင်း နှင့် စင်ကာပူနိုင်ငံ ဟိုက်ဆောနစ်ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) ကိုတည်ထောင်ကာ နိုင်ငံတကာခရီးစဉ်များကို ပျံသန်းပေးခဲ့ကြောင်း သိ ရသည်။
   ၁၉၉၄ နိုဝင်ဘာ ၁ ရက်နေ့ တွင် စင်ကာပူနိုင်ငံ အဲယားမန္တလေး ဟိုလ်းဒင်းလိမိတက်နှင့် အကျိုးတူ ပူးပေါင်း၍ Air Mandalay ကိုလည်းကောင်း၊ ၁၉၉၅ နိုဝင်ဘာ၁ ရက်နေ့တွင် ထိုင်းနိုင်ငံ ခရွှန်ဆွန် ဘက်ကုမ္ပဏီနှင့် Yangon Airways ကိုလည်းကောင်း ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း သိရသည်။ ထို့နောက် ၂၀၀၄ ခုနှစ်တွင် တိုင်းရင်းသားပိုင် ပုဂ္ဂလိကလေကြောင်းလိုင်း AirBagan ပေါ်ပေါက်လာခဲ့သည်။

ခရီးသွားများ သိသာစွာ တိုးတက်မလာခြင်းတွင် လေကြောင်းလိုင်းများသည် ဈေးကွက်သစ်ရှာဖွေမှုတွင် အားနည်းချက်အချို့ရှိခြင်း၊ အချိန်ဇယား အတိအကျဖြင့် ပြေးဆွဲမှု၌အခက်အခဲရှိခြင်း၊ တိုက်ရိုက်ခရီးစဉ်များ ပျံသန်းမှုနည်းပါးခြင်း၊ နိုင်ငံတကာနှင့် ပြည်တွင်းခရီးစဉ်များကို ချိတ်ဆက်ပျံသန်း ပြေးဆွဲနိုင်မှုမရှိသေးခြင်း စသည့် ..

    မြန်မာ့လေကြောင်းလိုင်း တစ်ခုတည်းမှ ပြည်တွင်းခရီးစဉ်များကို ပြေးဆွဲနေရာမှ ၁၉၉၃ခုနှစ် နောက်ပိုင်း လေကြောင်းလိုင်းများ ထပ်မံပေါ်ပေါက်လာခဲ့သော်လည်း ယခင် ၁၉၉၃ခုနှစ်မတိုင်ခင်က တည်ရှိခဲ့သည့် ခရီးသွားဦးရေမှာ သိသာစွာတိုးတက်လာခဲ့ခြင်း မရှိကြောင်း သိရသည်။
   "၁၉၉၃ ခုနှစ်တုန်းက ခရီးသည် ခြောက်သိန်းကိုးသောင်းကို မြန်မာ့လေကြောင်းတစ်ခုတည်းက ဆွဲခဲ့တယ်။ နောက်ပိုင်းလေကြောင်းလိုင်းတွေရော၊ လေယာဉ်တွေရော တိုးလာတယ်။ ခရီးသွားက သိသိသာသာ မတက်လာဘူး။ အခုဆို ခု နှစ်သိန်းနဲ့ ရှစ်သိန်းကြားလောက် ပဲရှိတယ်။ ဒီတော့ ဈေးကွက်တိုးမလာဘဲ ရှိနေတဲ့ဈေးကွက်ကိုပဲ မျှပြီးယူနေရတဲ့သဘောရှိတယ်။ မြန်မာ့လေကြောင်းက ခရီးသည် တစ်နှစ်ကို နှစ်သိန်းကျော်လောက်ပဲ ရှိနေတာကို ကြည့်ရင် သိသာတယ်" ဟု မြန်မာ့လေကြောင်းလိုင်းနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။
ထိုသို့ပြည်တွင်း လေကြောင်းခရီးသွားများ သိသာစွာတိုးတက်မလာခြင်းတွင် လေကြောင်းလိုင်းများသည် ဈေးကွက်သစ်ရှာဖွေမှုတွင် အားနည်းချက်အချို့ရှိခြင်း၊ အချိန်ဇယားအတိအကျဖြင့် ပြေးဆွဲမှု၌ အခက်အခဲရှိခြင်း၊ တိုက်ရိုက်ခရီးစဉ်များ ပျံသန်းမှုနည်းပါးခြင်း၊ နိုင်ငံတကာနှင့် ပြည်တွင်းခရီးစဉ်များကို ချိတ်ဆက်ပျံသန်းပြေးဆွဲနိုင်မှု မရှိသေးခြင်း စသည့် အကြောင်းအရာများစွာ ပါဝင်နိုင်ကြောင်း ၀ါရင့်လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး က သုံးသပ်ပြောကြားခဲ့သည်။
    "လေကြောင်းလိုင်းတွေဟာ ဈေးကွက်သစ်ရှာဖွေတာထက် ရှိပြီးသား ခရီးသည်အသွားများတဲ့ နေရာတွေကိုပဲ မူတည်ပြီးပြေးဆွဲကြတာ များပါတယ်။ အကျိုးအမြတ်ရှိပေမယ့် ခရီးသည်မတက်လာဘူး ဆိုရင် တစ်ခုတည်းကိုပဲ လုပြီးပြေးဆွဲသလို ဖြစ်နေမယ်။ ဥပမာပြော ရရင် သွားလာမှုခက်ခဲတဲ့နေရာတွေ၊ လေယာဉ်ကလွဲပြီး ကျန်တာတွေ နဲ့သွားလို့ အဆင်မပြေနိုင်တဲ့ နေရာတွေကိုပါ ရှာဖွေပြီး ပြေးဆွဲသင့်တယ်။ ပြီးတော့ ပြည်ပကလာမယ့် ခရီးသွားတွေကို သူတို့သွားချင်တဲ့ ပြည်တွင်းနေရာတွေထိ ရောက်အောင် တခါတည်းတိုက်ရိုက် မပျံပေးနိုင်သေးဘူး။ ပြီးတော့ လေယာဉ်ချိန်က မမှန်၊ ရန်ကုန်- တာချီလိတ်ဆိုရင် တိုက်ရိုက်မသွားနိုင်ဘဲ မန္တလေး၊ ဟဲဟိုး တို့ကိုဝင် ပြီးသွားနေရတာတို့၊ အများကြီးပဲရှိနေတယ်"ဟု ရှင်းပြခဲ့သည်။
    ၎င်းကပင်ဆက်လက်၍ "လေယာဉ်တွေမှာ ခရီးသည်မပါဘဲ ပြေးဆွဲရင် ဆုံးရှုံးမှုက အရမ်းကြီးတယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် ခရီးသည်ရမှပြေးပြန်တော့လည်း အချိန်မမှန်တာ၊ ရက်အတိအကျ မပြေးနိုင်တာတွေရှိနေပြန်ရော။  နောက်တစ်ခုက ငွေကြေးပဲ။ လေယာဉ်ဆိုတာ အချိန်တိုအတွင်း ရောက်နိုင်ပေမယ့် ငွေကုန်ကြေးကျ များတော့ ဒီနိုင်ငံမှာတော်ရုံ လေယာဉ်မစီးချင်ကြဘူး။ ဒီတော့ လေကြောင်းလိုင်းတွေ ဘက်ကလည်း  နိုင်ငံခြားသားခရီးသည်တွေ အသွားများတဲ့ ခရီးစဉ်ကိုပဲ အဓိကထားပြီး ပျံတော့တယ်"ဟု ပြောပြခဲ့သည်။
   လေကြောင်းလိုင်းတစ်ခု ထူထောင်ရန် ရင်းနှီးမြုပ်နှံမှုများစွာ ကြီးမားသကဲ့သို့ ကျွမ်းကျင်လေယာဉ်မှူးများ၊ အင်ဂျင်နီယာများ၊ ၀န်ထမ်းများ ပါဝင်ဖွဲ့စည်းနိုင်ရေးမှာလည်း အရေးကြီးကြောင်းနှင့် လေကြောင်းလိုင်းသစ် ထူထောင် ခြင်းနှင့်အတူ ဈေးကွက်အသစ်ကိုပါ တပြိုင်တည်းခေါ်ဆောင်နိုင်မှုမှာလည်း အရေးပါကြောင်း သိရသည်။ မတူထူးခြားမည့် ဈေးကွက် များရှာဖွေနိုင်ခြင်း၊ ခရီးသည်များအား ၀န်ဆောင်မှု ကောင်းမွန်စွာပေးနိုင်ခြင်း စသည်တို့အပြင် လေ ကြောင်းလိုင်းတစ်ခုအတွက် လိုအပ်သော ကျွမ်းကျင်ဝန်ထမ်းများအားလည်း စဉ်ဆက်မပြတ် မွေးမြူနိုင်ရန်လည်း အရေးကြီးကြောင်းသိရသည်။
Asia Wings လေကြောင်းလိုင်းနှင့် ကမ္ဘောဇလေကြောင်း လိုင်းသစ်တို့မှာ မကြာမီအချိန်အတွင်း ပေါ်ပေါက်လာဦးမည်ဖြစ်ရာ လက်ရှိလေကြောင်းလိုင်း ဈေးကွက်အပြင် ခရီးသည်တိုးတက်ရရှိနိုင်မည့် ဈေးကွက်သစ်များကိုပါ ရယူလာရန် လိုအပ်လှကြောင်းနှင့် ယခုကဲ့သို့ ဈေးကွက်မျှဝေယူနေမှုကို မပြောင်းလဲနိုင်ပါက လေကြောင်းလိုင်းများ၏ ရေရှည်ရပ်တည်နိုင်ရေးတွင် အခက်အခဲများရှိလာနိုင်ကြောင်း လေကြောင်းစီးပွားရေး ဆိုင်ရာ ကျွမ်းကျင်သူအချို့က သုံးသပ်ပြောကြားခဲ့ပါသည်။

Credit : News Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.