Monday, December 06, 2010

လေကြောင်းဖြင့် ခရီးထွက်ခွာရာ၌ ငွေကြေးနှင့် လိုက်လျောညီထွေမှု ရှိစေသော ၀န်ဆောင်မှုများအား လေကြောင်းလိုင်းများနှင့် လေဆိပ်မှပေးနိုင်ရန် ခရီးသွားအများစု မျှော်လင့်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းပိုင်း တစ်နေရာ


လေကြောင်းဖြင့် ခရီးထွက်ခွာကြရာ၌ ငွေကြေးနှင့် လိုက်လျောညီထွေမှု ရှိစေသော ၀န်ဆောင်မှုအား လေကြောင်းလိုင်းများနှင့် နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှပေးနိုင်ရန် ပြည်တွင်းနှင့် ပြည်ပကမ္ဘာလှည့် ခရီးသွားအများစု မျှော်လင့်လာကြောင်း သိရှိရပါသည်။
   မြန်မာနိုင်ငံတွင် သာမက ကမ္ဘာ့နိုင်ငံအသီးသီး၌လည်း လေကြောင်းဖြင့် ခရီးသွားခြင်းမှာ အခြားသော ရေကြောင်းဖြင့်သွားခြင်း၊ ကုန်းလမ်းဖြင့် ရွေးချယ်သွားလာခြင်းထက် ပိုမိုသက်တောင့်သက်သာရှိမှု၊ ၀န်ဆောင် မှုကောင်းမွန်ပြီး ခရီးချိန်တိုတောင်းမှုများကြောင့် ကုန်ကျစရိတ်ပိုမိုကျခံကာ ရွေးချယ်သွားလာခြင်း ဖြစ်ကြသည်။
    သို့ရာတွင် လေကြောင်းလိုင်းများဖြင့် လေယာဉ်လက်မှတ် ၀ယ်ထားပြီးသော်လည်း လေဆိပ်ရောက်ရှိပြီး ထွက်ခွာခါနီးမှပင် Airport Tax ပြန်လည်ပေးဆောင်ရခြင်းမှာ နိုင်ငံတကာ လေဆိပ်ကြီးများ၌ မရှိသော ထူးခြားမှုပင်ဖြစ်ပြီး ပြည်တွင်းနှင့် ပြည်ပမှ ကမ္ဘာလှည့်ခရီးသွားများ အတွက်မူ အဆင်မပြေမှုများရှိခဲ့ ကြောင်း နိုဝင်ဘာလက ပြည်တွင်းမှ စင်ကာပူသို့ထွက်ခွာခဲ့သည့် ခရီးသွားတစ်ဦးက "ကျွန်တော်လေဆိပ် ရောက်တော့ ကျွန်တော့်လိုပဲ စင်ကာပူသွားမယ့် ခရီးသည်တွေ အများကြီးပဲ။ ဒီမှာကာလရှည်နေပြီး စင်ကာပူကိုပြန်မယ့် စင်ကာပူနိုင်ငံသား တစ်ယောက်လည်း ပါတယ်။ သူတို့လဲ ကျွန်တော့်လိုပဲ Departure Lounge ထဲဝင်ခါနီး Airport Tax ဆောင်ဖို့ တန်းစီစောင့်နေရတယ်။ Airport Tax ကို နိုင်ငံတကာ အဆင့်မီ မည်သည့် လေဆိပ်ကြီးတွေကမှ ခရီးသည်ကိုယ်တိုင် လေဆိပ်ရောက်မှ ပေးဆောင်ရတာမရှိဘူးလို့လဲ ကျွန်တော့်လိုတန်းစီစောင့်နေတဲ့ စင်ကာပူနိုင်ငံသားက ပြောတယ်"ဟု သူ၏အတွေ့အကြုံ ကိုပြောပြခဲ့သည်။
 Indria Gandhi ပြည်တွင်းလေဆိပ် အတွင်း class အလိုက် Check in ပြုလုပ်နေစဉ်
    ထို့ပြင် ပြည်ပသို့ခရီးသွားလာမှု နည်းပါးသည့် ခရီးသွားများအတွက်မူ ယခုကဲ့သို့ လေကြောင်းလိုင်းများမှ လေယာဉ်လက်မှတ် ၀ယ်ထားပြီးသော်လည်း လေဆိပ်ရောက်ရှိပြီး ထွက်ခွာခါနီးမှ Airport Tax  ပေးဆောင်ရမည်ကို သိရှိခဲ့ခြင်းကြောင့် အဆင်မပြေခြင်းများ ရှိခဲ့သည့်ဖြစ်ရပ်များလည်း ရှိခဲ့သည်။
   "ကျွန်တော်တို့ အိန္ဒိယကိုသွားဖို့ ထွက်ခွာခါနီးမှာ သိထားတာအရင် က Airport Tax  က ၅၀၀ ကျပ်ပဲ သိထားတယ်။ အခု ၃၀၀၀ ကျပ် တိုးပေးရမယ်ဆိုတော့ ပိုက်ဆံမပါလို့ သူများစီက ငွေချေးပြီးပေးခဲ့ရတယ်" ဟု စက်တင်ဘာလက ထိုင်းနိုင်ငံ၊ ဘန် ကောက်မြို့မှ တစ်ဆင့် အိန္ဒိယသို့ ထွက်ခွာမည့် ခရီးသည်တစ်ဦးက ပြန်လည်ပြောပြခဲ့သည်။
     ယခုအချိန်သည် ပြည်ပနိုင်ငံအသီးသီးမှ ကမ္ဘာလှည့်ခရီးသွားများများစွာ ၀င်ရောက်ချိန်ဖြစ်သည့် နည်းတူ လေကြောင်းလိုင်းများမှ ပြည်ပထွက်ခွာရန် လေယာဉ်လက်မှတ်အား သက်ဆိုင်ရာ Class အလိုက် သီးသန့်ဝယ် ထားပြီးသော်လည်း Departure Lounge မှ လေယာဉ်ထဲသို့ ၀င်ခါနီးတွင် နိုင်ငံတကာရှိ လေဆိပ်များကကဲ့သို့ သီးခြား Class အလိုက်အတန်းခွဲကာ ၀င်ရောက်ခဲ့ရခြင်းမဟုတ်ဘဲ စောင့်ဆိုင်းရခြင်းများလည်း ရှိနေခဲ့သည်ဟု နိုဝင်ဘာလက ထိုင်းနိုင်ငံ သို့ ထွက်ခွာခဲ့သည့်ခရီးသွားတစ်ဦး က"လေဆိပ်ကနေ  Check in  လုပ်ပြီး Departure Lounge ထဲစောင့် ဆိုင်းနေစဉ်မှာ လေယာဉ်က၀င်ဖို့ခေါ် ယူခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော် ၀ယ်ထားတဲ့ လေယာဉ်လက်မှတ်က Business Class လက်မှတ်ပေမယ့် နိုင်ငံတကာက လေဆိပ်ကြီးတွေကလို သီးသန့်အတန်းလိုက် ၀င်ရတာမဟုတ်ဘဲ အရှေ့ကလူတွေကို အကုန်စောင့်၊ တန်းစီပြီးမှဝင်ခဲ့ရတယ်။ ကျွန်တော်တွေ့ ကြုံဖူးသလောက် ဆိုရင် ဘယ်နိုင်ငံ ကလေဆိပ်မှာမဆို လေယာဉ်ထွက်ခွာခါနီးချိန်မှာ Business Class ဆိုအရင်ပေးဝင်ပြီး သီးသန့်တစ်တန်း၊  Economy Class ဆိုရင်လည်း သီးခြားခွဲပြီး တစ်တန်းသွားရတယ်။ ပြီးတော့ နိုင်ငံခြားသားဆိုရင် အရင်ဦးစားပေး ၀င်ခိုင်းတာတွေလည်း ရှိနေတယ်။ လေယာဉ်လက်မှတ်ဖိုးနဲ့ ထက်တူညီမျှတဲ့ ၀န်ဆောင်မှုမျိုးကို ကျွန်တော်တို့ ခရီးသွားတွေအတွက် လိုအပ်နေတာ အမှန်ပါပဲ"ဟု ပြောပြခဲ့သည်။
   ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်း၊ လေကြောင်းလိုင်းလုပ်ငန်း၊ မြေပြင်ဝန်ဆောင်မှုလုပ်ငန်း စသည်ဖြင့် ရှိနေရာတွင် လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းကို ၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်းက Pioneer Aerodrome Services ကုမ္ပဏီသို့နှစ် ၃၀ ငှားရမ်းလုပ်ကိုင်ခွင့် ပြုသည့်စနစ်ဖြင့် လွှဲပြောင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ လေဆိပ်ကြီးတစ်ခုလုံး၏ ကွပ်ကဲထိန်းချုပ်မှုကိုမူ လေကြောင်း ဦးစီးဌာနမှ ဆက်လက်တာဝန်ယူ နေကြောင်း သိရှိရသည်။
  Airport Tax ၅၀၀မှ ၃၀၀၀ သို့ တိုးမြှင့်ကောက်ခံခြင်းကိုမူ ယင်းကဲ့သို့ ပုဂ္ဂလိကသို့ လွှဲပြောင်းအပြီး နောက်ပိုင်းတွင် စတင်ကောက်ခံခဲ့ကြောင်းလည်း သိရှိရပါသည်။

Credit : News Eleven

1 comment:

  1. လေဆိပ်အတွင်း ၀င်ရောက်ခွင့်လျှောက်လွှာ လုပ်ရတာ တော်တော် ကသိကအောက်ဖြစ်ရတယ်။ မြန်မာပြည်ပြန်လည်တုန်းက အပြန်မှာ သူငယ်ချင်းတွေလိုက်ပို့တာ လေဆိပ်လျှောက်လွှာလုပ်ရသေးတယ်။ ငွေငါးရာကုန်သွားတယ်။ ဘယ်နိုင်ငံမှ လေဆိပ်ဝင်ခွင့်လျှောက်လွှာဆိုတာကြီး မရှိပါဘူး။ မြန်မာပြည်က စနစ်တွေကတော့ စံတင်လောက်ပါပေတယ်။

    ReplyDelete

Thank you for your comment on my blog, Anythig you can suggesting and discuss to me.