မြန်မာနိုင်ငံတွင် မြစ်ချောင်းများအား အမှီပြုကာ သယံဇာတများ ထုတ်ယူသည့် စီးပွားရေးအဖွဲ့အစည်းများ ပိုမိုများပြားလာပြီး တစ်ပိုင်တစ်နိုင်မှ တွင်ကျယ်စွာ လုပ်ကိုင်သည့် အဆင့်သို့ ပြောင်းလဲရောက်ရှိလာကြောင်း မြစ်ချောင်းများရေးရာ ကျွမ်းကျင်သူများထံမှ စုံစမ်းသိရှိရသည်။
    ၂၀၀၃ ခုနှစ်နှင့် ၂၀၀၄ ခုနှစ် နောက်ပိုင်းတွင် မြစ်ထဲရှိ အဖိုးတန် သယံဇာတပစ္စည်းများကို ထုတ်ယူရှာဖွေသည့် စီးပွားရေးလုပ်ငန်းစုများ ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ သယံဇာတများ ထွက်ရှိရာ မြစ်ချောင်းတိုင်းလိုလိုတွင် သယံဇာတများ ထုတ်ယူမှုရှိကာ အချို့သော အဖွဲ့အစည်းများသည် သယံဇာတများကိုသာ ထုတ်ယူသုံးစွဲပြီး သယံဇာတများ အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းမှ မြစ်ချောင်းများ တိမ်ကောသွား နိုင်သည့်အန္တရာယ်ကို အလေးမထားဘဲ လုပ်ဆောင်မှုရှိနေကြောင်း ရေကြောင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ခဲ့သည်။
    နိုင်ငံတော်ထံမှ မြစ်ချောင်းများ တွင် သယံဇာတများထုတ်ယူသုံးစွဲ ခွင့်အတွက် တရားဝင်လုပ်ကိုင်ခွင့်ရ ယူထားသည့် အဖွဲ့အစည်းများသည် မူလက မိမိလည်း အကျိုးစီးပွားဖြစ်ထွန်းစေ၊ မြစ်ကြောင်းလည်းကောင်း မွန်စေရန် ရည်ရွယ်လုပ်ဆောင်မှု ရှိခဲ့သော်လည်း နောက်ပိုင်းတွင် မိမိအကျိုးစီးပွားကိုသာ ရှေးရှုလုပ်ကိုင်မှု ရှိလာသည်ကို တွေ့ရကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
    မြစ်ကြောင်းများတွင် သယံဇာတများ ထုတ်ယူရှာဖွေသည့် အဖွဲ့အစည်းများကို လေ့လာကြည့်ပါက မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များပါဝင်မှုရှိသကဲ့သို့ အချို့ မှာ မိရိုးဖလာလုပ်ငန်းအဖြစ် လုပ် ကိုင်ကြကြောင်းနှင့် ထိုသို့လုပ်ကိုင်ကြသည့် စီးပွားရေးအဖွဲ့အစည်းများ ပိုမိုလာသည်နှင့်အတူ တစ်ပိုင်တစ်နိုင်စီးပွားရေးအသွင်မှ တွင်ကျယ်စွာ လုပ်ကိုင်သည့်အဆင့်သို့ တဖြည်းဖြည်းပြောင်းလဲ ရောက်ရှိလာကြောင်း သိရသည်။
    "အရင်က လက်လုပ်ဗန်းလေး တွေနဲ့ ရွှေကျင်ကြတာပေါ့။ နောက် ပိုင်းမှာ စက်လှေတွေနဲ့သွားပြီး ရွှေရှာတဲ့ စက်ယန္တရားတွေသုံးပြီး ရှာလာကြတယ်။ မြစ်ကြမ်းပြင်က သဲတွေကို ယန္တရားတွေနဲ့ ထိုးကော်ပြီး အဲဒီထဲမှာ ရှာကြတာပေါ့။ ရွှေစစ်တဲ့ ခေတ်မီတဲ့စက်တွေလည်း ပြည်ပကနေ အများကြီးဝင်လာတယ်"ဟု မြစ်ချောင်းများတွင် ရွှေတူးဖော်ခြင်းလုပ်ငန်း လုပ်ဆောင်သည့် အသိုင်းအ၀ိုင်း နှင့် နီးစပ်သူတစ်ဦးက ဆိုပါသည်။
"မြစ်ထဲကနေ ကိုယ့်စီးပွားဖြစ်ဖို့ရှာပါ။ ရေတိုမဟုတ်ဘဲ ရေရှည်စီးပွားဖြစ်ဖို့က ဒီမြစ်ကြောင်းကြီး မကောသွားဖို့လိုပါတယ်။ ဒါကစီးပွားတွက် ပါ။ နောက်တစ်ပိုင်းက ကိုယ့်ကြောင့် ဒီမြစ်ကြီးကောသွားမယ်ဆိုရင် မြစ်ကို အမှီပြုပြီး ၀မ်းရေးရှာဖွေနေတဲ့သူ ဥပမာ တံငါလုပ်ငန်းတွေ၊ သင်္ဘော လုပ်ငန်းတွေ အခက်တွေ့နိုင်တယ်။ နောက်တစ်ခုက သယံဇာတတွေ အ ကုန်ထုတ်ယူလိုက်လို့ နောင်တစ်ချိန် မှာ ကိုယ့်ဆီမှာ မကျန်တော့ရင် သူ များဆီက ဈေးကြီးပေးပြီးဝယ်သုံးနေ ရမယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အကျိုး ဖြစ်သလိုပဲ ကိုယ့်ကြောင့်မြစ်ကြောင်းတွေ မတိမ်ကော မပျက်စီးစေဖို့ အလေးထားလုပ်သွားဖို့ အထူးလိုအပ်နေပါပြီ"ဟု ရေအရင်းအမြစ်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြော ကြားခဲ့သည်။ သယံဇာတအလွန်အကျွံ ထုတ်ယူခြင်းနှင့်မြေစာများအား စည်းကမ်းမဲ့ စွန့်ပစ်ခြင်းများကြောင့် ဥရုမြစ်မှာ တိမ်ကောမှုအန္တရာယ်နှင့် ကြုံတွေ့နေရပြီး ချင်းတွင်းမြစ်ဖျားပိုင်းမှာလည်း ယင်းအန္တရာယ်မျိုး ရှိနေ ကြောင်း သိရသည်။

Credit : News-Eleven

0 Comments:

Post a Comment



Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.

Creative Commons License