ကမ္ဘာပေါ်ရှိ လင်းပိုင်မျိုးစိတ်များထဲတွင် ရေလုပ်သားများနှင့် ပူးပေါင်းကာ ငါးရှာဖွေဖမ်းဆီးပေးတတ်သော လင်းပိုင်များကို မင်းကွန်းနှင့် ကျောက်မြောင်းကြားရှိ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ အတွင်းတွင်သာ တွေ့မြင်ရခြင်းဖြင့် ဧရာဝတီလင်းပိုင် ဟု ကမ္ဘာကျော်စေခဲ့သည်။ ဧရာဝတီလင်းပိုင်များ မျိုးသုဉ်းပျောက်ကွယ်မသွားစေရန် ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဦးဟန်ဝင်း (ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး(မန္တလေး)၊ ငါးလုပ်ငန်းဦးစီးဌာန)အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး - ဧရာဝတီ လင်းပိုင်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ စတင် ဆောင်ရွက်ဖြစ်ပုံကို သိပါရစေ။

ဖြေ - ၂၀၀၂ ခုနှစ် ဒီဇင်ဘာလမှာ ငါးလုပ်ငန်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ သတ္တဗေဒဌာန (ရန်ကုန် တက္ကသိုလ်)တို့နဲ့ သားငှက်ထိန်း သိမ်းရေးအဖွဲ့(WCS) တို့ ပထမဆုံး အကြိမ်ပူးပေါင်းပြီး မေခ၊ မလိခ မြစ်ဆုံကနေ  မြစ်ဝကျွန်းပေါ်ဒေသ၊ ဘိုကလေးမြို့နယ်ထဲက ကယက်ကြီးကျွန်းအထိ ဧရာဝတီမြစ်တစ်လျှောက် စုန်ဆင်းပြီး ဧရာဝတီလင်း ပိုင်ဦးရေ စာရင်းကောက်ယူခြင်းနဲ့ သုတေသနပြု လေ့လာရေး ခရီးစဉ် စတင်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် လေ့ လာရေးမှာ မန္တလေးနဲ့ ဗန်းမော်ကြား ဧရာဝတီမြစ် အစိတ်အပိုင်းအတွင်း မှာ ဧရာဝတီလင်းပိုင်ဦးရေ ၃၇ ကောင် တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ကျက်စားနေထိုင်တဲ့ ဒေသတစ်ခုအတွင်းမှာ အရွယ်ရောက်ကောင်ရေ ၅၀ အောက်ဖြစ်နေရင် မျိုးသုဉ်းလုနီးပါး အခြေအနေရှိတဲ့ မျိုးစိတ်အဆင့်အဖြစ် သတ်မှတ်နိုင်တဲ့အတွက် အမှန်တကယ် တည်ရှိနေထိုင်တဲ့ ဦးရေကို အနီးကပ်ဆုံးခန့်မှန်းနိုင်ဖို့ မင်းကွန်းနားက နန်းတော်ကျွန်းက နေ ကျောက်မြောင်း ရေတော်ဘုရားအထိ ဧရာဝတီမြစ်အစိတ်အပိုင်းကို ဧရာဝတီလင်းပိုင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးနယ်မြေအဖြစ် ငါးလုပ်ငန်းဦးစီးဌာနက ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ သတ်မှတ်ထူထောင်ခဲ့ပါတယ်။ အဲဒီအချိန် ကစပြီး ငါးလုပ်ငန်းဦးစီးဌာနနဲ့ သားငှက်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့(WCS) တို့ အကျိုးတူပူးပေါင်းပြီး လစဉ်ဧရာဝတီလင်းပိုင် တွေကို သုတေသနပြုလေ့လာခြင်း နဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာလုပ်ငန်းတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ပါတယ်။ ထူးခြားတဲ့ ဆောင်ရွက်ချက်အနေနဲ့ ဒီနှစ်နိုဝင် ဘာလ ၁၈ ရက်နေ့မှာ ထိန်းသိမ်း မှုလုပ်ငန်းတွေမှာ ပူးပေါင်းဆောင် ရွက်နိုင်ဖို့ ဆည်သည်ရွာ၊ မြစ်ကမ်းကြီးရွာ၊ မြေစွန်းရွာတွေက ဧရာဝတီ လင်းပိုင် ရေလုပ်သားအဖွဲ့တွေကို လှေသုံးစက်ငယ်အစုံ(ခြောက်ကောင်ခွဲ) တစ်လုံးစီ ထောက်ပံ့ပေးခဲ့တယ်။ လုပ်ငန်းအရှိန်မြှင့်တဲ့သဘောပေါ့။

မေး - ဧရာဝတီလင်းပိုင် ဦးရေစာရင်း ကောက်ယူမှုနဲ့ ကောင်ရေ တိုးပွားမှု၊ သေဆုံးမှုတွေကို သိပါရစေ။

ဖြေ - စစ်ကိုင်းနဲ့ဗန်းမော်ကြားမှာ ရှိတဲ့ ဧရာဝတီလင်းပိုင်ဦးရေစာရင်း ကောက်ယူခြင်းကို ၂၀၀၃-၂၀၀၄ ခု နှစ်က ဆောင်ရွက်ခဲ့ရာမှာ ၂၀၀၄ ခု နှစ်ကတွေ့ရှိခဲ့တဲ့ ၇၂ ကောင်ဟာ အများဆုံးမှတ်တမ်း ဖြစ်ပါတယ်။ ကျန်တဲ့နှစ်တွေမှာလည်းမြစ်ကြောင်း  တစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေမှာ ဧရာဝတီလင်းပိုင်နဲ့ ငါးသယံဇာတ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ ပညာပေးလုပ်ငန်းတွေကိုပါ တွဲဖက်ဆောင်ရွက်နေရတာကြောင့် လင်းပိုင်းတွေ့ရှိမှု အကြိမ်နည်းပါးခဲ့ပြီး နှိုင်းယှဉ်သုံးသပ်ဖို့ အခြေအနေမရခဲ့ပါဘူး။ ၂၀၁၀ ပြည့်နှစ် ဆောင်းရာသီမှာ ကောင်ရေ ၈၀ ကျော် တွေ့ခဲ့ပေမယ့်လည်း အုပ်စုထပ်ရေတွက်မှုတွေ ရှိနိုင်တာကြောင့် အမှန်တကယ် ဦးရေ ၇၀ ကျော်လို့ပဲ ခန့်မှန်းသုံးသပ် နိုင်ပါတယ်။ ဒါကိုလည်း အတည်ပြုနိုင်ဖို့ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ကောင်ရေတိုးပွား မှုနဲ့ ပတ်သက်ပြီးပြောရရင် လင်းပိုင်အုပ်စုတွေထဲမှာ သားပေါက်ငယ်တွေ ပါဝင်နေတာကို တွေ့ခဲ့ရပေမယ့် သေဆုံးမှုတွေလည်းရှိခဲ့လို့ ကောင်ရေ သိသိသာသာ တိုးမြင့်လာတယ်လို့ပြောလို့ မရနိုင်သေးပါဘူး။ သတင်းစု ဆောင်းခြင်းနဲ့ မျက်မြင်မှတ်တမ်းရယူနိုင်မှုတွေအရ စစ်ကိုင်းနဲ့ဗန်းမော် ကြား လင်းပိုင်သေဆုံးမှု အရေအတွက် ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၀ ပြည့် နှစ်အထိ ဆယ်နှစ်တာကာလအတွင်း ကောင်ရေ ၂၀ လောက်ရှိခဲ့ပါတယ်။ သေဆုံးခဲ့ရတဲ့ လင်းပိုင်တွေထဲက တချို့ဟာ သက်တမ်းကုန်လို့ သေဆုံးရတယ်လို့ ယူဆနိုင်ပြီး အများစုက လူ့ပယောဂကြောင့် သေဆုံးရတာပါ။ ငါးဖမ်းပိုက်တွေနဲ့ ငြိတွယ်သေဆုံးရသလို တချို့ကောင်တွေမှာ ဒဏ်ရာရရှိတာတွေ့တာကြောင့် ရှော့ခ်တိုက် ငါးဖမ်းသမားတွေကြောင့် ဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ပေးပါတယ်။

မေး - ဧရာဝတီမြစ်ကြောင်းအတွင်း လင်းပိုင်တွေ ရှင်သန်နေထိုင်ကျက်စားမှု ပုံသဏာန်နဲ့ တခြားဆက်စပ်လျက်ရှိတဲ့ အခြေအနေတွေကိုလည်း ရှင်းပြပေးပါဦး။

ဖြေ - လင်းပိုင်တွေ နေထိုင်ကျက်စားမှုအတွက် အဓိကအချက်ဖြစ်တဲ့ သူတို့ရဲ့ အစားအစာ၊ ငါးသယံ ဇာတလျော့ကျလာခြင်း၊ ငါးဖမ်းလုပ် ငန်းလုပ်ကိုင်ဆောင်ရွက်သူတွေ စောင့်ထိန်းရမယ့် စည်းကမ်းအစဉ် အလာတွေ အားနည်းလာခြင်း၊ မြစ် ကြောင်းအတွင်း ရွှေတူးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုပစ္စည်းများ စိမ့်ပျော်ဝင်နေခြင်းတို့ဟာ သူတို့တွေ ရှင်သန်နေထိုင်ဖို့အတွက် ဆက်နွှယ်မှုတွေ ရှိနေပါတယ်။ ရှော့ခ်တိုက်ငါး ဖမ်းသမားတွေရဲ့ရှော့ခ်စက်ကွင်း အထိအခိုက်တွေကြောင့် လင်းပိုင်အယဉ်တွေဟာ တဖြည်းဖြည်းအရိုင်းဆန်လာပြီး ပူးပေါင်းဆောင်ရွက်မှု မှာ တုံ့ပြန်မှုတွေ အားနည်းလာနိုင်ခြင်းနဲ့ မျိုးဆက်သစ်ရေလုပ်သားတွေ လင်းပိုင်နဲ့ပူးပေါင်းပြီး ငါးဖမ်းတဲ့ အစဉ်အလာကို လက်ခံနိုင်မှု အားနည်းလာခြင်းတွေဟာ မိရိုးဖလာ ဓလေ့တစ်ခု ပျောက်ကွယ်သွားနိုင်တဲ့ အချက်ဖြစ်နေပါတယ်။ အခုအချိန် မှာ ဧရာဝတီလင်းပိုင် မျိုးစိတ်တွေကို သူတို့နေထိုင်တဲ့ မြစ်အမည်တွေနဲ့ တွဲဖက်ပြီးစမ်းသပ် ခေါ်ဝေါ်ရေးသားမှုတွေ ရှိလာပါပြီ။ ဥပမာ မဲခေါင် လင်းပိုင်၊ မဟာခမ်လင်းပိုင် စသည် ဖြင့်ပေါ့။ ဧရာဝတီမြစ်ထဲက ဧရာဝတီလင်းပိုင်တွေ ပျောက်ကွယ်သွားရင် ဧရာဝတီလင်းပိုင် ဆိုတဲ့အမည်လည်း ပျောက်ကွယ်သွားနိုင်တာ စိုးရိမ်စရာ အချက်တစ်ခုပါပဲ။

Credit: News-Eleven

0 Comments:

Post a Comment



Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.

Creative Commons License