Monday, December 27, 2010
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များတွင် မြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ ၄၂ သန်းဖိုးရှိ အထောက်အကူ ပစ္စည်းများ တရုတ်နိုင်ငံမှ ၀ယ်ယူ
မုံရွာမြို့အနီး ချင်းတွင်းမြစ် တစ်နေရာကို ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များတွင် မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ ၄၂ သန်းဖိုးရှိ အထောက်အကူပြု ပစ္စည်းများအား တရုတ်နိုင်ငံမှ ၀ယ်ယူခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ရေးသား ဖော်ပြထားချက်နှင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။ 
    တရုတ်နိုင်ငံမှ China National Aero-Technology Import and Export Corporation (CATIC) ကုမ္ပဏီနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းတို့က သောင်တူးသင်္ဘောခုနစ်စင်း၊ အထောက်အကူ ပြုယာဉ် ၁၂ စင်းနှင့်လိုအပ်သည့် ဆက်စပ်ပစ္စည်းများ ပါဝင်သည့် အမေရိကန်ဒေါ်လာ ၄၂ သန်းတန်ဖိုး ရှိသော ပစ္စည်းများအား ၀ယ်ယူရေး စာချုပ်ကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်းတွင် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
    "တရုတ်နိုင်ငံကနေ သောင်တူး သင်္ဘောတွေ၊ အထောက်အကူပြု ယာဉ်တွေနဲ့ လိုအပ်တဲ့ ဆက်စပ်ပစ္စည်းတွေပါတဲ့ အမေရိကန်ဒေါ်လာ ၄၂ သန်းဖိုး၊ တိတိကျကျ ပြောရရင် ၄၂ ဒသမ ၂ သန်းတန်ဖိုး ရှိတဲ့ပစ္စည်း တွေကိုဝယ်ယူဖို့ စာချုပ်ချုပ်ဆိုခဲ့ပြီး ဖြစ်ပါတယ်"ဟု ရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
   အဆိုပါရေယာဉ်များအား ၀ယ် ယူ၍ ရေအရင်းအမြစ်နှင့်မြစ်ချောင်း များဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူ လုပ်ကိုင်နေသည့် မြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများ တွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
    "၀ယ်ယူကတည်းက မြစ်ကြောင်းထိန်းသိမ်းရေးမှာ အသုံးပြုဖို့ဖြစ်တဲ့အတွက် မြစ်ကြောင်းကောင်းဖို့ပြုလုပ်တဲ့ project တိုင်းမှာ အသုံးပြုသွားမှာပါ။ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ် မြစ်ကြောင်းထိန်းသိမ်းရေး လုပ်ငန်းတွေမှာတော့ အများဆုံးထည့်သွင်း အသုံးပြုသွားဖို့တော့ ရှိပါတယ်" ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောပြခဲ့သည်။
   မြစ်ချောင်း ထိန်းသိမ်းရေးလုပ် ငန်းများ လုပ်ဆောင်လျက်ရှိသော ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် မြစ်ကြောင်းထိန်းသိမ်းရေး လုပ်ငန်းများကို သောင်တူးသင်္ဘောကိုးစင်း ဖြင့်လုပ်ကိုင်လျက်ရှိပြီး တရုတ်နိုင်ငံ မှ သောင်တူးသင်္ဘောများ ရောက်ရှိလာပါက သောင်းတူးယာဉ် ၁၆ စင်း ရှိလာမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source : News-Eleven
No comments:
Post a Comment
Thank you for your comment on my blog, Anythig you can suggesting and discuss to me.