Saturday, December 18, 2010

WAO (USA) မှ မြောက်ဦး ရှေးဟောင်း အမွေအနှစ်များ ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်ပြီး UNESCO သို့ စာရေးသားပေးပို့

နိုင်ငံတကာ ရခိုင်အသင်းကြီး (အမေရိကန်)မှ များမကြာမှီက မြောက်ဦးမြို့ကို ဖြတ်ပြီး ရထားလမ်း ဖေါက်လုပ်ရာတွင် ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များ ပျက်စီး ဆုံးရှုံးသွားရခြင်းနှင့် ပတ်သက်ပြီး ယူအန် လက်အောက်ခံ အဖွဲ့အစည်းကြီး တစ်ခုဖြစ်သော UNESCO ထံ သို့ ဒီဇင်္ဘာလ ၉ ရက်နေ့က စာရေးသား ပေးပို့ခဲ့သည်။

နိုင်ငံတကာ ရခိုင်အသင်းကြီး (အမေရိကန်)မှ အထွေအထွေ အတွင်းရေးမှူး ဖြစ်သူ ကိုကျော်ထူးအောင် စာရေးသားပေးပို့သော ရည်ရွယ်ချက်အား မေးကြည့်ရာ သူက ယခုကဲ့သို့ ပြောသည်။

“ ယူနစ်စကို UNESCO ဆိုတာကတော့ အများသိတဲ့အတိုင်းပါဘဲ၊ နိုင်ငံတကာ အသိုင်းဝိုင်းမှာ ကမ္ဘာ့ အမွေနှစ်တွေနဲ့ ပတ်သက်လာရင် တာဝန်အရှိဆုံး အဖွဲ့စည်း တခုပါ။ ကျနော်တို့ ဗမာပြည် အစိုးရ အနေနဲ့ သူတို့မှာ ၉/၉၈ ဆိုပြီးတော့ ယဉ်ကျေးမှု အမွေနှစ်များ ထိမ်းသိမ်းကာကွယ်ရေး ဥပဒေဆိုတာ ရှိပါတယ်။ ယင်း ဥပဒေမှာလည်း အပိုင်း ၂ ၊ အပိုင်း ၃၊ အပိုင်း ၂၁ စသဖြင့် ရှိပါတယ်။ အဲဒါတွေမှာ သူတို့က ယဉ်ကျေးမှု အမွေနှစ်တွေကို ဘယ်လို ကာကွယ်ရမယ်၊ ဘယ်လို ထိန်းသိမ်းရမယ် ဆိုတာတွေကို ရေးထားတာ ရှိပါတယ်။ ကျူးလွန်းတယ် ဆိုရင်လည်း ကျူးလွန်တဲ့သူကို အပြစ်ပေးရမယ် ဆိုတာ ရှိပါတယ်။ သို့ပေမဲ့လည်း အစိုးရ ကိုယ်တိုင်က အရေးယူတာတွေ မလုပ်နိုင်တော့ ကျနော်တို့က နိုင်ငံတကာ အသိုင်းဝိုင်းမှာ ယူနစ်စကို က တာဝန်ရှိတဲ့ အတွက် ကျနော်တို့ ယူနစ်စကို ကို စာရေးသားရခြင်း ဖြစ်ပါတယ်။

အဆိုပါ စာတွင် ရခိုင်ပြည်နှင့် မြောက်ဦးမြို့ ဖြစ်စဉ် သမိုင်းကို အကျဉ်းချုပ် ရေးသားထားပြီး နိုင်ငံတကာ ရခိုင်အသင်းကြီး (အမေရိကန်) ဥက္ကဌ ကိုစိန်ထွန်းမှ လက်မှတ်ရေးထိုးကာ UNESCO အထွေထွေ အတွင်းရေးမှူး Irina Bokova သို့ ပေးပို့ခဲ့သည်။

မြောက်ဦးမြို့ရှိ ရခိုင်ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များ ဖျက်ဆီးခံရမူ အပေါ် တိုင်ကြားသဖြင့် တစုံတရာ UNESCO အရေးယူမူများ ပြုလုပ်လာနိုင်ပါသလားဟု မေးကြည့်ရာ ကိုကျော်ထူးအောင်က ယခုကဲ့သို့ ပြောသည်။

“ ယူနစ်စကိုမှာ ကမ္ဘာ့အမွေနှစ်များ ဆိုတဲ့ စာရင်းရှိပါတယ်။ အဲဒီ စာရင်းထဲကို ၉၆ ခုနှစ်က မြောက်ဦးမြို့ကိုလည်း ကျနော်တို့ တင်သွင်းခဲ့ပါတယ်။ ယူနစ်စကိုရဲ့ World Heritage Convention အရ မြောက်ဦးမြို့ဟာ World Heritage Convention မှာပါတဲ့ အာတီကယ် 1 မှာပါတဲ့ ကမ္ဘာ့ အမွေနှစ်ဆိုတဲ့ definition နဲ့ မြောက်ဦးမြို့က အကျုံးဝင်ပါတယ်။ အဲဒါကြောင်း ယနစ်စကို အနေနဲ့ ကြည့်ရှုစောင့်ရှောက်သင့်တယ်လို့ ကျနော်တို့က ယုံကြည် သလို မျော်လည့်မျော်လင့်ပါတယ်။ သူတို့ဘာတွေလုပ်ပေးနိုင်မလဲဆိုတာကို ကျနော်တို့ စောင့်ကြည့်ရမှာပါ” ဟု ပြောသည်။

၎င်းပြင် ကိုကျော်ထူးအောင်က “ အားလုံးသိကြတဲ့ အတိုင်း ယူနစ်စကို ဆိုတာကလည်း ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့စည်း တခုပါ။ သူတို့သွားတဲ့ channel အပေါ်မှာ မှုတည်ပါတယ်။ သူတို့က ဘယ် channel ကို ဘယ်လို ပုံစံမျိုးနဲ့ သွားမယ်ဆိုတာကို ကြည့်ရပါမယ်။ အပြင်ကနေ ကျနော်တို့က သူတို့ကို ထပ်ပြီးစာပို့မယ်။ ထပ်ပြီးတော့ စောင့်ကြည့်ရပါမယ်။ သူတို့ အတိကျ ဘာတွေလုပ်မယ် ဆိုတာကိုတော့ သူတို့ လုပ်တဲ့ channel အပေါ်မှာ မှုတည် ပါမယ်” ဟု ပြောသည်။

နိုဝင်္ဘာလ ၇ ရက်နေ့က စတင်ပြီး စစ်တွေ- အမ်းရထားလမ်းပိုင်းတွင် တည်ရှိသော မြောက်ဦးမြို့ ရထားလမ်းကို ဖေါက်လုပ်ရာတွင် ရခိုင်ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ် အမြောက်အများ ပျက်စီးခဲ့ရသည်။ ၎င်းနောက်ပိုင်းတွင် ရခိုင်ပြည်သူများ ကန့်ကွက်မူများ ဆူဆူညံညံ ပေါ်ပေါက် လာခဲ့ပြီး ရထားလမ်းကြောင်းကို စစ်အာဏာပိုင်များ လမ်းလွဲဖေါက်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း ပထမ လမ်းပိုင်းဖေါက်လုပ်ရာတွင် ကျုံးများ၊ နန်းရိုးများ၊ စေတီ ပုထိုးများ၊ ဇင်းခါ စင်္ကြန်များ၊ ခံတပ်များ ပျက်စီးခဲ့ရသည်။

နိုင်ငံတကာ ရခိုင်အသင်းကြီး (အမေရိကန်)သည် မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမူု အမွေအနှစ်များ ဖျက်ဆီးခံရမူနှင့် ပတ်သက်ပြီး ပထမဆုံး နိုင်ငံတကာ အဖွဲ့အစည်းကြီး ဖြစ်သော UNESCO ထံသို့ စာရေးသားပေးပို့ခဲ့သော အဖွဲ့အစည်း ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ နိုင်ငံတကာ ရခိုင်အသင်းကြီး (အမေရိကန်)မှ အမျိုးသားရေး တာဝန် တစ်ရပ်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့မူ အပေါ် ကြားသိရသော ပြည်တွင်းမှ ရခိုင်ပြည်သူများက အထူး ၀မ်းသာ ဂုဏ်ယူနေကြသည်ဟု စစ်တွေမှ လူကြီး တစ်ဦးက ပြောသည်။
 

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.