Monday, January 31, 2011

မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို လာမည့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင် ကျင်းပမည်

 ၂၀၁၀ ပြည့်နှစ်က ကျင်းပခဲ့သည့် မန်းရွှေစက်တော်ရာ ဘုရားပွဲအား တွေ့ရစဉ်

၂၀၁၁ ခုနှစ် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို လာမည့် ဖေဖော်ဝါရီလ ၈ ရက်နေ့(တပို့တွဲလဆန်း ၅ ရက်)နေ့မှ စတင် ကျင်းမည် ဖြစ်ကြောင်း မန်းရွှေစက်တော်ရာ ဘုရား ဂေါပကအဖွဲ့၏ ကြေညာချက်အရ သိရှိရသည်။

ဘုရားပွဲတော်ကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ကာ ဧပြီလ ၂၀ ရက်နေ့အထိ ၇၂ ရက်ကြာမြင့်စွာ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

''ဒီနှစ် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို ဖေဖော်ဝါရီလ ၈ ရက်ကနေ ဧပြီလ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်မှာပါ။ ဘုရားပွဲတော် ကာလမှာ ဈေးရောင်းချဖို့ အတွက် ကိုလည်း ကျွန်တော်တို့ ဟိုမှာဆိုင်ခန်း ဆောက်ပြီးပါပြီ။ ဆိုင်တွေလည်း အတော်များများ လာဆောက်နေကြပါပြီ။ ကျွန်တော်တို့ကတော့ ဇန်န၀ါရီလကုန်မှာ ရွှေစက်တော်ကို အရောက်သွားပြီး ဆိုင်ဖွင့်ဖို့ ကိစ္စအတွက် သွားလုပ်မှာပါ။ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ ဘုရားပွဲတော်ကို လာတဲ့သူက အရင်နှစ်တွေကထက် နည်းပါးခဲ့ပါတယ်။ ဒါကြောင့် အရောင်းအ၀ယ်ကလည်း ထင်သလောက် မဖြစ်ခဲ့ဘူး။ တော်တော်ပါးခဲ့ပါတယ်။ ဒီနှစ်လည်း အင်းလေးဖောင်တော်ဦး ဘုရားကိုတောင် ခရီးသွားအလာ နည်းတဲ့အတွက် ဒီနှစ် ရွှေစက်တော် ဘုရားပွဲမှာလည်း ဘယ် လို အခြေအနေ ရှိမလဲဆိုတာ စောင့်ကြည့်ရမှာပါ''ဟု မန်းရွှေစက်တော် ဘုရားပွဲတွင် နှစ်စဉ် လာရောက် ဆိုင်ဖွင့်ရောင်းချသည့် စိန်ငွေလျှံ အင်းလေးရိုးရာ အထည်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

မန်းရွှေစက်တော်ရာ ဘုရားပွဲတော်အား နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ စတင် ကျင်းလေ့ရှိပြီး ယခုနှစ်ပိုင်းများအတွင်း ရွှေစက်တော်ဘုရားသို့ ဘုရားဖူလာရောက်မှု လျော့ကျခဲ့ခြင်းကြောင့် ဘုရားပွဲတော် ကာလအတွင်း ရောင်းဝယ်မှုများလည်း လျော့ကျခဲ့ကြောင်း စုံစမ်းသိရှိရသည်။ သို့သော် ဆိုင်ခန်းဖွင့်လှစ်ခ နှုန်းထားများမှာမူ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ဈေးဆိုင်ခန်းပေါင်း ၄၀၀ ကျော် ဖွင့်လှစ်ရောင်းချခဲ့သည်ဟု သိရသည်။

Source : News-Eleven

Friday, January 28, 2011

ဟိုတယ်နှင့် ခရီးသွား သင်တန်းကျောင်း ပုဂ္ဂလိကသို့ လွှဲပြောင်း

နိုင်ငံတကာ အသိအမှတ်ပြု အစိုးရဟိုတယ်နှင့် ခရီးသွားလုပ်ငန်း သင်တန်းကျောင်း(HTTC) အား ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သော Ayeyarwaddy Resort and Lodges Co., Ltd သို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ သိရသည်။ အဆိုပါသင်တန်းကျောင်းမှ ပေးသော HTTC သင်တန်းဆင်းလက်မှတ် ရရှိထားသူများမှာ ပြည်ပနိုင်ငံများရှိ ဟိုတယ်နှင့် စားသောက်ဆိုင်ကြီးများ၊ နိုင်ငံခြားသဘောင်္လိုင်းများတွင် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိကြသဖြင့် ပြည်ပသွားရောက် လုပ်ကိုင်လိုသူ လူငယ်အများစု အဓိက ရွေးချယ်တက်ရောက်သော သင်တန်းဖြစ်ကြောင်း သိရသည်။ “ဒီသင်တန်းရဲ့ အနေအထားက လက်ရှိမှာ ဘယ်နိုင်ငံကမဆို လက်ခံတဲ့အဆင့်ပါ။ ကျွန်တော်တို့ တာဝန်ယူချိန်ကစပြီး သင်ရိုးညွှန်းတမ်းကို အာဆီယံအဆင့် တစ်ပြေးညီဖြစ်အောင် မြှင့်တင်မှာပါ။ အဓိကကတော့ အဆင့်မြှင့်တယ်ဆိုတဲ့နေရာမှာ စာတွေ့ထက် လက်တွေ့ လေ့ကျင့်မှုအပိုင်း အားနည်းချက်တွေကို ပြင်ဆင်မယ့်သဘောပါ။ လက်တွေ့ပိုင်းမှာ သင်တန်းသားအားလုံး ထိထိရောက်ရောက်ပါဝင်ပြီး လုပ်သွားမှာပါ။ ဒီလိုလုပ်ဖို့က အရင်းအနှီး ကုန်ကျစရိတ် များပါတယ်။ ဒီသင်ရိုးညွှန်းတမ်းကို ဇန်နဝါရီ ၃၁ မှာစဖွင့်မယ့် အပတ်စဉ်ကနေ အကောင်အထည် ဖော်သွားတော့မှာပါ”ဟု ၎င်းကပြောသည်။ ၎င်းအပြင် ကန့်သတ်ချက်များ ဖယ်ရှားပေးရမည့် ဦးစားပေး ဝန်ဆောင်မှုကဏ္ဍ (၄) ခုတွင် ပါဝင်သည့် ခရီးသွားလုပ်ငန်းအနေဖြင့် ပိုမိုပွင့်လင်း တိုးတက်လာနိုင်ဖွယ် ရှိသည့်အပြင် ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုရေးသည်လည်း သက်ဝင်လာမည်ဖြစ်၍ အဆိုပါ HTTC သင်တန်းဆင်းလက်မှတ် ရရှိထားသူများမှာ အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီမှာ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ အဓိကလုပ်ဆောင်နေသော ပုဂ္ဂလိကကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။ သင်တန်းကျောင်း အဆင့်မြှင့်တင်ရန် အတွက် လက်ရှိသင်တန်းကျောင်း နှစ်ထပ်အဆောက်အအုံအား ငါးထပ်အဆောက်အအုံအဖြစ် အသစ်ပြန်လည် တည်ဆောက်သွားမည် ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
 
Source : Khit Lu Nge

Friday, January 21, 2011

ဇန်န၀ါရီလအတွင်း အင်းလေးဒေသသို့ ရေပျော်ငှက် အများဆုံး လာရောက်ဆောင်းခိုခဲ့

နှစ်စဉ် ဇန်န၀ါရီလရောက်တိုင်း အင်းလေးဒေသသို့ ရေပျော်ငှက် အများဆုံး လာရောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်ဆန်းပိုင်း ဖြစ်သော ဇန်န၀ါရီလတွင်လည်း ရေပျော်ငှက်များ လာရောက် ဆောင်းခိုလျက် ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပြည်နယ်သစ်တောဦးစီးဌာနနှင့် တောင်ကြီးတက္ကသိုလ် သတ္တဗေဒဌာနတို့ ပူးပေါင်းလေ့လာ ဖော်ထုတ်ချက်အရ အင်းလေးဒေသတွင် ရေပျော်ငှက် ၄၅ မျိုး၊ ကုန်းနေငှက် ၆၄ မျိုး၊ စုစုပေါင်း ငှက်မျိုးစိတ် ၁၀၉ မျိုး ရှိကာ ၎င်းတို့အနက် ဌာနေငှက် ၆၆ မျိုး၊ ဆောင်းခိုငှက် ၄၀ မျိုး၊ ဒေသတွင်း ရွှေ့ပြောင်းငှက် နှစ်မျိုး ပါဝင်ပြီး နောက်တစ်မျိုး ဖြစ်သော အရှေ့တိုင်း ကြိုးကြာသည် အင်းလေးကန် မြောက်ဘက်၊ ညောင်ရွှေမြို့၏ မြောက်ဘက် နဒီကန်နှင့် ရေဦး ရေပယ်ကွင်းတွင် နေထိုင် ကျက်စားတတ် ကြောင်း တာဝန်ရှိသူများထံမှ သိရပါသည်။

ယခုကဲ့သို့ ဇန်န၀ါရီလအတွင်း အင်းလေးဒေသသို့ ရေပျော်ငှက် အများဆုံး လာရောက်ရခြင်းမှာ ရွှေ့ပြောင်းရေပျော်ငှက်များကြောင့် ဖြစ်ပြီး အဆိုပါ ရွှေ့ပြောင်းအမျိုးအစားတွင် (Headed Gull, Common Coot, Leser Whistlling Duck, Spot Billed Duck) တို့ ပါဝင်ကြောင်း ဒေသရေပျော်ငှက်များ ဖြစ်သည့် စင်ရော်၊ ဗျိုင်း၊ စစ္စလီ၊ ရေဘဲ၊ ရေကြက်၊ မယ်ညို၊ စနိုက်နှင့် ကြိုးကြာ များလည်း ယခင်လများထက် အများဆုံး လာရောက် ကျက်စားလျက်ရှိကြောင်း၊ အခြား ရှားပါးအမျိုးအစား ရေပျော်ငှက် အချို့ကိုလည်း တွေ့မြင်ရလာကြောင်း၊ မူလအုပ်စုမှ ကွဲထွက်လာသည့် သင်းကွဲငှက်များ ဖြစ်နိုင်ကြောင်း ငှက်လေ့လာသူ ပညာရှင်တစ်ဦးက ပြောပြသည်။

အင်းလေးကန်နှင့် ပတ်ဝန်းကျင် ဒေသများသည် ငှက်အများစု၏ အစာရှာဖွေရန်၊ အိပ်တန်းတက်ရန်၊ သားပေါက်ရန် စသည့် အခြေအနေ သုံးမျိုးနှင့် ပြည့်စုံလျက်ရှိကာ မြန်မာနိုင်ငံ၏ (Wetland Area) တစ်ခုအဖြစ်၊ ငှက်များအတွက် အမျိုးမျိုးသော (Habitat) နေရာထိုင်ခင်းများကို ပိုင်ဆိုင်ထားသည်။

Source : news-eleven

Thursday, January 20, 2011

၂၀၁၁ ခုနှစ် နှစ်ဦးပိုင်း၌ မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှု သိသိ သာသာမြင့်တက်၊ ဒေါ်လာဈေး ကျဆင်းမှုကြောင့် လုပ်ငန်းပိုင်းအနေ ဖြင့်မူ အကျိုးအမြတ် နည်းပါးနေ

မြန်မာနိုင်ငံအား ခရီးသွားရန် သင့်တော်သော၊ လုံခြုံမှုရှိသော ခရီးစဉ်ဒေသ တစ်ခုအဖြစ် လက်ခံလာမှုများကြောင့် ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းတွင် ခရီးသွားဝင်ရောက်မှု သိသိသာသာ မြင့်တက်လာကြောင်း ခရီးသွားလုပ်ငန်း နယ်ပယ်မှ သတင်း ရရှိပါသည်။

မြန်မာ့ခရီးသွား ရာသီသည် နှစ်စဉ် ပွင့်လင်းကာလ အောက်တိုဘာလမှ ဧပြီလ ၀န်းကျင်အထိ ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်း နိုဝင်ဘာလ နောက်ပိုင်းမှစ၍ ခရီးသွား ၀င်ရောက်မှု တိုးတက်လာရာတွင် လက်ရှိ၌ သိသိသာသာ မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

''မြန်မာနိုင်ငံကို ခရီးသွားဝင်တာ တက်လာတာကတော့ အဓိက အချက်သုံးချက်ကြောင့်လို့ မြင်ပါတယ်။ ပထမအချက်ကတော့ မြန်မာနိုင်ငံကို စိတ်ဝင်စားတဲ့သူ များလာတာပါ။ စိတ်ဝင်စားတဲ့ နေရာမှာလည်း
အပြုသဘောဆောင်နိုင်တဲ့ အပြောင်းအလဲတွေ အပေါ်မှာ စိတ်ဝင်စားတာပါ။ ဒုတိယအချက်က မြန်မာသံရုံးတွေက ဗီဇာရရှိမှု မြန်ဆန်လာတာ ဖြစ်ပါတယ်။ ခရီးသွား ဆိုတာကတော့ လွယ်ကူတာကို သဘောကျကြတာကိုး။

တတိယအချက် ကတော့ ဒေါ်လာဈေးကျတဲ့ အခါမှာ အရင်ကဒေါ်လာ ၁၀၀၀ လောက်သုံးမှ ပြည်ပခရီး ထွက်ဖြစ်မယ်ဆိုရင် အခု ၈၀၀ လောက်သုံးရင် ဖြစ်တော့ မြန်မာတွေ ပိုပြီး ပြည်ပခရီးသွား ဖြစ်သလိုပဲ သူတို့လည်း ရောက်လာကြတာပါ''ဟု Nature Lovers ခရီးသွားကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ဒင်က ပြောကြားသည်။

''ရန်ကုန်ကိုရော တခြား ခရီးသွား ဒေသတွေကိုပါ ခရီးသွား အ၀င် တက်လာပါတယ်။ မြန်မာနိုင်ငံကို ပိုပြီးသိလာ၊ စိတ်ဝင်စားလာတဲ့ သဘောရှိပါတယ်''ဟု Myanmar Polestar ခရီးသွား ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာဦးကျော်မင်းထင်က ပြောပါသည်။

ခရီးသွားဝင်ရောက်မှု တိုးတက်လာသော်လည်း လုပ်ငန်းပိုင်း အနေဖြင့်မူ ဒေါ်လာဈေးနှုန်း ကျဆင်းနေမှုများကြောင့် အကျိုးအမြတ် နည်းပါးကြောင်းလည်း သိရှိရသည်။

''ခရီးစဉ်တွေက ကြိုရောင်းထားရတာပါ။ အဲဒီတုန်းက သတ်မှတ်ရောင်းချခဲ့တဲ့ နှုန်းထားနဲ့ အခုပေါက်ဈေးနဲ့က ကွာခြားနေတယ်။ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၀၀၀ ၀န်းကျင်လောက်နဲ့ ဖြတ်ပြီး ရောင်းထားကြတော့ အခုလို ကျပ် ၈၀၀ ကျော်လောက်ပဲရှိတဲ့ အချိန်မှာ အကျိုးအမြတ် မရှိသလောက် ပါပဲ။ ခရီးစဉ်အတွင်း မြန်မာငွေနဲ့ရှင်းရတာတွေ ရှိတယ်။ ကားတွေငှားရတာမျိုး ရှိတယ်။ စားသောက်ဆိုင်တွေမှာ ရှင်းရတာရှိတယ်။ အဲဒီလို မြန်မာငွေသုံးရတော့ ငွေလဲနှုန်းကွာ ခြားမှုက အမြတ်နည်းစေတယ်။ ဟိုတယ်တွေကမှ ဒေါ်လာဈေးနှုန်းပေါ် မူတည်ပြီး အခန်းခကို ပြောင်းလဲလို့ ရသေးတယ်။ ခရီးစဉ်တွေ ရောင်းထားတာကတော့ ဈေးပြောင်းဖို့ မလွယ်ပါဘူး။ ဈေးပြောင်းပြီး ဈေးမြင့်လိုက်ရင်လည်း ကိုယ့်နိုင်ငံကို ဘယ်လာတော့မလဲ။ ဒေသတွင်း နိုင်ငံတစ်ခုခုကို ပြောင်းပြီးသွားတော့မှာပေါ့''ဟု ခရီးသွား လုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ၂၀၀၆ ခုနှစ်တွင် အတိုးတက်ဆုံးသော အနေအထားကို ကြုံတွေ့ခဲ့ရပြီး ၂၀၀၇ ခုနှစ် နှစ်ဦးပိုင်း၊ နှစ်လယ်ပိုင်းတို့တွင်လည်း ဆက်လက် ကောင်းမွန်ခဲ့သည်။ သို့သော် ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် အ ကြောင်း အမျိုးမျိုးကြောင့် ကျဆင်းမှု ဖြစ်ပေါ်ခဲ့ကာ ၂၀၀၈ ခုနှစ် တစ်နှစ်တာနှင့် ၂၀၀၉ ခုနှစ်အထိ ကျဆင်းလာခဲ့သည်။ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင်မူ ခရီးသွား ၀င်ရောက်မှု ပြန်လည်တိုးတက်လာခဲ့ကာ ၂၀၁၀ ပြည့်နှစ်တွင် ပိုမိုတိုးတက်မှုကို ကြုံ တွေ့လာရခြင်း ဖြစ်ပြီး နှစ်ကုန်ပိုင်းသည် ခရီးသွားလုပ်ငန်းကို ကောင်းမွန်သော အနေအထားသို့ ရောက်ရှိလာစေခဲ့သည်ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတို့က ဆိုပါသည်။

မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံတကာ ခရီးသွား ဧည့်သည်များသည် ယဉ်ကျေးမှုဒေသများ၊ သဘာဝအခြေခံ ခရီးသွား ဒေသများသို့ အဓိက သွားရောက်လည်ပတ်ကြပြီး ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ ငပလီ၊ ငွေဆောင် စသည် တို့မှာ နာမည်ကျော် ခရီးသွားဒေသများ ဖြစ်ကြသည်။

ကမ်းခြေဒေသသို့ ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်း ခရီးသွား ၀င်ရောက်မှုနှင့် ပတ်သက်၍ ''နှစ်သစ်ကူးနဲ့ နှစ်ဆန်းပိုင်းမှာ ခရီးသွား အ၀င်များတော့ တချို့ဆို အခန်းမရဘူး။ ချောင်းသာဘက် သွားရတယ်။ လတ်တလောမှာလည်း ခရီးသွားက ပုံမှန်အနေအထား မှာ ရှိနေပါတယ်''ဟု ငွေဆောင်ကမ်းခြေရှိ Emerald Sea Resort မှ မန်နေးဂျင်းဒါရိုက်တာ ဦးကျော်ထွန်းက ပြောကြားသည်။

၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်း၌ နိုင်ငံရေးတွင် အပြောင်းအလဲများ ပေါ်ပေါက်လာခြင်းနှင့်အတူ မီဒီယာများ၌ မြန်မာနိုင်ငံ သတင်းများ ပေါ်လွင်လာမှုတို့က ကမ္ဘာလှည့်ခရီးသွားများ အာရုံစိုက်ဖွယ် ဖြစ်လာစေခဲ့သည်။

Source : News-Eleven

ဧရာဝတီမြစ်၏ ရေအရင်းအမြစ်များ တည်ရှိရာ ရေခဲတောင်ဒေသ၌ ယခင်နှစ်ကကဲ့သို့ပင် လက်ရှိတွင်လည်း ရေခဲကျဆင်းမှု ကောင်းမွန်နေ

ဧရာဝတီမြစ်၏ ရေအရင်းအမြစ်များ တည်ရှိရာ မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ရေခဲတောင်ဒေသ၌ ပြီးခဲ့သည့်နှစ်က ရေခဲများပုံမှန်အချိန်တွင် ကျဆင်းခဲ့ပြီး လက်ရှိတွင်လည်း ရေခဲကျရောက်မှု ကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိသည်။

    ရေခဲတောင်ဒေသတွင် နှစ်စဉ် နိုဝင်ဘာလ၀န်းကျင်တွင် ရေခဲများ စတင်ကျဆင်းလေ့ရှိပြီး နောက်တစ်နှစ် ဧပြီလ၀န်းကျင် ရာသီဥတု ပူနွေးလာချိန်တွင် ရေခဲများအရည်ပျော်လေ့ရှိကြောင်း၊ အဆိုပါရေများသည် အရင်းအမြစ်များအဖြစ်ချောင်းနှင့် မြစ်လက်တက်များမှတစ်ဆင့် ဧရာဝတီမြစ်အတွင်းသို့ ရောက်ရှိလေ့ရှိကြောင်း သိရှိရသည်။

    "၂၀၁၀ ပြည့်နှစ်ထဲမှာ နိုဝင်ဘာလ ပထမပတ်ထဲရောက်တာနဲ့ ရေခဲစကျတယ်။ ပုံမှန်အချိန်ပါပဲ။ ရေခဲကျတာလည်း ကောင်းမွန်ပါတယ်။ အအေးလည်း ပိုပါတယ်။ မလိ ရေခဲတောင်ကို တက်ခဲ့တဲ့ခရီးမှာ ပေ ၆၀၀၀ အမြင့်မှာရှိတဲ့ ရွာမှာ ညအိပ်ပြီးနောက်တစ်ရက် ပေ ၉၀၀၀ အရောက်မှာ ရေခဲစတွေ့ရတယ်။ တောင်ထိပ်ရောက်တော့ ရေခဲလည်း တော် တော်ထူတာတွေ့ရတယ်"ဟု မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်မှ အဖွဲ့ဝင် တစ်ဦးက ပြောပြသည်။
 ကချင်ပြည်နယ်အတွင်းရှိ မလိရေခဲတောင်ဝန်းကျင်ကို ၂၀၁၀ပြည့်နှစ် ၀န်းကျင်ကတွေ့ရစဉ်
 
   ၂၀၀၈ ခုနှစ်သည် ရေခဲကျဆင်းမှု နောက်ကျခဲ့သော နှစ်တစ်နှစ်ဖြစ်ပြီး ဒီဇင်ဘာလသို့ရောက်ရှိမှ ရေခဲကျဆင်းလာခဲ့သည်။ ၂၀၀၉ ခုနှစ် နှစ်ဦးပိုင်းတွင် ရေခဲဆက်လက်ကျ ဆင်းခဲ့သော်လည်း ရေခဲနည်းပါးခဲ့ ကာ ဇန်န၀ါရီလကျော်လွန်သည်နှင့် ရေခဲအရည်ပျော်မှုကို စတင်ကြုံတွေ့ခဲ့ရကြောင်း သိရှိရသည်။

   မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ရေခဲတောင်ဒေသမှ စတင်စီးဆင်းလာသည့် ပူတာအိုမြို့နယ် ဇီယာဒမ်းရွာ အနောက်ဘက်မှ ချောင်းငယ်များသည် မလိခမြစ်အတွင်းသို့ စီးဝင်နေပြီး ခါကာဘိုဒေသဘက်မှ ချောင်းငယ်များမှာ မေခမြစ်အတွင်းသို့စီးဝင်ကာ အဆိုပါမြစ်နှစ်ခု ပေါင်းဆုံရာမှ ဧရာဝတီမြစ် ဖြစ်ပေါ်လာသည်။ ရေခဲကျဆင်းမှု နည်းပါးခဲ့သည့် ၂၀၀၉ ခုနှစ်သည် မိုးလည်း နည်းပါးခဲ့သည့်အတွက် ဧရာဝတီမြစ်တွင် ရေနည်းပါးမှု၊ မြစ်ရေကြီးမှု မရှိသလောက် နည်းပါးမှုတို့ကို ရင်ဆိုင်ခဲ့ရကြောင်း သိရှိရသည်။

    "ဒီနှစ်ရေခဲကျတာတော့ ကောင်းတယ်။ ဒီလိုပဲ ရေဝေရေလဲဒေသ မြစ်အထက်ပိုင်းမှာ မိုးရွာသွန်းမှု ကောင်းမယ်ဆိုရင်တော့ ဒီနှစ်မြစ်တွေမှာ ရေပုံမှန်ရှိမှာပဲ။ အခုနောက်ပိုင်းနှစ်တွေမှာတော့ ရေခဲကျတာနည်း၊ မနည်း၊ မိုးများ၊ မများ ဆိုတဲ့အပေါ်မှာ ဧရာဝတီမြစ်ရဲ့အနေ အထားက မူတည်နေပါတယ်။ ရေခဲတောင်ရဲ့ သဘာဝပတ်ဝန်းကျင် အပြောင်းအလဲကလည်း လေ့လာမှု ပြုသင့်တဲ့အကြောင်းအရာ တစ်ခုဖြစ်နေပါပြီ"ဟု ရေခဲတောင်ဒေသ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာသူတစ်ဦးက ပြောပါသည်။

    ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်စသော မြန်မာနိုင်ငံ၏ အဓိကမြစ် ကြီးများသည် ယခုနောက်ပိုင်းနှစ်များတွင် သဘာဝပတ်ဝန်းကျင် အပြောင်းအလဲနှင့် မြစ်ကြောင်း ပြောင်းလဲမှုတို့ သိသာလာပြီး သောင်ထွန်းမှုများလည်း ကျယ်ပြန့်လျက်ရှိကာ မြစ်ရေကျဆင်းချိန်မှာလည်း စောလာခဲ့သည်ဟု သိရှိရသည်။

Source : News-Eleven

Wednesday, January 19, 2011

အဆင့်မြင့် ဟိုတယ်ကြီး ၃ ခု IGE ကုမ္ပဏီသို့ လွှဲပြောင်း

 စထရင်း ဟိုတယ်

ရန်ကုန်မြို့ရှိ သမ္မတ၊ အင်းလျားလိပ်၊ စထရင်း ဟိုတယ်ကြီး ၃ ခုအား အမှတ် (၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၏သား ဦးနေအောင်ပိုင် IGE ကုမ္ပဏီ လီမိတက်သို့ စစ်အစိုးရက လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ နိုင်ငံပိုင်ဟိုတယ်ကြီးများကို IGE ကုမ္ပဏီအား လွန်ခဲ့သည့် ၃ လခန့်မှ စတင်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန က အငှားစနစ်ဖြင့် လုပ်ပိုင်ခွင့် ပေးခဲ့ခြင်းဖြစ်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် နီးစပ်သူတဦးက ပြောသည်။

“၀န်ကြီး ဗိုလ်ချုပ်စိုးနိုင်နဲ့ တွင်း(၁) သီဟသူရ ဦးတင်အောင်မြင့်ဦး ဆီက တောင်းယူတာ၊ လုပ်ခွင့်ရတာ ၃လ ကျော်နေပြီ ဘာမှ မလုပ်လို့ မယူဖြစ်ဘူးတောင် ထင်နေတာ၊ ဘယ်နာမည်နဲ့ လုပ်မယ်တော့မသိဘူး”ဟု ၎င်းက ဆိုသည်။

ယခုအခါ ယင်းဟိုတယ်များတွင် ဖွင့်လှစ်ထားသည့် အဖွဲ့အစည်းနှင့် ကုမ္ပဏီ ရုံးခန်းများကို ဖယ်ရှားပေးရန် သတိပေးအကြောင်းကြားစာ ပို့ထားကြောင်း အဆိုပါ နီးစပ်သူက ဆက်လက်ပြောပြသည်။

ဦးနေအောင်၏ ဖခင် ၀န်ကြီး ဦးအောင်သောင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လူရင်းတဦးဖြစ်သည်ဟု လူအများပြောဆိုနေပြီး အစ်ကိုဖြစ်သူ ဗိုလ်မှူး ပြည်အောင်မှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သမီး ဒေါ်နန္ဒာအေး၏ ခင်ပွန်းဖြစ်သည်။

ဦးနေအောင်သည် အောင်ရည်ဖြိုး၊ IGE ၊ MRT ၊ ယူနိုက်တက် အမရ စသည့် အမည်အမျိုးမျိုးဖြင့် ရွှေတူးဖော်ခြင်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ် ငန်း များ၊ သစ်ထုတ်လုပ်ခြင်း၊ ဘဏ်လုပ်ငန်းများ လုပ်ကိုင်သည့်အပြင် အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာနသို့ မဟာဓာတ်အားလိုင်းများ တွင် အသုံး ပြုသည့် အကြီးစားလျှပ်စစ် ကြိုးခွေများ တင်သွင်းရေး လုပ်ငန်းများလည်း လုပ်ကိုင်သည်။

မကြာသေးမီကလည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် ဓာတ်ငွေ့ပိုက်လိုင်းများကို စီမံကိန်းဧရိယာသို့ အရောက်  သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်ကို ရရှိခဲ့သည်။

ရန်ကုန်မြို့ခံ စီးပွားရေး သမားတဦးက ဦးနေအောင်နှင့် ၎င်း၏ အစ်ကို ဗိုလ်မှူးပြည်အောင်တို့သည် စီးပွားရေးလောကသို့ ၀င်ရောက် လာသည်မှာ မကြာသေးသော်လည်း ယခုကဲ့သို့ အကြီးစား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများကို တိတ်တဆိတ်လုပ်ကိုင်လေ့ ရှိကြောင်း ပြောသည်။

IGE ကုမ္ပဏီလုပ်ကိုင်မည့် သမ္မတ ဟိုတယ်မှာ ယခင်တရုတ်လူမျိုး ဦးကျောက်စိမ်းက ပိုင်ဆိုင်ခဲ့ပြီး ဟိုတယ်အပြင် သမ္မတ ရုပ်ရှင်ရုံ ကိုပါ တွဲဖက် တည်ဆောက်ခဲ့သည်။ တော်လှန်ရေးကောင်စီ လက်ထက်တွင် ပြည်သူပိုင် သိမ်းခြင်း ခံရသည်။

လက်ရှိ အနေအထားအရ သမ္မတ ဟိုတယ်သည် ကြယ်သုံးပွင့် ဟိုတယ်အဆင့်တွင်ရှိပြီး စကော့ဈေးဟု လူသိများသည့် ဗိုလ်ချုပ် အောင်ဆန်းဈေး ၊ ရန်ကုန်ဘူတာကြီး နှင့် ဆူးလေဘုရား အနီးတွင် တည်ရှိသည်။

အင်းလျားလိပ် ဟိုတယ်မှာ ကြယ်လေးပွင့်အဆင့် သတ်မှတ်ခံထားရပြီး အင်းလျားကန် အနီး ကမ္ဘာအေးဘုရားလမ်းပေါ်တွင် တည် ရှိသည်။

နှစ်တရာကျော် သက်တမ်းရှိသည့် စထရင်း(Strand) ဟိုတယ်မှာ ကိုလိုနီခေတ် ၁၉၀၁ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး လက်ရှိတွင် ကြယ် ငါးပွင့် အဆင့် သတ်မှတ်ထားကြောင်း သိရသည်။

လက်ရှိ ရန်ကုန်မြို့တွင် ကုန်သည်ကြီးများ ဟိုတယ်(Trader Hotel)၊ ဆီဒိုးနား(Sedona Hotel) Summit Parkview ၊ Micasa စသည့် ဟိုတယ်ကြီးများ အပါအ၀င် အဆင့်မြင့် ဟိုတယ် ၂၈ ခုခန့် ရှိသည်။

ကန်တော်ကြီးအနီးရှိ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်ကိုမူ စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလ အတွင်းက ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ လွှဲပြောင်းရောင်းချခဲ့သည်။

ယခုကဲ့သို့ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းတွင် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွား ရေးလုပ်ငန်းရှင်ကြီးများ ၀င်ရောက် ရင်းနှီးမြုပ်နှံလာခြင်းသည် စစ်အစိုးရက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ချထားခြင်းမှ လွှတ်ပေးပြီးနောက် ကမ္ဘာလှည့် ခရီးသွားများ ပိုမိုဝင်ရောက်လာနိုင်မည်၊ အစိုးရအသစ် ဖွဲစည်းပြီးနောက် နိုင်ငံတကာဆက်ဆံမှု ပိုမိုကျယ်ပြန့်လာမည် ဟူသော မျှော်မှန်းချက်ဖြင့် ၀င်ရောက်လုပ်ကိုင်ခြင်းဖြစ်သည်ဟု ပြည်တွင်းစီးပွားရေး ပညာရှင်တဦးက ပြောဆိုသည်။

စစ်အစိုးရ က ၁၉၉၆ ခုနှစ်ကို မြန်မာ့ခရီးသွားလာရေး နှစ် (Visit Myanmar Year)ဟု သတ်မှတ်ပြီး ဟိုတယ် အသစ်များ တည်ဆောက်ကာ ကမ္ဘာလှည့်ခရီးသွားများ လာရောက်ရန် ဆွဲဆောင်ခဲ့သော်လည်း အမေရိကန်ပြည်ထောင်စုနှင့် ဥ ရောပ သမဂ္ဂ (EU)နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှု ကြောင့် နိုင်ငံခြားခရီးသွားများ ၀င်ရောက်လာခြင်းမရှိသည့် အတွက် မျော်မှန်း သလောက် အကျိုးမဖြစ်ထွန်းခဲ့ပေ။
 
Source : Irrawaddy

တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်များ ကာကွယ်ရေး သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ခရီးသွား ကုမ္ပဏီများ အလေးထား သင့်

မြန်မာနိုင်ငံ သို့ လာရောက် လည် ပတ်သည့် ကမ္ဘာလှည့် ခရီးသည် ဦးရေ တိုးတက် များပြား လာသည်နှင့် အမျှ မြန်မာနိုင်ငံ ရှိ တောရိုင်း တိရစ္ဆာန် နှင့် သဘာဝ အပင်များ ကာကွယ်ရေး နှင့် သဘာဝ နယ်မြေများ ထိန်းသိမ်း ရေး ကို ခရီးသွား လုပ်ငန်းများ က အလေး ပေး ဂရုပြု ကြရမည် ဖြစ်သည်။

အချို့ ခရီးသွား ကုမ္ပဏီ များမှ တစ်ဆင့် ရောက်ရှိလာသော နိုင်ငံ ခြားသား ခရီးသည်များ သည် သဘာဝ ထိန်းသိမ်းရေး နယ်မြေ များ အတွင်း ခွင့်ပြုချက် ရယူခြင်း မရှိဘဲ တရားမ ၀င် ၀င် ရောက်ကာ တောရိုင်း တိရစ္ဆာန် နှင့် သဘာဝ အပင် နမူနာများ စုဆောင်း ခြင်းများ ရှိကြောင်း သစ်တော ရေး ရာ ၀န်ကြီး ဌာန၊ သစ်တော ဦးစီး ဌာန က မြန်မာနိုင်ငံ ခရီးသွား လုပ် ငန်းရှင်များ အသင်းသို့ အကြောင်း ကြားထား သည် ဟု ဆိုသည်။
 
“ဘယ်လို ကိစ္စမျိုး ဆိုတာ မသိ ရ ပေမယ့် သတိပေးတဲ့ အနေနဲ့ အ ကြောင်းကြား လာတာပါ။ tourism responsibilities အရ အပင်ပဲ ဖြစ်ဖြစ်၊ သတ္တ၀ါ ပဲဖြစ်ဖြစ် ထိန်းသိမ်း သင့် ပါတယ်။ ခရီးသွား များလာရင် ပိုပြီး ထိန်းသိမ်း သင့်ပါတယ်။ ဒါမှ မြန်မာ နိုင်ငံရဲ့ ခရီးသွား လုပ်ငန်း ရေ ရှည် ဖွံ့ဖြိုး ဖို့ အထောက် အကူ ပြုမှာ ပါ။ ပြည်တွင်း က ခရီးသွား တွေမှာ လည်း ဒီလိုမျိုး သဘာဝ သယံ ဇာတ တွေကို ထိန်းသိမ်း စောင့်ရှောက် ရ မယ် ဆိုတဲ့ အသိ ရှိသင့် ပါတယ်” ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင် များ အသင်း အတွင်း ရေးမှူး ဦးတင်ထွန်း အောင်က ပြောသည်။

သစ်တော ရေးရာ ၀န်ကြီးဌာန၊    သစ်တော ဦးစီး ဌာနသည် မြန်မာ နိုင်ငံ အတွင်းရှိ ဇီဝ မျိုးစုံ မျိုးကွဲများ ထိန်းသိမ်း ကာကွယ်ရန်အတွက် ၁၉၉၄ ခုနှစ် တောရိုင်း တိရစ္ဆာန် နှင့် သဘာဝ အပင်များ ကာကွယ်ရေး နှင့် သဘာဝ နယ်မြေများ ထိန်းသိမ်း ရေး ဥပဒေ ကို ထုတ်ပြန် ပြဋ္ဌာန်း ခဲ့သည်။

အဆိုပါ ဥပဒေ အရ သဘာဝ နယ်မြေများ အတွင်း လုံးဝ တားမြစ် ထားသော ဒေသမှအပ သိပ္ပံ ဆိုင်ရာ သုတေ သနပြုခြင်း၊ သဘာဝ ပတ်ဝန်း ကျင် လေ့လာ ကြည့်ရှုခြင်း၊ အပန်း ဖြေခြင်း တို့ကို စည်းကမ်း သတ်မှတ် ချက်များ နှင့် အညီ ခွင့်ပြု ပေးလျက် ရှိ ကြောင်း၊ သဘာဝ နယ်မြေ များဖွဲ့ စည်း သတ်မှတ်ခြင်း အပြင် မြန်မာ့ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူ ဖြစ်စေရန် သဘာဝ အခြေခံ ခရီးသွား နေရာ များ တည် ထောင် အကောင်အထည် ဖော်လျက် ရှိကြောင်း သိရသည်။

မြစ်အတွင်း အပျော်တမ်း ဖောင်စီး သည့်ခရီးစဉ် ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင် စားမှု များပြား

မြန်မာနိုင်ငံ သို့ လာရောက် လည်ပတ် ကြ သော ကမ္ဘာလှည့် ခရီးသွား များ အတွက် သဘာဝ ခရီးသွား လုပ်ငန်း တစ်ခု ဖြစ်သည့် မြစ် အတွင်း အပျော်တမ်း ဖောင်စီး ခရီးစဉ် အား ကမ္ဘာလှည့် ခရီးသွား အများစု စိတ်ဝင် တစား ရှိလာ ကြောင်း Putao Trekking House မှ တာဝန်ရှိသူ က ပြောကြား သည်။ အဆိုပါ ခရီးစဉ် မှာ ကချင်ပြည်နယ် အတွင်း၌ ရှိနေပြီး မေခ၊ မလိခနှင့် နမ့်လန် မြစ်များ ပေါ်တွင် အခြေပြု ဆောင်ရွက် ထားသော ခရီးစဉ် တစ်ခု ဖြစ်သည်။

“အမေရိကန်၊ သြစတြေးလျနဲ့ ဥရောပ ဘက်က ခရီးသွားတွေ အများဆုံး လာရောက် ကြပါတယ်။ အာရှက လာတဲ့ သူတွေ ကတော့ ထိုင်းက လွဲရင် နည်းပါ သေးတယ်။ ဖောင်နဲ့ အခြား ဆက်စပ် ပစ္စည်းတွေ အကုန်လုံး ကို နိုင်ငံ ခြားက တိုက်ရိုက်မှာ ယူတင် သွင်းထား တာပါ။ ပူတာအို မြို့ကနေ စတင်တဲ့ ဒီခရီးစဉ် က တစ် ရက်ခရီး နဲ့ တစ်ညအိပ် နှစ်ရက် ခရီးစဉ် ဆိုပြီး ရှိ ပါတယ်။ ပူတာအို နဲ့ နီးတဲ့ နမ့်လန်မြစ် တစ်ရက် ခရီး ပါ။ ရေစီးအား အလွန်ပြင်း တဲ့ မေခမြစ် ခရီးစဉ် ကတော့ အပျော်တမ်း မဟုတ်ဘဲ စွန့်စား သွား လာချင် သူတေ အတွက် စီစဉ် ပေးတာ ဖြစ်ပါ တယ်” ဟုဆိုသည်။ နမ့်လန်မြစ် အတွင်း အပျော်ဖောင်စီး ခရီးစဉ် မှာ ပူတာ အိုမြို့မှ ရှန်ဂေါင် တောင် ကိုဖြတ် ၍ ၀ါဆာဒန် ကျေးရွာ အထိကုန်းလမ်း ခရီးသွား ရပြီး ထိုမှ တစ်ဆင့် နမ်ရို ချောင်းမှ ဖောင်ဖြင့် နမ့်လန်မြစ် သို့ သွားရခြင်း ဖြစ်ကြောင်း၊ မလိခ ခရီးစဉ် မှာ ပူတာ အိုမှ မူလာရှီးဒီ ကျေးရွာ သို့ ကုန်းလမ်း ခရီး ညအိပ် သွားရောက် နိုင်ပြီး နောက်တစ်နေ့ နံနက် တွင် မလိခ မြစ် အတွင်း ဖောင်စီးသည့် ခရီးစဉ် စတင် ကြောင်း သိရသည်။

Monday, January 17, 2011

တောင်ရိုး တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု စုံညီ ပွဲတော် ကျင်းပမည်

တောင်ရိုး တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု စုံညီ ပွဲတော်ကို ဖေဖော် ၀ါရီ ၁၅ ရက် တွင် ဟဲဟိုးမြို့၊ တော်နင်း ကျေးရွာ ၌ ကျင်းပရန် စီစဉ် ထားကြောင်း အဆိုပါ ပွဲတော် ဖြစ်မြောက်ရေး အဖွဲ့မှ တာဝန် ရှိသူက ပြောကြား သည်။ ယခု ကျင်းပမည့် ပွဲတော်သို့ ကမ္ဘာလှည့် ခရီးသွား ဧည့် သည်များ လာရောက် လေ့လာ နိုင်ရန် ဟိုတယ် များနှင့် ခရီးသွား ကုမ္ပဏီ များအား ကြိုတင် အကြောင်းကြား မည် ဖြစ်ကြောင်း တောင်ရိုး တိုင်းရင်း သား စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဥက္ကဋ္ဌ ဦးသောင်းရွှေက ပြောကြားသည်။

ယဉ်ကျေးမှု စုံညီ ပွဲတော်တွင် တောင်ရိုး ကျေးလက် ၀တ်စား ဆင် ယင်မှု ပြပွဲ၊ တောင်ရိုး လှယဉ် ကျေးမယ် ပြိုင်ပွဲ၊ တောင်ရိုး ကျေးလက် တေးသံ၊ လှပျိုဖြူများ၏ ကျေးလတ် အက၊ တောင်ရိုး သီချင်း ဆို ပြိုင်ပွဲ တို့ ပါဝင် မည်ဖြစ်သည်။ ယခင် နှစ်က တောင်ရိုး တိုင်းရင်းသား အများဆုံး နေထိုင် ကြသည့် ပင်လောင်း မြို့နယ် ခေါင်းဆည် ကျေးရွာ ၌ ပထမ အကြိမ် ကျင်းပ ခဲ့ပြီး ယခု ဒုတိယ အကြိမ် ပွဲတော်ကို ဘော်နင်း ကျေးရွာ ၌ ကျင်းပ မည်ဖြစ်သည်။

Sunday, January 16, 2011

သဘာဝရှုခင်းနှင့် ပတ်ဝန်းကျင် ဓလေ့စရိုက်များကို လေ့လာရန် ကိုယ်ပိုင်အစီအစဉ်ဖြင့် ခရီးသွားလာမှုများ ရှိလာ

ပတ်ဝန်းကျင် ဓလေ့စရိုက်၊ တောတောင်ရေမြေ သဘာဝရှုခင်း အလှအပများကို လေ့လာမှတ်တမ်း တင်လိုသူများသည် မိမိတို့၏ ကိုယ်ပိုင်အစီအစဉ်ဖြင့် ကား၊ ဆိုင်ကယ်၊ စက်ဘီး စသည်တို့ဖြင့် ခရီးသွားလာမှုများ ရှိလာကြကြောင်း သိရသည်။

''ခုနောက်ပိုင်း နိုင်ငံခြား ခရီးသွားတွေက ရထား၊ အဝေးပြေး လိုင်းကားတွေနဲ့ ခရီးသွားတာထက် ကိုယ်ပိုင် အစီအစဉ်နဲ့ ကားစင်းလုံးငှားပြီး ခရီးသွားကြသလို စက်ဘီးတွေနဲ့လည်း အဖွဲ့လိုက် ခရီးသွားကြတာတွေ ရှိတယ်။ ‘ဒီလို ကိုယ်ပိုင်အစီ အစဉ်နဲ့ သွားခြင်းအားဖြင့် ပတ်ဝန်းကျင်မှာ ကိုယ်လေ့လာ လိုသလောက် အချိန်ပေး လေ့လာလို့ ရသလို ဒေသရဲ့ ရိုးရာ အငွေ့အသက်တွေရှိတဲ့ လူနေမှုစရိုက်နဲ့ သဘာဝ အခြေအနေတွေကို လေ့လာ မှတ်တမ်းတင်နိုင်တာပေါ့''ဟု ခရီးသွား ဧည့်လမ်းညွှန်တစ်ဦးက ပြောပါသည်။

ဓာတ်ပုံပညာရှင်၊ ပန်းချီပညာရှင်များ အနေဖြင့်လည်း မိမိတို့၏ ခရီးစဉ်တွင် မိမိတို့အမှတ်မထင် ကြုံတွေ့ရသော သဘာဝရှုခင်း၊ လူမှုဓလေ့စရိုက်များအား လိုအပ်သလို မှတ်တမ်းတင်ရန်သော် လည်းကောင်း၊ လိုအပ်သော အလင်းအမှောင်များကို စောင့်ဆိုင်း၍သော် လည်းကောင်း၊ အချိန်ပေး ရိုက်ကူးရေးဆွဲနိုင်သဖြင့် ကိုယ်ပိုင် အစီအစဉ်ဖြင့် ခရီးသွားလာမှုများ ရှိလာကြသည်။

Source : News-Eleven

Friday, January 14, 2011

ရခိုင်ပြည်နယ် အတွင်းရှိ မြစ်ချောင်းများတွင် ဧရာဝတီလင်းပိုင်ကောင်ရေ အများအပြား နေထိုင်ကျက်စားလျက်ရှိ

ရခိုင်ပြည်နယ်အတွင်းရှိ မြစ်ချောင်းများတွင် ဧရာဝတီလင်းပိုင် ကောင်ရေ ၁၀၀ ၀န်းကျင်ခန့် နေထိုင်ကျက်စားလျက် ရှိကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သော သုတေသန တစ်ရပ်အရ သိရှိရပါသည်။

ရခိုင်ပြည်နယ် အတွင်းရှိ မြစ်ချောင်းများတွင် ဧရာဝတီလင်းပိုင် အများအပြား ရှိခဲ့သော်လည်း ယခုအခါ ကောင်ရေတစ်ရာခန့်သာ ကျန်ရှိနေတော့ကြောင်း၊ ယင်းအတွက် အဆိုပါ လင်းပိုင်များကို ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်သွားရန်ရှိကြောင်း လည်း သိရှိရသည်။

လင်းပိုင်များသည် ကမ္ဘာ့ရှားပါးစာရင်းဝင် ရေနေသတ္တ၀ါ တစ်မျိုး ဖြစ်ရာ လင်းပိုင်များ မျိုးသုဉ်းပျောက်ကွယ် မသွားစေရေး အတွက် သက်ဆိုင်ရာ ငါးလုပ်ငန်း ဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS) မှ ဒီဇင်ဘာလအတွင်းက ၁၀ ရက် ကျော် သုတေသန ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။

အဆိုပါ ခရီးစဉ်တွင် ပေါက်တော၊ မြေပုံ၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် အခြား မြို့နယ်များရှိ မြစ်ချောင်းများသို့ သွားရောက်လေ့လာခဲ့ရာ ပေါက်တော၊ မြေပုံ၊ ရသေ့တောင်နှင့် ကုဏ္ဏားကျွန်းမြို့နယ်များရှိ မြစ်ချောင်းများတွင် လင်းပိုင်များ နေထိုင်ကျက်စားခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်းလည်း သိရသည်။ ယင်းအပြင် ထိုခရီးစဉ်သည် ဧရာဝတီလင်းပိုင်များ ပျံ့နှံ့နေထိုင်ခြင်းကို အဓိကထား လေ့လာခဲ့သော ခရီးစဉ် ဖြစ်သဖြင့် ယခုတွေ့ရှိခဲ့မှုများကို မှတ်တမ်းတင် ထားခဲ့ပြီဖြစ်ရာ လိုအပ်သော ဆောင်ရွက်ချက်များကိုလည်း ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။ ထို့အပြင် ယင်း လင်းပိုင်များအပေါ်တွင် ကျရောက်လျက်ရှိသော အန္တရာယ်များဆိုင်ရာ အချက်အလက်များကိုလည်း လေ့လာ မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

''ကျွန်တော်တို့ အရင်က ငါးဖမ်းထွက်ရင် အမြဲတွေ့ရတယ်။အခုတော့ အရင်လို အတွေ့ရ နည်းလာတယ်။ လင်းပိုင်တွေကို ဘေးမဲ့ပေးထားတာ သိကြပေမယ့် တချို့ကတော့ ဖမ်းဆီး သတ်ဖြတ်ကြတာ နေမှာပေါ့ဗျာ။ ဒါ ပေမယ့် အခုတော့ လင်းပိုင်နဲ့ပတ်သက်ပြီး အသိပညာတွေလည်း အတိုင်းအတာတစ်ခုထိ ရှိနေကြပြီ ဖြစ်ပါတယ်။ နောက်ပိုင်းဆိုရင် ဖမ်းဆီးတာတွေ လုပ်ကြတော့မှာ မဟုတ်တော့ဘူးလို့ ထင်ပါတယ်''ဟု ရေလုပ်သားတစ်ဦး ပြောကြားခဲ့ပါသည်။

ဧရာဝတီလင်းပိုင်များသည် ရေလုပ်သားအား အကျိုးပြုသော ငါးများဖြစ်သည့်အပြင် လွန်စွာယဉ်ပါးသော သတ္တ၀ါတစ်မျိုးလည်း ဖြစ်ရာ ရခိုင်ပြည်နယ်အတွင်း ဧရာဝတီလင်းပိုင်များ အမြောက်အမြား ရှိလာခဲ့လျင် ယင်းတို့ နေထိုင်ကျက်စားရာ နေရာ များသည် ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်သော နေရာများ ဖြစ်လာနိုင်ခြေ ရှိကြောင်းလည်း ဧည့်လမ်းညွှန် အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

Source : News-Eleven

Tuesday, January 11, 2011

ရန်ကုန်မြို့၏အဓိက ကန်ကြီးနှစ်ခုဖြစ်သော ကန်တော်ကြီး နှင့်အင်းလျားကန်တို့၌ ရေထုသန့်ရှင်းမှုဆိုင်ရာ ထိန်းသိမ်းမှု ကျဆင်းလာသည့်အတွက် ရေထုညစ်ညမ်းခြင်းကို ရင်ဆိုင်လာရ

ရန်ကုန်မြို့၏အဓိက ကန်ကြီးနှစ်ကန်ဖြစ်သော ကန်တော်ကြီးနှင့်  အင်းလျားကန်တို့တွင် ရေထုသန့်ရှင်းမှု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှု ကျဆင်းလာသည့်အတွက် ရေထုညစ်ညမ်းခြင်းကို ရင်ဆိုင်လာရကြောင်း သတင်းရရှိပါသည်။

   ယခင်က ရန်ကုန်မြို့ရှိ မြို့နေလူထုအတွက် ရေပေးဝေရာတွင် အသုံးပြုခဲ့သော ကန်ကြီးများသည် လက်ရှိတွင် ရေထုညစ်ညမ်းမှု၊ ရေ၏ အရောင်ပြောင်းလဲမှု၊ အောက်ဆီဂျင်နည်းပါး၍ ရေနေသတ္တ၀ါများ ထိခိုက်ပျက်စီးမှုတို့ကို ရင်ဆိုင်လာ ရကြောင်း သိရှိရသည်။

    "ကန်တော်ကြီးက အရင်က ရေပေးဝေတဲ့နေရာ ဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် အခုအချိန်မှာဆိုရင် ပတ်ဝန်းကျင်မှာ လူနေထူထပ်လာတဲ့ အတွက် လူနေအိမ်တွေက စွန့်ထုတ်တဲ့ ရေတွေဟာ နည်းအမျိုးမျိုးနဲ့ ရောက်ရှိလာတယ်။ ဒါကြောင့် တစ်နှစ်တစ်ခါ မိုးရာသီရောက်တိုင်း ကန်ထဲကရေတွေကို ရေထိန်းတံခါးတွေ ကနေတစ်ဆင့် လဲလှယ်ပေးရတယ်။ အခုတချို့နေရာတွေမှာ အမှိုက်တွေ စုပြီးရေအရောင်က ရေညှိရောင် ပေါက်လာတယ်"ဟု ရေထုညစ်ညမ်းမှု ဆိုင်ရာလေ့လာနေသူ အင်ဂျင်နီယာ တစ်ဦးက ပြောကြားသည်။ 

    ကန်တော်ကြီးကို ၁၈၁၂ ခုနှစ် တွင် တစ်ဖက်ဆည် ကန်ပေါင်ဖို့ တည်ဆောက်ခဲ့ကာ ရန်ကုန်မြို့၌ အကြီးဆုံးဖြစ်သည့် အင်းလျားကန်ကို ၁၈၉၄ ခုနှစ်၌ တည်ဆောက်ခဲ့ပြီး  အင်္ဂလိပ်အစိုးရ၏ အုပ်ချုပ်ရေး အောက်တွင်ရှိနေစဉ်က ရန်ကုန်မြို့မှ မြို့နေလူထုအတွက် ရေပေးဝေရေး လုပ်ငန်းများတွင် ကန်တော်ကြီးနှင့် အင်းလျားကန်တို့ကို အသုံးပြုခဲ့ကြောင်း သိရှိရသည်။

    ထိုစဉ်က အင်းလျားကန်ဝန်းကျင်သည် အဆောက်အအုံများ များပြားစွာ ဆောက်လုပ်မှုမရှိသေးဘဲ ကန်သို့ လာရောက်ကြသူမှာလည်း နည်းပါးသေးကြောင်း၊ ကန်တော်ကြီးမှာမူ လာရောက်သူ အနည်းငယ် ရှိပြီး ရေထုသန့်ရှင်းမှုဆိုင်ရာ ထိန်းသိမ်းမှုလည်း ကောင်းမွန်ခဲ့မှုကြောင့် ကန်ကြီးနှစ်ခုလုံးသည် မြို့၏ အထင်ကရ ကန်ကြီးများအဖြစ် တည်ရှိလာခဲ့ကြောင်း သိရှိရသည်။

    "အရင်က ရန်ကုန်ကို ရေပေးခဲ့တဲ့ ကန်တော်ကြီးရော အင်းလျားရော အခု ထိန်းသိမ်းမှု နည်းနေတယ်။ ရေဆိုးသန့်စင်မယ့်စနစ်တွေ  ရှိရမယ်။ ရေသေတာ မကောင်းပါဘူး။ ဘေးပတ်ဝန်းကျင်က အိမ် တွေ၊ ဆိုင်တွေက အညစ်အကြေး တွေ၊ စွန့်ပစ်ရေဆိုးတွေက ကန်ထဲ ကိုရောက်ပြီး ကန်ပျက်စီးရတယ်။ ကန်ရေကအောက်မှာ အပုပ်အသိုးများပြီး မီသိန်းဓာတ်တွေ ထွက်လာတော့ ရေပြင်ညစ်ညမ်းတယ်။ ရေနေ သတ္တ၀ါတွေလည်း သေနိုင်တယ်။ နောက်ပြီး ပတ်ဝန်းကျင်မှာလည်း Gas ကြောင့် လေထုညစ်ညမ်းမှုကို ဖြစ်စေနိုင်ပါတယ်"ဟု မြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးအသင်းမှ ဥက္ကဋ္ဌ ဦးစိုးညွန့် က ပြောကြားသည်။
 
ရန်ကုန်မြို့ကန်တော်ကြီး တစ်နေရာကို ဇန်န၀ါရီ လဆန်းပိုင်းက တွေ့ရစဉ်

"ရေပေးဝေရေးမှာ မသုံးတော့ပေမယ့် မြို့ရဲ့ အရန်ကန်အဖြစ်တော့ ထားသင့်တယ်။ မီးရေးထင်းရေးမှာ အသုံးပြုနိုင်တယ်"ဟု ၎င်းက သုံး သပ်ပြောပြသည်။
   ကန်တော်ကြီး၏ ဘက်စုံမြှင့်တင်မှုကို ၂၀၀၃ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ပြီးစီးခဲ့ကာ အဆင့်မြှင့်တင်ပြီးသည့် နောက်ပိုင်း စားသောက်ဆိုင်များ တိုးချဲ့တည်ဆောက်ခွင့်ကို ကန့်သတ်ခဲ့ကြောင်း၊ ကန်ရေပြင် ညစ်ညမ်းမှုရှိလာသည့် အတွက်ဖြစ်ကြောင်း သိရှိရသည်။


“အရင်က ရန်ကုန်ကို ရေပေးခဲ့တဲ့ ကန်တော်ကြီးရော အင်းလျားရော အခု ထိန်းသိမ်းမှု နည်းနေတယ်။ ရေဆိုးသန့်စင်မယ့်စနစ်တွေ  ရှိရမယ်။ ရေသေတာ မကောင်းပါဘူး။ ဘေးပတ်ဝန်းကျင်က အိမ် တွေ၊ ဆိုင်တွေက အညစ်အကြေး တွေ၊ စွန့်ပစ်ရေဆိုးတွေက ကန်ထဲ ကိုရောက်ပြီး ကန်ပျက်စီးရတယ်။ ကန်ရေကအောက်မှာ အပုပ်အသိုးများပြီး မီသိန်းဓာတ်တွေ ထွက်လာတော့”
   ဧရိယာကျယ်ဝန်းသော အင်းလျားကန်တွင်လည်း ကန်ရေပြင်သန့်ရှင်းမှု ထိန်းသိမ်းရေး လျော့နည်းလျက်ရှိကာ ပြည်လမ်းဘက်၌ တည်ရှိသည့်အခြမ်းထက် ကမ္ဘာအေးစေတီလမ်းဘက်ခြမ်းတွင် တည်ရှိသည့် နေရာများတစ်ဝိုက်၌ ထိန်းသိမ်းမှု ပိုမိုလိုအပ်နေကြောင်း ရန်ကုန်မြို့နေသူအချို့က သုံးသပ်ပါသည်။

   လက်ရှိတွင် ကမ္ဘာအေးစေတီ လမ်းဘက်ခြမ်းတွင် တည်ရှိသည့် အင်းလျားကန်ရေပြင်ဝန်းကျင်၌ အဆင့်မြှင့်တင်မှုများ ပြုလုပ်နေပြီး အဆောက်အဦများ တိုးချဲ့တည် ဆောက်မှုရှိနေကာ ယင်းသို့ အ ဆောက်အဦများ များပြားလာမှုနှင့် အတူ ကန်ရေပြင်ထိန်းသိမ်းမှုများ လည်း ပိုမိုလိုအပ်လာမည်ဟု ရန် ကုန်မြို့နေ လေ့လာသူအချို့က သုံး သပ်ကြပါသည်။

   "ကန်ရေညစ်ညမ်းနေတော့ ရေထဲဆင်းလိုက်ရင်ပဲ အသားတွေယားတာမျိုးရှိတယ်။ ကန်က ရေလည်း ညစ်ညမ်း၊ လှပသာယာမှုလည်းမရှိ တော့ဘူး။ မြို့ရဲ့ အဓိက ကန်ကြီးတွေဖြစ်တဲ့အတွက် အပန်းဖြေစခန်း တွေဖြစ်သင့်တယ်။ ထိန်းသိမ်းမှုလည်း ရှိဖို့လိုပါတယ်။ ၀င်ကြေးတွေ ပေးပြီးဝင်သွားရပေမယ့် အထဲမှာတော့ ပန်းခြံက ညစ်ပတ်နေတယ်"ဟု ရန်ကုန်မြို့နေသူတစ်ဦးက ပြောပါသည်။

   ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းတည်ရှိသည့် အင်းလျားကန်သည် ရေဝေရေလဲ ဧရိယာအပါအ၀င်  စတုရန်းမိုင် လေးမိုင်ရှိကြောင်း၊ ကန်တော်ကြီးသည် မြေ ၁၁၁ ဧက၊ ကန်ရေပြင် ဧက ၁၅၀ စုစုပေါင်း ၂၆၁ ဧကရှိပြီး ရေနက်ပိုင်း ပေ ၂၀ ခန့်ရှိကြောင်း သိရှိရသည်။

Source : News-Eleven

(၆၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီး မြစ်ကြီးနားမြို့၌ စည်ကားစွာ ကျင်းပ

(၆၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီးကို မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းတွင် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက် ရှိပါသည်။ မနောပွဲတော် ကျင်းပရာ မနောကွင်း မုခ်ဝ ဖွင့်ပွဲ အခမ်းအနားကို ဇန်န၀ါရီလ ၇ ရက်နေ့ နံနက်ပိုင်းက မဂျွယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ ကချင်ရိုးရာ ယဉ်ကျေးမှု ကော်မတီ၊ မနောပွဲတော် ဖြစ်မြောက်ရေး ကော်မတီတို့မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဇုန်နယ်အလိုက် ရောက်ရှိလာသော လူမျိုးစု အသီးသီး၏ ခေါင်းဆောင်များနှင့် မြစ်ကြီးနားမြို့ပေါ်မှ ပြည်သူလူထု ၇၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
 မနောပွဲတော်နှင့် မနောကွင်း ဖွင့်ပွဲ အခမ်းအနားကို ဇန်န၀ါရီလ ၈ ရက်နေ့တွင် ဆက်လက် ကျင်းပခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ယူနန်ပြည်နယ် နယ်စပ်ဒေသမှ ဧည့်သည်တော်များ၊ မြို့ခံများ တက်ရောက်ခဲ့ကြကာ ကချင်လူမျိုးများ ရိုးရာယဉ် ကျေးမှု ဗဟိုကော်မတီမှ ဦးဆောင်၍ မနောပွဲတော် အဖွင့် မနောအကကို စည်ကားပျော်ရွှင်စွာ ကပြခဲ့ကြ သည်။

မနောပွဲတော် ကျင်းပခြင်း၏ ရည်ရွယ်ချက်နှင့် သမိုင်းအကျဉ်း အနေဖြင့် ရှေးယခင်က ကချင်ဒူဝါကြီးများသည် မိမိတို့ နယ်မြေအတွင်း ဆန်ရေစပါး ပေါကြွယ်ဝ၍ ငြိမ်းချမ်းသော အခြေအနေတွင် ရပ်ဝေးမှ ဆွေမျိုးသားချင်းများ၊ ညီအစ်ကိုမောင်နှ မများကို ပြန်လည်စုစည်းကာ ချစ်ကြည်ရင်းနှီးစွာ ကခုန်နိုင်သော မနောပွဲများကို ကျင်းပခဲ့ကြရာတွင် နယ်မြေအတွင်း ရန်ဘက်ဖြစ်ခဲ့ကြဖူးသော သားချင်းများနှင့်ပါ အတူလက်တွဲ စားသောက်ကခုန်၍ စည်းလုံးညီညွတ်မှုကို ပြန်လည် ရယူနိုင်ခဲ့ကြ ကြောင်း၊ ကချင်ရိုးရာ ယဉ်ကျေးမှုသမိုင်းတွင် မလိခူးမဂျွယ်၊ ကျိုင်ခူးမဂျွယ်၊ ခမ်ခူးမဂျွယ် စသော မနောပွဲများမှာ သမိုင်းတွင် ထင်ရှားခဲ့သော မနောပွဲများ ဖြစ်ခဲ့ကြကြောင်း သိရသည်။ ခေတ်သစ်ရိုးရာ မနောပွဲများကို မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ သော ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှ စတင်ကာ စီတာပူ မနောကွင်းတွင် နှစ်စဉ်မပြတ် ကျင်းပလာခဲ့ရာ ကချင်ရိုးရာ ပွဲတော်နှင့် ကချင်ပြည်နယ်နေ့သည် ခွဲခြားမရနိုင်သော ပြည်နယ်၏ အထိမ်းအမှတ် သင်္ကေတတစ်ခုသဖွယ် ဖြစ်လာခဲ့ကြောင်း သိရှိရသည်။
 မနောပွဲတော် ကျင်းပစဉ် ရက်များအတွင်း ကချင်ပြည်နယ် အတွင်းရှိ ဇုန်နယ်များအလိုက် ကချင်ရိုးရာ ယဉ်ကျေးမှု ကော်မတီများက ဦးဆောင်ကာ ဒေသအသီးသီးမှ လူမျိုးစုများ သာမကဘဲ ရန်ကုန်၊ မန္တလေး၊ မြို့ကြီးများမှ ကချင်တိုင်းရင်းသား များပါ လာရောက်ကြကာ မနောပွဲတော်ကို ပျော်ရွှင်ကာ ဆင်နွှဲလျက် ရှိကြကြောင်း၊ ရိုးရာသီချင်းဆို ပြိုင်ပွဲနှင့် ရိုးရာအက ပဒေသာပွဲ၊ Iron Cross တေးဂီတအဖွဲ့၏ ဖျော်ဖြေမှု၊ အခြား ပျော်ပွဲရွှင်ပွဲများ၊ မီးပုံပွဲများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Source : news-eleven

Saturday, January 08, 2011

မြန်မာနိုင်ငံ အထက်ပိုင်း ဘုရားဖူး ခရီးစဉ်တွင် စစ်ကိုင်းတိုင်း ဒေသကြီး မြောင်မြို့ ဆင်ခေါင်းတောင်ရှိ ကျောက်နဂါး ပါဝင်လာ

စစ်ကိုင်းခရိုင် မြောင်မြို့  ဆင်ခေါင်းတောင်ရှိ ကျောက်နဂါးသည် မြန်မာနိုင်ငံ အထက်ပိုင်း ဘုရားဖူးခရီးစဉ်များတွင် မန္တလေးမြို့ နှင့်အနီးတစ်ဝိုက်၊ စစ်ကိုင်းတောင်၊ ကောင်းမှုတော်၊ ကံတလူဘုရားများ၊ ဘုရားဖူး ခရီးစဉ်တွင် ဆင်ခေါင်းတောင်ရှိ ကျောက်နဂါးသို့ ၀င်ရောက်ပြီး အဓိဋ္ဌာန်ဝင်ကြသည့် ခရီးစဉ်လည်း ပါဝင်လာကြောင်း သိရသည်။

အလောင်းတော်ကဿပ၊ ဖိုလ်ဝင်တောင်၊ မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားဖူး ခရီးစဉ်တွင် မုံရွာ-မန္တလေး ကားလမ်းမမှ မြောင်မြို့သို့ (၇)မိုင်ဟူသော လမ်းညွှန်ဆိုင်းဘုတ်ဖြင့် ကား၊ ဆိုင်ကယ်၊ ထွေလာဂျီများနှင့် ရောက်ရှိနိုင်သော နေရာတစ်ခု ဖြစ်သည်။

ဆင်ခေါင်းတောင်ရှိ ကျောက်နဂါးကြီးကို ၂၀၀၄ ခုနှစ် မတ်လ ၁၉ ရက်နေ့က ဘိုးမင်းခေါင် ကိုယ်ပွားပုံတော်အတွက် ကျောက်ဖျာရှာရင်း တူးဖော် ရရှိခဲ့ကြောင်း၊ အရှည် ၆၅ ပေရှိ အင်ကြင်ကျောက်ကြီး ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း လေးသန်းခန့် အင်ကြင်းပင်ကြီး လဲကျရာမှ ဖြစ်ပေါ်ခဲ့သော ပရိုင်းမိတ် အင်ကြင်းကျောက်ဖြစ် ရုပ်ကြွင်း ဖြစ်ကြောင်း ရှေးဟောင်းသုတေသီများ ခန့်မှန်းချက်အရ သိရှိရပါသည်။
 ကျောက်နဂါးကြီးမှာ အနောက်မှ အရှေ့သို့ တွားသွားနေဟန် သဘာဝအတွန့် ခုနစ်တွန့် ပါရှိပြီး မိမိလာရာလမ်းကြောင်းကို သုံးသပ်သည့် ဟန်ဖြင့် ဦးခေါင်းနောက်ပြန်လှည့် ကြည့်သည့် အနေအထား ဖြစ်နေကြောင်း သိရှိရသည်။

ယခုအခါ မြန်မာနိုင်ငံ အရပ်ရပ်မှ ဘုရားဖူးခရီးသည်များ နေ့စဉ်လာရောက် အဓိဋ္ဌာန်ဝင်ကြကြောင်း၊ သီရိလင်္ကာ၊ တရုတ်(တိုင်ပေ)၊ သြစတြေးလျ၊ အမေရိကန်နှင့် ယူနန် ပြည်တို့မှ ကမ္ဘာလှည့် ခရီးသည်များ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ် တွဲ လာရောက် လေ့လာကြကြောင်း သိရှိရသည်။

Source : News-Eleven

Friday, January 07, 2011

MAI ပိုင်ဆိုင်ရေး ကမ္ဘောဇနှင့် စီဘီဘဏ် အငြင်းပွား

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (Myanmar Airways International-MAI) ကို ၀ယ်ယူခဲ့သည့် ကမ္ဘောဇဘဏ်နှင့် သမဝါယမဘဏ် (စီဘီဘဏ်) အပါအဝင် စီးပွားရေး အုပ်စုများအကြား ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပွားနေသည်။
 
MAI လေကြောင်းလိုင်းကို အစိုးရထံမှ  ကမ္ဘောဇဘဏ်၊ စီဘီဘဏ်နှင့် ထွန်းဖောင်ဒေးရှင်း ဘဏ်တို့က အစုရှယ်ယာ အသီးသီး ထည့်ဝင်၍ ယမန်နှစ်က ၀ယ်ယူခဲ့ကြောင်း၊ သို့သော် ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်းက ယခုအခါ ၎င်းတဦးတည်းပိုင် ပြုလုပ်လိုသည်ဟု ပြောကြားသည့်အတွက် အငြင်းပွားမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း စီဘီဘဏ်နှင့် နီးစပ်သည့် အမည်မဖော်လိုသူ စီးပွားရေး လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

“ကမ္ဘောဇဘဏ်က အဓိကရှယ်ယာ ပါတယ်။ စီဘီဘဏ်က ဒုတိယအများဆုံး။ အခု ပြည်တွင်းလေကြောင်းလိုင်း အသစ်ပြေးဆွဲခွင့်ပါ ထပ်ချပေးတော့ ဦးအောင်ကိုဝင်းက သူတယောက်တည်း လုပ်မယ်ဆိုပြီး ရှယ်ယာတွေကို ပြန်အမ်းဖို့လုပ်တာ” ဟု ၎င်းက ဆိုသည်။

ကမ္ဘောဇဘဏ် ပိုင်ရှင် ဦးအောင်ကိုဝင်းမှာ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သူဟု လူသိများပြီး စီဘီဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးမှာ တောင်ငူ အခြေစိုက် ကေတုမတီအုပ်စု ပဲရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးဖြစ်ကြောင်း၊ ယမန်နှစ် နှစ်ဆန်းပိုင်းတွင် MAI လေကြောင်းလိုင်းကို ၀ယ်ယူရာတွင် ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခင်က နိုင်ငံပိုင်လေကြောင်းလိုင်း MAI သည် ၁၉၉၃ ခုနှစ်တွင် စစ်အစိုးရမှ ၅၁ ရာခိုင်နှုန်း၊ စင်ကာပူ အခြေစိုက် Highsonic Enterprises က ၄၁ ရာခိုင်နှုန်း ငွေကြေးထည့်ဝင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

MAI လေကြောင်းလိုင်းသည် ပြည်ပခရီးစဉ်များ ပျံသန်းခွင့်ရရှိသည့်အပြင် Ground Handling ခေါ် ပြည်ပမှ ဆင်းသက်သည့် လေယာဉ်များကို အခွန်ကောက်ယူခွင့်အပြင် ခရီးသည် ၀န်ဆောင်မှုနှင့် လေဆိပ်လုပ်ငန်းများကို ရန်ကုန်နှင့် မန္တလေး လေဆိပ်များတွင် လုပ်ကိုင်ခွင့်ရရှိခဲ့သည်။

ယခုအခါ ကမ္ဘောဇဘဏ်နှင့် စီဘီဘဏ်တို့ အနေဖြင့် ၀င်ငွေကောင်းသည့် အဆိုပါ Ground Handling ခေါ် ၀န်ဆောင်မှုလုပ်ငန်းများကို လုပ်ပိုင်ခွင့်မရှိတော့ဘဲ ပြည်တွင်းလေကြောင်းလိုင်းအသစ်ကိုသာ လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ  Ground Handling ခေါ် ၀န်ဆောင်မှု လုပ်ငန်းများကို ယခုအခါ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် နီးစပ်သည့် အေးရှားဝေါလ်ကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားပြီး တနှစ်လျှင် အမေရိကန် ဒေါ်လာ ၆ သန်းခန့် ဝင်ငွေရရှိနေသည်ဟု Air Bagan လေကြောင်းလိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

အတည်မပြုနိုင်သော သတင်းများအရ  MAI  လေကြောင်းလိုင်းကို ကမ္ဘောဇဘဏ်နှင့် စီဘီဘဏ်တို့ ၀ယ်ယူရာတွင် စီဘီဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် ရင်းနှီးသည့် “၀” ပြည်သွေး စည်း ညီညွတ်ရေးတပ် (UWSA) ခေါင်းဆောင် ဦးပေါက်ယူချန်း၏ သားမက် “၀” စီးပွားရေးလုပ်ငန်းရှင် ဦးအိုက်ဟော့ ခေါ် စိုင်းဟော့က နောက်ကွယ်မှ ငွေကြေးထည့်ဝင်ထားကြောင်း စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး အသိုင်းအ၀န်းတွင် ပြောဆိုနေကြသည်။

ယမန်နှစ် နိုဝင်ဘာလ အတွင်းကလည်း ရန်ကုန်အဲယားဝေးအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ လေယာဉ်ခရီး စဉ် တိုးချဲ့ပျံသန်းရန် လုပ်ကိုင်နေစဉ် လေယာဉ်ပျံသန်း ပြေးဆွဲခွင့်လက်မှတ် (Aircraft Operator Certificate) မရှိဟူသော အကြောင်းပြချက်ဖြင့် ဖျက်သိမ်းခြင်းခံခဲ့ရသည်။

ထိုသို့ ဖျက်သိမ်းခြင်းမှာလည်း UWSA အဖွဲ့နှင့် ပတ်သက်၍ စစ်အစိုးရက ဖျက်သိမ်းခြင်းဖြစ်သည်ဟု ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းတွင် ပြောဆိုမှုများရှိခဲ့သည်။

မြန်မာနိုင်ငံတွင် အစိုးရပိုင် လေကြောင်းလိုင်းကို ၁၉၅၀ ခုနှစ်မှ ဖဆပလ အစိုးရလက်ထက်တွင် စတင်ပြေးဆွဲခဲ့ပြီး Union of Burma Airways (UBA) ဟု အမည်တွင်ခဲ့သည် ၁၉၇၀ ခုနှစ် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အုပ်ချုပ်စဉ်က Burma Airways Corporation (BAC) ပြောင်းလဲခဲ့ပြီး ၁၉၈၈ ခုနှစ်မှစ၍ စစ်အစိုးရကMyanma Airways (MA) ဟု ထပ်မံပြောင်းလဲခဲ့ပြီး ပြည်တွင်းခရီးစဉ်များကို ပြေးဆွဲသည်။

လက်ရှိ ပြေးဆွဲနေသည့် ပုဂ္ဂလိက လေကြောင်းလိုင်းများမှာ ဦးတေဇပိုင် Air Bagan ၊ ဦးအောင်ကိုဝင်း၏ MAI လေကြောင်းလိုင်းနှင့် Air Mandalay လေကြောင်းလိုင်းတို့ ဖြစ်ပြီး ပြည်တွင်း ပြည်ပသို့ ပြေးဆွဲလျက်ရှိသည်။

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများသည် လေကြောင်းလိုင်းများကို ဖွင့်လှစ်ပြေးဆွဲနေသော်လည်း အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် လေယာဉ်အပိုပစ္စည်းများ ၀ယ်ယူရန် ခက်ခဲသည့်အပြင် ခရီးသည်လည်း နည်းပါးသည့်အတွက် စီးပွားရေးအရ တွက်ခြေမကိုက်ဘဲ အရှုံးပေါ်နေကြောင်း Air Bagan လေကြောင်းလိုင်းနှင့် နီးစပ်သူက ပြောသည်။

Source : Irrawaddy

Thursday, January 06, 2011

နိုင်ငံနယ်မြေဧရိယာ ၁၀ ရာခိုင်နှုန်း နီးပါးပါဝင်သည့် အပူပိုင်းဒေသ၏ သစ်တောပြုန်းတီးမှုမှာ အဓိကအားဖြင့် လူတို့ ပြုလုပ်သောကြောင့် ဖြစ်ကြောင်းသိရ

အပူပိုင်းဒေသသည် စုစုပေါင်း နိုင်ငံနယ်မြေဧရိယာ၏ ၁၀ ရာခိုင်နှုန်း နီးပါးရှိပြီး ယခင်က သစ်တောများ ထူထပ်စွာ ပေါက်ရောက်သည့် နယ်မြေဒေသတစ်ခု ဖြစ်သော်လည်း ၁၁ ရာစုမှစတင်၍ ထင်းရရှိရေးအတွက် သစ်တောများကို အများအပြားခုတ်လှဲခဲ့ရာမှ သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

    မြန်မာနိုင်ငံ၏ အပူပိုင်းဒေသ၌ နိုင်ငံအလယ်ပိုင်းဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း) တို့ပါဝင်ကြောင်း သိရှိရပါသည်။
    မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး(အောက်ပိုင်း) ဒေသများ၌ လူဦးရေသိပ်သည်းလာမှုနှင့်အတူ စိုက်ပျိုးမြေတိုးချဲ့လာမှု၊ မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်လာမှုနှင့် လောင်စာအဖြစ် ထင်းရရှိရေးအတွက် သစ်တောများ အများအပြား ခုတ်လှဲလာမှုတို့ကြောင့် သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်လာခြင်းများ ဖြစ်ကြောင်း သိရှိရပါသည်။
    အဆိုပါဒေသတွင် တစ်နိုင်ငံလုံး၏ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ အနက်သိုးမွေးမြူမှု ၉၉ ဒသမ ၆ ရာခိုင်နှုန်း၊ ဆိတ်မွေးမြူမှု ၇၁ ရာခိုင်နှုန်းနှင့် ကျွဲနွားမွေးမြူမှု ၄၀ ရာခိုင်နှုန်းတို့ ရှိပြီး မွေးမြူရေး တိရစ္ဆာန်အရေအတွက် တိုးတက်များ ပြားလာခြင်းနှင့်အတူ မြက်နှင့်အခြား အပင်အမျိုးမျိုး စားသုံးမှုများလာခြင်း၊ သဘာဝအလျောက် ပြန်လည်ပေါက်ရောက်နေသည့် အပင်များကို တိရစ္ဆာန်များ နင်းချေခြင်းတို့ကြောင့် သဘာဝအရင်းအမြစ် ဆုံးရှုံးမှုများ လည်းရှိကြောင်း သိရှိရပါသည်။

     အပူပိုင်းဒေသမှာ မိုးနည်းရေ ရှားရပ်ဝန်း (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း မိုးနည်းရေရှား ရပ်ဝန်း၌ပါဝင်ပြီး နှစ်စဉ်ပျမ်းမျှမိုးရွာသွန်းမှုမှာ ၁၀၀၀ မီလီမီတာအောက်တွင်ရှိ ကြောင်း သိရှိရပါသည်။
   အပူပိုင်း ဒေသနယ်နိမိတ်များ တွင် ခြောက်သွေ့အပူပိုင်းအပင်ပု၊ အပင်ပြတ်၊ ဆာဗားနားအပင်များ၊ မြက်များနှင့်ရွက်ကြွေပင်များ စဉ်ဆက်မပြတ် ပေါက်ရောက်လေ့ရှိပြီး ယခုအခါ အပူပိုင်းဒေသ စိမ်းလန်း စိုပြေရေး လုပ်ငန်းအစီအစဉ်အရ သစ်တောပြန်လည် စိုက်ပျိုးရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

    အပူပိုင်းဒေသသည် စုစုပေါင်း နိုင်ငံနယ်မြေဧရိယာ၏ ၁၀ ရာခိုင်နှုန်း နီးပါးရှိပြီး ယခင်က သစ်တောများ ထူထပ်စွာ ပေါက်ရောက်သည့် နယ်မြေဒေသတစ်ခု ဖြစ်သော်လည်း ၁၁ ရာစုမှစတင်၍ ထင်းရရှိရေးအတွက် သစ်တောများကို အများအပြားခုတ်လှဲခဲ့ရာမှ သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
    မြန်မာနိုင်ငံ၏ အပူပိုင်းဒေသ၌ နိုင်ငံအလယ်ပိုင်းဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း) တို့ပါဝင်ကြောင်း သိရှိရပါသည်။
   မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး(အောက်ပိုင်း) ဒေသများ၌ လူဦးရေသိပ်သည်းလာမှုနှင့်အတူ စိုက်ပျိုးမြေတိုးချဲ့လာမှု၊ မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်လာမှုနှင့် လောင်စာအဖြစ် ထင်းရရှိရေးအတွက် သစ်တောများ အများအပြား ခုတ်လှဲလာမှုတို့ကြောင့် သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်လာခြင်းများ ဖြစ်ကြောင်း သိရှိရပါသည်။
    အဆိုပါဒေသတွင်တစ်နိုင်ငံလုံး၏ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ အနက်သိုးမွေးမြူမှု ၉၉ ဒသမ ၆ ရာခိုင်နှုန်း၊ ဆိတ်မွေးမြူမှု ၇၁ ရာခိုင်နှုန်းနှင့် ကျွဲနွားမွေးမြူမှု ၄၀ ရာခိုင်နှုန်းတို့ ရှိပြီး မွေးမြူရေး တိရစ္ဆာန်အရေအတွက် တိုးတက်များ ပြားလာခြင်းနှင့်အတူ မြက်နှင့်အခြား အပင်အမျိုးမျိုး စားသုံးမှုများလာခြင်း၊ သဘာဝအလျောက် ပြန်လည်ပေါက်ရောက်နေသည့် အပင်များကို တိရစ္ဆာန်များ နင်းချေခြင်းတို့ကြောင့် သဘာဝအရင်းအမြစ် ဆုံးရှုံးမှုများ လည်းရှိကြောင်း သိရှိရပါသည်။

    အပူပိုင်းဒေသမှာ မိုးနည်းရေ ရှားရပ်ဝန်း (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း မိုးနည်းရေရှား ရပ်ဝန်း၌ပါဝင်ပြီး နှစ်စဉ်ပျမ်းမျှမိုးရွာသွန်းမှုမှာ ၁၀၀၀ မီလီမီတာအောက်တွင်ရှိ ကြောင်း သိရှိရပါသည်။
   အပူပိုင်း ဒေသနယ်နိမိတ်များ တွင် ခြောက်သွေ့အပူပိုင်းအပင်ပု၊ အပင်ပြတ်၊ ဆာဗားနားအပင်များ၊ မြက်များနှင့်ရွက်ကြွေပင်များ စဉ်ဆက်မပြတ် ပေါက်ရောက်လေ့ရှိပြီး ယခုအခါ အပူပိုင်းဒေသ စိမ်းလန်း စိုပြေရေး လုပ်ငန်းအစီအစဉ်အရ သစ်တောပြန်လည် စိုက်ပျိုးရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Source : News-Eleven