Thursday, January 20, 2011

ဧရာဝတီမြစ်၏ ရေအရင်းအမြစ်များ တည်ရှိရာ ရေခဲတောင်ဒေသ၌ ယခင်နှစ်ကကဲ့သို့ပင် လက်ရှိတွင်လည်း ရေခဲကျဆင်းမှု ကောင်းမွန်နေ

ဧရာဝတီမြစ်၏ ရေအရင်းအမြစ်များ တည်ရှိရာ မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ရေခဲတောင်ဒေသ၌ ပြီးခဲ့သည့်နှစ်က ရေခဲများပုံမှန်အချိန်တွင် ကျဆင်းခဲ့ပြီး လက်ရှိတွင်လည်း ရေခဲကျရောက်မှု ကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိသည်။

    ရေခဲတောင်ဒေသတွင် နှစ်စဉ် နိုဝင်ဘာလ၀န်းကျင်တွင် ရေခဲများ စတင်ကျဆင်းလေ့ရှိပြီး နောက်တစ်နှစ် ဧပြီလ၀န်းကျင် ရာသီဥတု ပူနွေးလာချိန်တွင် ရေခဲများအရည်ပျော်လေ့ရှိကြောင်း၊ အဆိုပါရေများသည် အရင်းအမြစ်များအဖြစ်ချောင်းနှင့် မြစ်လက်တက်များမှတစ်ဆင့် ဧရာဝတီမြစ်အတွင်းသို့ ရောက်ရှိလေ့ရှိကြောင်း သိရှိရသည်။

    "၂၀၁၀ ပြည့်နှစ်ထဲမှာ နိုဝင်ဘာလ ပထမပတ်ထဲရောက်တာနဲ့ ရေခဲစကျတယ်။ ပုံမှန်အချိန်ပါပဲ။ ရေခဲကျတာလည်း ကောင်းမွန်ပါတယ်။ အအေးလည်း ပိုပါတယ်။ မလိ ရေခဲတောင်ကို တက်ခဲ့တဲ့ခရီးမှာ ပေ ၆၀၀၀ အမြင့်မှာရှိတဲ့ ရွာမှာ ညအိပ်ပြီးနောက်တစ်ရက် ပေ ၉၀၀၀ အရောက်မှာ ရေခဲစတွေ့ရတယ်။ တောင်ထိပ်ရောက်တော့ ရေခဲလည်း တော် တော်ထူတာတွေ့ရတယ်"ဟု မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်မှ အဖွဲ့ဝင် တစ်ဦးက ပြောပြသည်။
 ကချင်ပြည်နယ်အတွင်းရှိ မလိရေခဲတောင်ဝန်းကျင်ကို ၂၀၁၀ပြည့်နှစ် ၀န်းကျင်ကတွေ့ရစဉ်
 
   ၂၀၀၈ ခုနှစ်သည် ရေခဲကျဆင်းမှု နောက်ကျခဲ့သော နှစ်တစ်နှစ်ဖြစ်ပြီး ဒီဇင်ဘာလသို့ရောက်ရှိမှ ရေခဲကျဆင်းလာခဲ့သည်။ ၂၀၀၉ ခုနှစ် နှစ်ဦးပိုင်းတွင် ရေခဲဆက်လက်ကျ ဆင်းခဲ့သော်လည်း ရေခဲနည်းပါးခဲ့ ကာ ဇန်န၀ါရီလကျော်လွန်သည်နှင့် ရေခဲအရည်ပျော်မှုကို စတင်ကြုံတွေ့ခဲ့ရကြောင်း သိရှိရသည်။

   မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ရေခဲတောင်ဒေသမှ စတင်စီးဆင်းလာသည့် ပူတာအိုမြို့နယ် ဇီယာဒမ်းရွာ အနောက်ဘက်မှ ချောင်းငယ်များသည် မလိခမြစ်အတွင်းသို့ စီးဝင်နေပြီး ခါကာဘိုဒေသဘက်မှ ချောင်းငယ်များမှာ မေခမြစ်အတွင်းသို့စီးဝင်ကာ အဆိုပါမြစ်နှစ်ခု ပေါင်းဆုံရာမှ ဧရာဝတီမြစ် ဖြစ်ပေါ်လာသည်။ ရေခဲကျဆင်းမှု နည်းပါးခဲ့သည့် ၂၀၀၉ ခုနှစ်သည် မိုးလည်း နည်းပါးခဲ့သည့်အတွက် ဧရာဝတီမြစ်တွင် ရေနည်းပါးမှု၊ မြစ်ရေကြီးမှု မရှိသလောက် နည်းပါးမှုတို့ကို ရင်ဆိုင်ခဲ့ရကြောင်း သိရှိရသည်။

    "ဒီနှစ်ရေခဲကျတာတော့ ကောင်းတယ်။ ဒီလိုပဲ ရေဝေရေလဲဒေသ မြစ်အထက်ပိုင်းမှာ မိုးရွာသွန်းမှု ကောင်းမယ်ဆိုရင်တော့ ဒီနှစ်မြစ်တွေမှာ ရေပုံမှန်ရှိမှာပဲ။ အခုနောက်ပိုင်းနှစ်တွေမှာတော့ ရေခဲကျတာနည်း၊ မနည်း၊ မိုးများ၊ မများ ဆိုတဲ့အပေါ်မှာ ဧရာဝတီမြစ်ရဲ့အနေ အထားက မူတည်နေပါတယ်။ ရေခဲတောင်ရဲ့ သဘာဝပတ်ဝန်းကျင် အပြောင်းအလဲကလည်း လေ့လာမှု ပြုသင့်တဲ့အကြောင်းအရာ တစ်ခုဖြစ်နေပါပြီ"ဟု ရေခဲတောင်ဒေသ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာသူတစ်ဦးက ပြောပါသည်။

    ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်စသော မြန်မာနိုင်ငံ၏ အဓိကမြစ် ကြီးများသည် ယခုနောက်ပိုင်းနှစ်များတွင် သဘာဝပတ်ဝန်းကျင် အပြောင်းအလဲနှင့် မြစ်ကြောင်း ပြောင်းလဲမှုတို့ သိသာလာပြီး သောင်ထွန်းမှုများလည်း ကျယ်ပြန့်လျက်ရှိကာ မြစ်ရေကျဆင်းချိန်မှာလည်း စောလာခဲ့သည်ဟု သိရှိရသည်။

Source : News-Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.