Tuesday, January 11, 2011

ရန်ကုန်မြို့၏အဓိက ကန်ကြီးနှစ်ခုဖြစ်သော ကန်တော်ကြီး နှင့်အင်းလျားကန်တို့၌ ရေထုသန့်ရှင်းမှုဆိုင်ရာ ထိန်းသိမ်းမှု ကျဆင်းလာသည့်အတွက် ရေထုညစ်ညမ်းခြင်းကို ရင်ဆိုင်လာရ

ရန်ကုန်မြို့၏အဓိက ကန်ကြီးနှစ်ကန်ဖြစ်သော ကန်တော်ကြီးနှင့်  အင်းလျားကန်တို့တွင် ရေထုသန့်ရှင်းမှု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှု ကျဆင်းလာသည့်အတွက် ရေထုညစ်ညမ်းခြင်းကို ရင်ဆိုင်လာရကြောင်း သတင်းရရှိပါသည်။

   ယခင်က ရန်ကုန်မြို့ရှိ မြို့နေလူထုအတွက် ရေပေးဝေရာတွင် အသုံးပြုခဲ့သော ကန်ကြီးများသည် လက်ရှိတွင် ရေထုညစ်ညမ်းမှု၊ ရေ၏ အရောင်ပြောင်းလဲမှု၊ အောက်ဆီဂျင်နည်းပါး၍ ရေနေသတ္တ၀ါများ ထိခိုက်ပျက်စီးမှုတို့ကို ရင်ဆိုင်လာ ရကြောင်း သိရှိရသည်။

    "ကန်တော်ကြီးက အရင်က ရေပေးဝေတဲ့နေရာ ဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် အခုအချိန်မှာဆိုရင် ပတ်ဝန်းကျင်မှာ လူနေထူထပ်လာတဲ့ အတွက် လူနေအိမ်တွေက စွန့်ထုတ်တဲ့ ရေတွေဟာ နည်းအမျိုးမျိုးနဲ့ ရောက်ရှိလာတယ်။ ဒါကြောင့် တစ်နှစ်တစ်ခါ မိုးရာသီရောက်တိုင်း ကန်ထဲကရေတွေကို ရေထိန်းတံခါးတွေ ကနေတစ်ဆင့် လဲလှယ်ပေးရတယ်။ အခုတချို့နေရာတွေမှာ အမှိုက်တွေ စုပြီးရေအရောင်က ရေညှိရောင် ပေါက်လာတယ်"ဟု ရေထုညစ်ညမ်းမှု ဆိုင်ရာလေ့လာနေသူ အင်ဂျင်နီယာ တစ်ဦးက ပြောကြားသည်။ 

    ကန်တော်ကြီးကို ၁၈၁၂ ခုနှစ် တွင် တစ်ဖက်ဆည် ကန်ပေါင်ဖို့ တည်ဆောက်ခဲ့ကာ ရန်ကုန်မြို့၌ အကြီးဆုံးဖြစ်သည့် အင်းလျားကန်ကို ၁၈၉၄ ခုနှစ်၌ တည်ဆောက်ခဲ့ပြီး  အင်္ဂလိပ်အစိုးရ၏ အုပ်ချုပ်ရေး အောက်တွင်ရှိနေစဉ်က ရန်ကုန်မြို့မှ မြို့နေလူထုအတွက် ရေပေးဝေရေး လုပ်ငန်းများတွင် ကန်တော်ကြီးနှင့် အင်းလျားကန်တို့ကို အသုံးပြုခဲ့ကြောင်း သိရှိရသည်။

    ထိုစဉ်က အင်းလျားကန်ဝန်းကျင်သည် အဆောက်အအုံများ များပြားစွာ ဆောက်လုပ်မှုမရှိသေးဘဲ ကန်သို့ လာရောက်ကြသူမှာလည်း နည်းပါးသေးကြောင်း၊ ကန်တော်ကြီးမှာမူ လာရောက်သူ အနည်းငယ် ရှိပြီး ရေထုသန့်ရှင်းမှုဆိုင်ရာ ထိန်းသိမ်းမှုလည်း ကောင်းမွန်ခဲ့မှုကြောင့် ကန်ကြီးနှစ်ခုလုံးသည် မြို့၏ အထင်ကရ ကန်ကြီးများအဖြစ် တည်ရှိလာခဲ့ကြောင်း သိရှိရသည်။

    "အရင်က ရန်ကုန်ကို ရေပေးခဲ့တဲ့ ကန်တော်ကြီးရော အင်းလျားရော အခု ထိန်းသိမ်းမှု နည်းနေတယ်။ ရေဆိုးသန့်စင်မယ့်စနစ်တွေ  ရှိရမယ်။ ရေသေတာ မကောင်းပါဘူး။ ဘေးပတ်ဝန်းကျင်က အိမ် တွေ၊ ဆိုင်တွေက အညစ်အကြေး တွေ၊ စွန့်ပစ်ရေဆိုးတွေက ကန်ထဲ ကိုရောက်ပြီး ကန်ပျက်စီးရတယ်။ ကန်ရေကအောက်မှာ အပုပ်အသိုးများပြီး မီသိန်းဓာတ်တွေ ထွက်လာတော့ ရေပြင်ညစ်ညမ်းတယ်။ ရေနေ သတ္တ၀ါတွေလည်း သေနိုင်တယ်။ နောက်ပြီး ပတ်ဝန်းကျင်မှာလည်း Gas ကြောင့် လေထုညစ်ညမ်းမှုကို ဖြစ်စေနိုင်ပါတယ်"ဟု မြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးအသင်းမှ ဥက္ကဋ္ဌ ဦးစိုးညွန့် က ပြောကြားသည်။
 
ရန်ကုန်မြို့ကန်တော်ကြီး တစ်နေရာကို ဇန်န၀ါရီ လဆန်းပိုင်းက တွေ့ရစဉ်

"ရေပေးဝေရေးမှာ မသုံးတော့ပေမယ့် မြို့ရဲ့ အရန်ကန်အဖြစ်တော့ ထားသင့်တယ်။ မီးရေးထင်းရေးမှာ အသုံးပြုနိုင်တယ်"ဟု ၎င်းက သုံး သပ်ပြောပြသည်။
   ကန်တော်ကြီး၏ ဘက်စုံမြှင့်တင်မှုကို ၂၀၀၃ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ပြီးစီးခဲ့ကာ အဆင့်မြှင့်တင်ပြီးသည့် နောက်ပိုင်း စားသောက်ဆိုင်များ တိုးချဲ့တည်ဆောက်ခွင့်ကို ကန့်သတ်ခဲ့ကြောင်း၊ ကန်ရေပြင် ညစ်ညမ်းမှုရှိလာသည့် အတွက်ဖြစ်ကြောင်း သိရှိရသည်။


“အရင်က ရန်ကုန်ကို ရေပေးခဲ့တဲ့ ကန်တော်ကြီးရော အင်းလျားရော အခု ထိန်းသိမ်းမှု နည်းနေတယ်။ ရေဆိုးသန့်စင်မယ့်စနစ်တွေ  ရှိရမယ်။ ရေသေတာ မကောင်းပါဘူး။ ဘေးပတ်ဝန်းကျင်က အိမ် တွေ၊ ဆိုင်တွေက အညစ်အကြေး တွေ၊ စွန့်ပစ်ရေဆိုးတွေက ကန်ထဲ ကိုရောက်ပြီး ကန်ပျက်စီးရတယ်။ ကန်ရေကအောက်မှာ အပုပ်အသိုးများပြီး မီသိန်းဓာတ်တွေ ထွက်လာတော့”
   ဧရိယာကျယ်ဝန်းသော အင်းလျားကန်တွင်လည်း ကန်ရေပြင်သန့်ရှင်းမှု ထိန်းသိမ်းရေး လျော့နည်းလျက်ရှိကာ ပြည်လမ်းဘက်၌ တည်ရှိသည့်အခြမ်းထက် ကမ္ဘာအေးစေတီလမ်းဘက်ခြမ်းတွင် တည်ရှိသည့် နေရာများတစ်ဝိုက်၌ ထိန်းသိမ်းမှု ပိုမိုလိုအပ်နေကြောင်း ရန်ကုန်မြို့နေသူအချို့က သုံးသပ်ပါသည်။

   လက်ရှိတွင် ကမ္ဘာအေးစေတီ လမ်းဘက်ခြမ်းတွင် တည်ရှိသည့် အင်းလျားကန်ရေပြင်ဝန်းကျင်၌ အဆင့်မြှင့်တင်မှုများ ပြုလုပ်နေပြီး အဆောက်အဦများ တိုးချဲ့တည် ဆောက်မှုရှိနေကာ ယင်းသို့ အ ဆောက်အဦများ များပြားလာမှုနှင့် အတူ ကန်ရေပြင်ထိန်းသိမ်းမှုများ လည်း ပိုမိုလိုအပ်လာမည်ဟု ရန် ကုန်မြို့နေ လေ့လာသူအချို့က သုံး သပ်ကြပါသည်။

   "ကန်ရေညစ်ညမ်းနေတော့ ရေထဲဆင်းလိုက်ရင်ပဲ အသားတွေယားတာမျိုးရှိတယ်။ ကန်က ရေလည်း ညစ်ညမ်း၊ လှပသာယာမှုလည်းမရှိ တော့ဘူး။ မြို့ရဲ့ အဓိက ကန်ကြီးတွေဖြစ်တဲ့အတွက် အပန်းဖြေစခန်း တွေဖြစ်သင့်တယ်။ ထိန်းသိမ်းမှုလည်း ရှိဖို့လိုပါတယ်။ ၀င်ကြေးတွေ ပေးပြီးဝင်သွားရပေမယ့် အထဲမှာတော့ ပန်းခြံက ညစ်ပတ်နေတယ်"ဟု ရန်ကုန်မြို့နေသူတစ်ဦးက ပြောပါသည်။

   ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းတည်ရှိသည့် အင်းလျားကန်သည် ရေဝေရေလဲ ဧရိယာအပါအ၀င်  စတုရန်းမိုင် လေးမိုင်ရှိကြောင်း၊ ကန်တော်ကြီးသည် မြေ ၁၁၁ ဧက၊ ကန်ရေပြင် ဧက ၁၅၀ စုစုပေါင်း ၂၆၁ ဧကရှိပြီး ရေနက်ပိုင်း ပေ ၂၀ ခန့်ရှိကြောင်း သိရှိရသည်။

Source : News-Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.