Friday, January 28, 2011

ဟိုတယ်နှင့် ခရီးသွား သင်တန်းကျောင်း ပုဂ္ဂလိကသို့ လွှဲပြောင်း

နိုင်ငံတကာ အသိအမှတ်ပြု အစိုးရဟိုတယ်နှင့် ခရီးသွားလုပ်ငန်း သင်တန်းကျောင်း(HTTC) အား ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သော Ayeyarwaddy Resort and Lodges Co., Ltd သို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ သိရသည်။ အဆိုပါသင်တန်းကျောင်းမှ ပေးသော HTTC သင်တန်းဆင်းလက်မှတ် ရရှိထားသူများမှာ ပြည်ပနိုင်ငံများရှိ ဟိုတယ်နှင့် စားသောက်ဆိုင်ကြီးများ၊ နိုင်ငံခြားသဘောင်္လိုင်းများတွင် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိကြသဖြင့် ပြည်ပသွားရောက် လုပ်ကိုင်လိုသူ လူငယ်အများစု အဓိက ရွေးချယ်တက်ရောက်သော သင်တန်းဖြစ်ကြောင်း သိရသည်။ “ဒီသင်တန်းရဲ့ အနေအထားက လက်ရှိမှာ ဘယ်နိုင်ငံကမဆို လက်ခံတဲ့အဆင့်ပါ။ ကျွန်တော်တို့ တာဝန်ယူချိန်ကစပြီး သင်ရိုးညွှန်းတမ်းကို အာဆီယံအဆင့် တစ်ပြေးညီဖြစ်အောင် မြှင့်တင်မှာပါ။ အဓိကကတော့ အဆင့်မြှင့်တယ်ဆိုတဲ့နေရာမှာ စာတွေ့ထက် လက်တွေ့ လေ့ကျင့်မှုအပိုင်း အားနည်းချက်တွေကို ပြင်ဆင်မယ့်သဘောပါ။ လက်တွေ့ပိုင်းမှာ သင်တန်းသားအားလုံး ထိထိရောက်ရောက်ပါဝင်ပြီး လုပ်သွားမှာပါ။ ဒီလိုလုပ်ဖို့က အရင်းအနှီး ကုန်ကျစရိတ် များပါတယ်။ ဒီသင်ရိုးညွှန်းတမ်းကို ဇန်နဝါရီ ၃၁ မှာစဖွင့်မယ့် အပတ်စဉ်ကနေ အကောင်အထည် ဖော်သွားတော့မှာပါ”ဟု ၎င်းကပြောသည်။ ၎င်းအပြင် ကန့်သတ်ချက်များ ဖယ်ရှားပေးရမည့် ဦးစားပေး ဝန်ဆောင်မှုကဏ္ဍ (၄) ခုတွင် ပါဝင်သည့် ခရီးသွားလုပ်ငန်းအနေဖြင့် ပိုမိုပွင့်လင်း တိုးတက်လာနိုင်ဖွယ် ရှိသည့်အပြင် ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုရေးသည်လည်း သက်ဝင်လာမည်ဖြစ်၍ အဆိုပါ HTTC သင်တန်းဆင်းလက်မှတ် ရရှိထားသူများမှာ အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီမှာ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ အဓိကလုပ်ဆောင်နေသော ပုဂ္ဂလိကကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။ သင်တန်းကျောင်း အဆင့်မြှင့်တင်ရန် အတွက် လက်ရှိသင်တန်းကျောင်း နှစ်ထပ်အဆောက်အအုံအား ငါးထပ်အဆောက်အအုံအဖြစ် အသစ်ပြန်လည် တည်ဆောက်သွားမည် ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
 
Source : Khit Lu Nge

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.