Monday, January 31, 2011

မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို လာမည့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင် ကျင်းပမည်

 ၂၀၁၀ ပြည့်နှစ်က ကျင်းပခဲ့သည့် မန်းရွှေစက်တော်ရာ ဘုရားပွဲအား တွေ့ရစဉ်

၂၀၁၁ ခုနှစ် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို လာမည့် ဖေဖော်ဝါရီလ ၈ ရက်နေ့(တပို့တွဲလဆန်း ၅ ရက်)နေ့မှ စတင် ကျင်းမည် ဖြစ်ကြောင်း မန်းရွှေစက်တော်ရာ ဘုရား ဂေါပကအဖွဲ့၏ ကြေညာချက်အရ သိရှိရသည်။

ဘုရားပွဲတော်ကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ကာ ဧပြီလ ၂၀ ရက်နေ့အထိ ၇၂ ရက်ကြာမြင့်စွာ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

''ဒီနှစ် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို ဖေဖော်ဝါရီလ ၈ ရက်ကနေ ဧပြီလ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်မှာပါ။ ဘုရားပွဲတော် ကာလမှာ ဈေးရောင်းချဖို့ အတွက် ကိုလည်း ကျွန်တော်တို့ ဟိုမှာဆိုင်ခန်း ဆောက်ပြီးပါပြီ။ ဆိုင်တွေလည်း အတော်များများ လာဆောက်နေကြပါပြီ။ ကျွန်တော်တို့ကတော့ ဇန်န၀ါရီလကုန်မှာ ရွှေစက်တော်ကို အရောက်သွားပြီး ဆိုင်ဖွင့်ဖို့ ကိစ္စအတွက် သွားလုပ်မှာပါ။ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ ဘုရားပွဲတော်ကို လာတဲ့သူက အရင်နှစ်တွေကထက် နည်းပါးခဲ့ပါတယ်။ ဒါကြောင့် အရောင်းအ၀ယ်ကလည်း ထင်သလောက် မဖြစ်ခဲ့ဘူး။ တော်တော်ပါးခဲ့ပါတယ်။ ဒီနှစ်လည်း အင်းလေးဖောင်တော်ဦး ဘုရားကိုတောင် ခရီးသွားအလာ နည်းတဲ့အတွက် ဒီနှစ် ရွှေစက်တော် ဘုရားပွဲမှာလည်း ဘယ် လို အခြေအနေ ရှိမလဲဆိုတာ စောင့်ကြည့်ရမှာပါ''ဟု မန်းရွှေစက်တော် ဘုရားပွဲတွင် နှစ်စဉ် လာရောက် ဆိုင်ဖွင့်ရောင်းချသည့် စိန်ငွေလျှံ အင်းလေးရိုးရာ အထည်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

မန်းရွှေစက်တော်ရာ ဘုရားပွဲတော်အား နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ စတင် ကျင်းလေ့ရှိပြီး ယခုနှစ်ပိုင်းများအတွင်း ရွှေစက်တော်ဘုရားသို့ ဘုရားဖူလာရောက်မှု လျော့ကျခဲ့ခြင်းကြောင့် ဘုရားပွဲတော် ကာလအတွင်း ရောင်းဝယ်မှုများလည်း လျော့ကျခဲ့ကြောင်း စုံစမ်းသိရှိရသည်။ သို့သော် ဆိုင်ခန်းဖွင့်လှစ်ခ နှုန်းထားများမှာမူ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ဈေးဆိုင်ခန်းပေါင်း ၄၀၀ ကျော် ဖွင့်လှစ်ရောင်းချခဲ့သည်ဟု သိရသည်။

Source : News-Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.