Thursday, January 20, 2011

၂၀၁၁ ခုနှစ် နှစ်ဦးပိုင်း၌ မြန်မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှု သိသိ သာသာမြင့်တက်၊ ဒေါ်လာဈေး ကျဆင်းမှုကြောင့် လုပ်ငန်းပိုင်းအနေ ဖြင့်မူ အကျိုးအမြတ် နည်းပါးနေ

မြန်မာနိုင်ငံအား ခရီးသွားရန် သင့်တော်သော၊ လုံခြုံမှုရှိသော ခရီးစဉ်ဒေသ တစ်ခုအဖြစ် လက်ခံလာမှုများကြောင့် ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းတွင် ခရီးသွားဝင်ရောက်မှု သိသိသာသာ မြင့်တက်လာကြောင်း ခရီးသွားလုပ်ငန်း နယ်ပယ်မှ သတင်း ရရှိပါသည်။

မြန်မာ့ခရီးသွား ရာသီသည် နှစ်စဉ် ပွင့်လင်းကာလ အောက်တိုဘာလမှ ဧပြီလ ၀န်းကျင်အထိ ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်း နိုဝင်ဘာလ နောက်ပိုင်းမှစ၍ ခရီးသွား ၀င်ရောက်မှု တိုးတက်လာရာတွင် လက်ရှိ၌ သိသိသာသာ မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

''မြန်မာနိုင်ငံကို ခရီးသွားဝင်တာ တက်လာတာကတော့ အဓိက အချက်သုံးချက်ကြောင့်လို့ မြင်ပါတယ်။ ပထမအချက်ကတော့ မြန်မာနိုင်ငံကို စိတ်ဝင်စားတဲ့သူ များလာတာပါ။ စိတ်ဝင်စားတဲ့ နေရာမှာလည်း
အပြုသဘောဆောင်နိုင်တဲ့ အပြောင်းအလဲတွေ အပေါ်မှာ စိတ်ဝင်စားတာပါ။ ဒုတိယအချက်က မြန်မာသံရုံးတွေက ဗီဇာရရှိမှု မြန်ဆန်လာတာ ဖြစ်ပါတယ်။ ခရီးသွား ဆိုတာကတော့ လွယ်ကူတာကို သဘောကျကြတာကိုး။

တတိယအချက် ကတော့ ဒေါ်လာဈေးကျတဲ့ အခါမှာ အရင်ကဒေါ်လာ ၁၀၀၀ လောက်သုံးမှ ပြည်ပခရီး ထွက်ဖြစ်မယ်ဆိုရင် အခု ၈၀၀ လောက်သုံးရင် ဖြစ်တော့ မြန်မာတွေ ပိုပြီး ပြည်ပခရီးသွား ဖြစ်သလိုပဲ သူတို့လည်း ရောက်လာကြတာပါ''ဟု Nature Lovers ခရီးသွားကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်ဒင်က ပြောကြားသည်။

''ရန်ကုန်ကိုရော တခြား ခရီးသွား ဒေသတွေကိုပါ ခရီးသွား အ၀င် တက်လာပါတယ်။ မြန်မာနိုင်ငံကို ပိုပြီးသိလာ၊ စိတ်ဝင်စားလာတဲ့ သဘောရှိပါတယ်''ဟု Myanmar Polestar ခရီးသွား ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာဦးကျော်မင်းထင်က ပြောပါသည်။

ခရီးသွားဝင်ရောက်မှု တိုးတက်လာသော်လည်း လုပ်ငန်းပိုင်း အနေဖြင့်မူ ဒေါ်လာဈေးနှုန်း ကျဆင်းနေမှုများကြောင့် အကျိုးအမြတ် နည်းပါးကြောင်းလည်း သိရှိရသည်။

''ခရီးစဉ်တွေက ကြိုရောင်းထားရတာပါ။ အဲဒီတုန်းက သတ်မှတ်ရောင်းချခဲ့တဲ့ နှုန်းထားနဲ့ အခုပေါက်ဈေးနဲ့က ကွာခြားနေတယ်။ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၀၀၀ ၀န်းကျင်လောက်နဲ့ ဖြတ်ပြီး ရောင်းထားကြတော့ အခုလို ကျပ် ၈၀၀ ကျော်လောက်ပဲရှိတဲ့ အချိန်မှာ အကျိုးအမြတ် မရှိသလောက် ပါပဲ။ ခရီးစဉ်အတွင်း မြန်မာငွေနဲ့ရှင်းရတာတွေ ရှိတယ်။ ကားတွေငှားရတာမျိုး ရှိတယ်။ စားသောက်ဆိုင်တွေမှာ ရှင်းရတာရှိတယ်။ အဲဒီလို မြန်မာငွေသုံးရတော့ ငွေလဲနှုန်းကွာ ခြားမှုက အမြတ်နည်းစေတယ်။ ဟိုတယ်တွေကမှ ဒေါ်လာဈေးနှုန်းပေါ် မူတည်ပြီး အခန်းခကို ပြောင်းလဲလို့ ရသေးတယ်။ ခရီးစဉ်တွေ ရောင်းထားတာကတော့ ဈေးပြောင်းဖို့ မလွယ်ပါဘူး။ ဈေးပြောင်းပြီး ဈေးမြင့်လိုက်ရင်လည်း ကိုယ့်နိုင်ငံကို ဘယ်လာတော့မလဲ။ ဒေသတွင်း နိုင်ငံတစ်ခုခုကို ပြောင်းပြီးသွားတော့မှာပေါ့''ဟု ခရီးသွား လုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ၂၀၀၆ ခုနှစ်တွင် အတိုးတက်ဆုံးသော အနေအထားကို ကြုံတွေ့ခဲ့ရပြီး ၂၀၀၇ ခုနှစ် နှစ်ဦးပိုင်း၊ နှစ်လယ်ပိုင်းတို့တွင်လည်း ဆက်လက် ကောင်းမွန်ခဲ့သည်။ သို့သော် ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် အ ကြောင်း အမျိုးမျိုးကြောင့် ကျဆင်းမှု ဖြစ်ပေါ်ခဲ့ကာ ၂၀၀၈ ခုနှစ် တစ်နှစ်တာနှင့် ၂၀၀၉ ခုနှစ်အထိ ကျဆင်းလာခဲ့သည်။ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင်မူ ခရီးသွား ၀င်ရောက်မှု ပြန်လည်တိုးတက်လာခဲ့ကာ ၂၀၁၀ ပြည့်နှစ်တွင် ပိုမိုတိုးတက်မှုကို ကြုံ တွေ့လာရခြင်း ဖြစ်ပြီး နှစ်ကုန်ပိုင်းသည် ခရီးသွားလုပ်ငန်းကို ကောင်းမွန်သော အနေအထားသို့ ရောက်ရှိလာစေခဲ့သည်ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတို့က ဆိုပါသည်။

မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံတကာ ခရီးသွား ဧည့်သည်များသည် ယဉ်ကျေးမှုဒေသများ၊ သဘာဝအခြေခံ ခရီးသွား ဒေသများသို့ အဓိက သွားရောက်လည်ပတ်ကြပြီး ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ ငပလီ၊ ငွေဆောင် စသည် တို့မှာ နာမည်ကျော် ခရီးသွားဒေသများ ဖြစ်ကြသည်။

ကမ်းခြေဒေသသို့ ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်း ခရီးသွား ၀င်ရောက်မှုနှင့် ပတ်သက်၍ ''နှစ်သစ်ကူးနဲ့ နှစ်ဆန်းပိုင်းမှာ ခရီးသွား အ၀င်များတော့ တချို့ဆို အခန်းမရဘူး။ ချောင်းသာဘက် သွားရတယ်။ လတ်တလောမှာလည်း ခရီးသွားက ပုံမှန်အနေအထား မှာ ရှိနေပါတယ်''ဟု ငွေဆောင်ကမ်းခြေရှိ Emerald Sea Resort မှ မန်နေးဂျင်းဒါရိုက်တာ ဦးကျော်ထွန်းက ပြောကြားသည်။

၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်း၌ နိုင်ငံရေးတွင် အပြောင်းအလဲများ ပေါ်ပေါက်လာခြင်းနှင့်အတူ မီဒီယာများ၌ မြန်မာနိုင်ငံ သတင်းများ ပေါ်လွင်လာမှုတို့က ကမ္ဘာလှည့်ခရီးသွားများ အာရုံစိုက်ဖွယ် ဖြစ်လာစေခဲ့သည်။

Source : News-Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.