Tuesday, January 11, 2011

(၆၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီး မြစ်ကြီးနားမြို့၌ စည်ကားစွာ ကျင်းပ

(၆၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ မနောပွဲတော်ကြီးကို မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းတွင် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက် ရှိပါသည်။ မနောပွဲတော် ကျင်းပရာ မနောကွင်း မုခ်ဝ ဖွင့်ပွဲ အခမ်းအနားကို ဇန်န၀ါရီလ ၇ ရက်နေ့ နံနက်ပိုင်းက မဂျွယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ ကချင်ရိုးရာ ယဉ်ကျေးမှု ကော်မတီ၊ မနောပွဲတော် ဖြစ်မြောက်ရေး ကော်မတီတို့မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဇုန်နယ်အလိုက် ရောက်ရှိလာသော လူမျိုးစု အသီးသီး၏ ခေါင်းဆောင်များနှင့် မြစ်ကြီးနားမြို့ပေါ်မှ ပြည်သူလူထု ၇၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
 မနောပွဲတော်နှင့် မနောကွင်း ဖွင့်ပွဲ အခမ်းအနားကို ဇန်န၀ါရီလ ၈ ရက်နေ့တွင် ဆက်လက် ကျင်းပခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ယူနန်ပြည်နယ် နယ်စပ်ဒေသမှ ဧည့်သည်တော်များ၊ မြို့ခံများ တက်ရောက်ခဲ့ကြကာ ကချင်လူမျိုးများ ရိုးရာယဉ် ကျေးမှု ဗဟိုကော်မတီမှ ဦးဆောင်၍ မနောပွဲတော် အဖွင့် မနောအကကို စည်ကားပျော်ရွှင်စွာ ကပြခဲ့ကြ သည်။

မနောပွဲတော် ကျင်းပခြင်း၏ ရည်ရွယ်ချက်နှင့် သမိုင်းအကျဉ်း အနေဖြင့် ရှေးယခင်က ကချင်ဒူဝါကြီးများသည် မိမိတို့ နယ်မြေအတွင်း ဆန်ရေစပါး ပေါကြွယ်ဝ၍ ငြိမ်းချမ်းသော အခြေအနေတွင် ရပ်ဝေးမှ ဆွေမျိုးသားချင်းများ၊ ညီအစ်ကိုမောင်နှ မများကို ပြန်လည်စုစည်းကာ ချစ်ကြည်ရင်းနှီးစွာ ကခုန်နိုင်သော မနောပွဲများကို ကျင်းပခဲ့ကြရာတွင် နယ်မြေအတွင်း ရန်ဘက်ဖြစ်ခဲ့ကြဖူးသော သားချင်းများနှင့်ပါ အတူလက်တွဲ စားသောက်ကခုန်၍ စည်းလုံးညီညွတ်မှုကို ပြန်လည် ရယူနိုင်ခဲ့ကြ ကြောင်း၊ ကချင်ရိုးရာ ယဉ်ကျေးမှုသမိုင်းတွင် မလိခူးမဂျွယ်၊ ကျိုင်ခူးမဂျွယ်၊ ခမ်ခူးမဂျွယ် စသော မနောပွဲများမှာ သမိုင်းတွင် ထင်ရှားခဲ့သော မနောပွဲများ ဖြစ်ခဲ့ကြကြောင်း သိရသည်။ ခေတ်သစ်ရိုးရာ မနောပွဲများကို မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ သော ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှ စတင်ကာ စီတာပူ မနောကွင်းတွင် နှစ်စဉ်မပြတ် ကျင်းပလာခဲ့ရာ ကချင်ရိုးရာ ပွဲတော်နှင့် ကချင်ပြည်နယ်နေ့သည် ခွဲခြားမရနိုင်သော ပြည်နယ်၏ အထိမ်းအမှတ် သင်္ကေတတစ်ခုသဖွယ် ဖြစ်လာခဲ့ကြောင်း သိရှိရသည်။
 မနောပွဲတော် ကျင်းပစဉ် ရက်များအတွင်း ကချင်ပြည်နယ် အတွင်းရှိ ဇုန်နယ်များအလိုက် ကချင်ရိုးရာ ယဉ်ကျေးမှု ကော်မတီများက ဦးဆောင်ကာ ဒေသအသီးသီးမှ လူမျိုးစုများ သာမကဘဲ ရန်ကုန်၊ မန္တလေး၊ မြို့ကြီးများမှ ကချင်တိုင်းရင်းသား များပါ လာရောက်ကြကာ မနောပွဲတော်ကို ပျော်ရွှင်ကာ ဆင်နွှဲလျက် ရှိကြကြောင်း၊ ရိုးရာသီချင်းဆို ပြိုင်ပွဲနှင့် ရိုးရာအက ပဒေသာပွဲ၊ Iron Cross တေးဂီတအဖွဲ့၏ ဖျော်ဖြေမှု၊ အခြား ပျော်ပွဲရွှင်ပွဲများ၊ မီးပုံပွဲများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Source : news-eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.