ချင်းတိုင်းရင်းသူတစ်ဦးကို ရိုက်ကူးထားတဲ့ ခရီးသွားဓာတ်ပုံဆရာ ကျော်ကျော်ဝင်းရဲ့ လက်ရာဓာတ်ပုံတစ်ပုံ။

"မြန်မာနိုင်ငံက ဘယ်နားမှာရှိတာလဲ" ပြည်ပအဝေး တိုင်းပြည်တွေဆီ ခရီးထွက်တဲ့အခါတိုင်း သူအမြဲအမေးခံရတဲ့ မေးခွန်းတစ်ခုကို ခရီးသွား ဓာတ်ပုံဆရာ ကိုကျော်ကျော်ဝင်းက ရေရွတ်ပြပါတယ်။

"အဲဒီလိုအမေးခံရတဲ့အခါ ကျွန်တော်တို့နိုင်ငံက တိုင်းရင်းသားတွေကို ကိုယ်တိုင်ရိုက်ထားတဲ့ ဓာတ်ပုံတွေ ပြပြီး မြန်မာနိုင်ငံဘယ်မှာ တည်ရှိတယ်ဆိုတာ ရှင်းပြရတယ်" လို့ သူကဆက်ပြောပါတယ်။ 

ဓာတ်ပုံလေးတွေထုတ်ပြဖြစ်တာကလည်း မြို့ပြကနေ အလှမ်းဝေးတဲ့ ဒေသတွေမှာ၊ ရိုးရှင်းတဲ့လူနေမှုပုံစံနဲ့ နေထိုင်ကြတဲ့တိုင်းရင်းသားတွေ အကြောင်းကို မကြားဖူး မရောက်ဖူးတဲ့ ပြည်တွင်း ပြည်ပက သူတွေ သူ့ဓာတ်ပုံတွေကနေတစ်ဆင့်သိရှိလာစေချင်တာက သူ့ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။

"ကျွန်တော့ရဲ့ဓာတ်ပုံတွေက တိုင်းရင်းသားတွေနဲ့ သူတို့နေထိုင်ရာဒေသတွေကို လူတွေသတိမူမိလာအောင် လုပ်ပေးနိုင်တယ်ဆိုရင် တစ်နည်းအားဖြင့် ခရီးသွားလုပ်ငန်းလည်း ပိုပြီးဖွံ့ဖြိုးနိုင်တာပေါ့" လို့သူက ဆိုပါတယ်။ 

ခရီးသွားဓာတ်ပုံဆရာတစ်ယောက်အနေနဲ့ မြန်မာပြည်အစွန်အဖျား လူသူအရောက်အပေါက်နည်းတဲ့ တိုင်းရင်းသားတွေရဲ့ကျေးရွာတွေဆီ ခက်ခက်ခဲခဲသွားရောက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးတဲ့အခါ ရိုးရာဓလေ့ထုံးတမ်း စဉ်လာတွေ ခေတ်ပေါ် အဆောင် အ ယောင်တွေ လုံးဝမရှိတဲ့ လူနေမှုပုံစံတွေကို ရိုက်ကူးရတာ စိတ်ကျေနပ်စရာကောင်းတယ်လို့လည်းဆိုပြန်တယ်။ ဒါပေမယ့် တစ်ဖက်က အခြေခံကျလွန်းတဲ့ တိုင်းရင်းသား တွေရဲ့ လူနေမှုပုံစံကို အဆင့်မြင့် တိုးတက်လာစေချင် တဲ့စိတ်နဲ့ စိတ်နှစ်ခု အားပြိုင်တာမျိုး လည်း အမြဲကြုံတွေ့ရတယ်လို့ သူ့စိတ် ခံစားချက်ကို ဖွင့်ဟပါတယ်။ ပြီးတော့ သူသွားခဲ့တဲ့ခရီးတွေထဲက ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသက လားဟူတိုင်းရင်းသားတွေနေထိုင်တဲ့ ကျေးရွာလေးဆီသွားခဲ့ပုံကို ပြောပြပါတယ်။ 

"တစ်ရွာလုံး ကျေးရွာလူကြီးရဲ့အိမ်မှာပဲ ရေဒီယိုလေးတစ်လုံး ရှိတယ်။ သူတို့အတွက် အဲဒါက အကောင်းဆုံး ဖျော်ဖြေမှုပဲ။ 'တီဗီ'ဆိုတာ ဘာလဲဆိုတာတောင် သူတို့မသိကြဘူး။ အဲဒီလိုဖြစ်နေတာက မြို့ပြနဲ့ဆက်သွယ်မှု မရှိသလောက်ဖြစ်ပြီး သီးသန့်နေထိုင်ကြ တာကြောင့်" လို့ ထောက်ပြပါတယ်။

"ကျွန်တော်တို့ ရွာကိုရောက်သွားတော့ ရွာမှာရွာသူကြီးမရှိဘူး။ ရွာထဲကအသက်ကြီးကြီး အဘွားအရွယ်တွေ ထွက်လာပြီး ရွာထဲပေးမ၀င်ကြဘူး။ လားဟူဘာသာစကားနဲ့ပြောတော့ ကျွန်တော်တို့လည်း နားမလည်ဘူး။ မပြန်ဘဲရပ်နေတော့ အဘွားကြီးတွေကငိုပြီး ဂါထာရွတ်သလိုလည်းရွတ်တယ်။ မကောင်းဆိုးဝါးတွေ ရွာထဲဝင်မှာကြောက်လို့နှင်သလိုပဲ။

"အဲဒီမှာ ကျွန်တော်အရမ်းခံစားရပြီး ဓာတ်ပုံရိုက်ချင်စိတ်တောင်ကုန်သွားတယ်။ သူတို့ကိုလည်း အရမ်းသနားမိတယ်။ တော်သေးတာက မြန်မာစကားနည်းနည်းပါးပါးတတ်တဲ့ ရွာသူကြီးရောက်လာတော့၊ သူ့ကိုကျွန်တော်တို့က ဓာတ်ပုံရိုက်မယ့်အကြောင်းရှင်းပြတယ်။ သူတို့ရွာကရွာသူကြီးရဲ့ပြောစကားကို အရမ်း အလေးထားတော့ ရွာသူကြီးကခွင့်ပြုလိုက်တာနဲ့ ကျွန်တော်တို့ ရွာသူရွာသားတွေနဲ့အတူ လက်ရည်တစ်ပြင်တည်းနေထိုင်ပြီး ယုံကြည်မှုတည်ဆောက်ရတယ်။ နောက်သူတို့ကို ဓာတ်ပုံတွေရိုက်တော့ အထူးအဆန်းဖြစ်နေတာပေါ့။ သူတို့တစ်ခါမှ ကင်မရာကိုမမြင်ဖူးတာကိုး။ ကျွန်တော်တို့ ဘာလုပ်နေမှန်းလည်းမသိဘူး။ ပုံတွေပြန်ပြတော့ သူတို့အရမ်းအံ့ဩကြတယ်" လို့ ကိုကျော်ကျော်ဝင်းက သူ့အတွေ့အကြုံကို ပြောပြပါတယ်။ ဒီလိုသူဓာတ်ပုံရိုက်မယ့်သူတွေ ကင်မရာကိုပထမဆုံးမြင်ဖူးတာဟာ ဓာတ်ပုံဆရာတစ်ယောက်အတွက် ပုံကောင်းတစ်ပုံဖန်တီးဖို့ အကောင်းဆုံးအနေအထားဖြစ်သလို ရွာသားတွေအတွက်ကတော့ သူတို့ကိုယ်ပိုင်ဘ၀လေးထဲကနေ မော်ဒန်ခေတ်အပြောင်းအလဲတစ်ခုကို စတင်လာတာပဲလို့ လည်း သုံးသပ်ပါတယ်။

မြို့ပြနဲ့နီးတဲ့ တချို့ကျေးရွာတွေဆို မြို့ပြနဲ့အထိအတွေ့အဆက်အဆံများလာတဲ့အခါ ကိုယ်ပိုင် တိုင်းရင်းသားဝတ်စုံကိုတောင် မဝတ်ဆင်ကြတော့တာမို့ သူတို့ကို ဓာတ်ပုံရိုက်ချင်တဲ့အခါ သဘာဝကျအောင် ရိုးရာဝတ်စုံ အတင်းပြန်ဝတ်ခိုင်းရတယ်လို့ဆိုပါတယ်။ "မြို့ပြနဲ့အထိအတွေမရှိတဲ့ရွာတွေကိုလည်း ခေတ်နောက်မကျခဲ့စေချင်ဘူး။အဲဒီကနေမှသူတို့ရဲ့ရှေးရိုးစွဲအယူအဆတွေကို ပြောင်းလဲ စေချင်တယ်။ ဒါပေမယ့် တစ်ဖက်ကလည်း မြို့ပြယဉ်ကျေးမှုလွှမ်းမိုးမှုကြောင့် ရိုးရာဝတ်စုံမ၀တ်တော့တာမျိုး၊ နောက်သဘာဝအတိုင်း ရှိနေသေးတဲ့ လူနေမှုပတ်ဝန်းကျင်တွေ ပြောင်းလဲသွားမှာ ကြောက်တယ်"လို့ ဆိုပါတယ်။

ဓာတ်ပုံဆရာ စိုင်းခမ်းလင်းကလည်းသူရောက်ခဲ့ဖူးတဲ့ ကချင်ပြည်နယ် ပူတာအိုအနောက်မြောက်ဘက်မှာ ရှိတဲ့ ဇီယာဒမ်းရွာမှာဆို ရွာကနေမိုင် ၂၅၀ လောက်ဝေးတဲ့ ပူတာအိုမြို့ဆီ ကျောင်းသွားတက်ကြရပြီး အဲဒီကနေ အထက်တန်းအောင်သွားတဲ့အခါ မြစ်ကြီးနား အထိသွားပြီး ကောလိပ်ကျောင်းတက်နိုင်ကြပြီလို့ ဆိုပါတယ်။ ရွာကလေးမှာ ရေစွမ်းအားကိုအသုံးပြုပြီး ဆုံလည်နဲ့မောင်းထောင်းလာနိုင်ကြ ပြီ။ လျှပ်စစ်မီးရနိုင်ကြပြီဖြစ်သလို တောင်ယာစိုက်ခင်း တွေကိုလည်း ရေပေးဝေနိုင်ကြတာမို့ ဒေသခံတွေရဲ့ တိုးတက်ပြောင်းလဲမှုအစပါပဲတဲ့။ ဒါတွေဟာ အကျိုးရှိတဲ့အပြောင်းအလဲတွေဖြစ်ပေမယ့် သဘာဝအတိုင်းရှိနေဆဲဖြစ်တဲ့ ကချင်နဲ့ချင်းပြည်နယ်လိုဒေသတွေကို ကလောလိုအေးချမ်းလှပတဲ့ တောင်ပေါ်စခန်းမြို့လေးမှာ သစ်ပင်တွေခုတ်ထားတဲ့ တောင်ကတုံးတွေ တွေ့နေရတာကြောင့် အဲဒီလို ဖြစ်လာမှာတော့ စိတ်ပူမိတယ်လို့ဆိုပါတယ်။

ကိုစိုင်းခမ်းလင်းက တခြားဓာတ်ပုံ ဆရာတွေလိုပဲ သူခရီးလှည့်လည်ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကြောင့် ခရီးသွားလုပ်ငန်းတိုးတက်စေဖို့ ကူညီနိုင်မယ်လို့ မျှော်လင့်သူပါ။ Enchanting Myanmar မဂ္ဂဇင်းက အနုပညာဒါရိုက်တာနဲ့ ဓာတ်ပုံဆရာဖြစ်တဲ့ ဦးဆန်နီငြိမ်းကတော့ မော်ဒန်ခေတ်လွှမ်းမိုးမှု ဘယ် လောက်ပဲရှိရှိ ရိုးရာယဉ်ကျေးမှုဓလေ့တွေကို ထိန်းသိမ်းဖို့ ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။ 

"တိုင်းရင်းသားတွေဆီ ဘယ်သူမှမသွားနိုင်အောင် တားလို့မရသလို တိုင်းရင်းသားတွေကိုလည်း အပြင်လောကနဲ့ ထိတွေ့မှုမရှိအောင် ခြံခတ်ထားလို့လည်းမဖြစ်နိုင်ဘူး။ ဒါပေမယ့် သူတို့ယဉ်ကျေးမှုဓလေ့တွေကို ဘယ်လိုထိန်းသိမ်းသင့်တယ်ဆိုတဲ့ အခြေခံဗဟုသုတပေး နိုင်ဖို့တော့ အရမ်းအရေးကြီးတယ်။ အဲဒီလိုသာလုပ်နိုင်ရင် ဘယ်သူက ဘယ်လိုယဉ်ကျေးမှုနဲ့ လွှမ်းမိုးလာတာပဲဖြစ်ဖြစ် တိုင်းရင်းသား တွေအနေနဲ့ အလွယ်တကူလက်ခံကြမှာ မဟုတ်ဘူး" လို့ ပြောပါတယ်။

Source : Myanmar Times

0 Comments:

Post a Comment



Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.

Creative Commons License