Monday, February 28, 2011

စိုက်ပျိုးရေး လုပ်ငန်းများတွင် အသုံးပြုသည့် ပိုးသတ်ဆေးအချို့နှင့် ဓာတ်မြေသြဇာများကြောင့် ရေထုညစ်ညမ်းမှုဖြစ်ပြီး ရေနေသတ္တ၀ါများ ထိခိုက်နိုင်

စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုသည့် ပိုးသတ်ဆေးအချို့ နှင့်ဓာတ်မြေသြဇာများကြောင့် ရေထုညစ်ညမ်းမှုဖြစ်ပေါ်စေပြီး ရေနေသတ္တ၀ါများ၏ ရှင်သန်ပေါက်ဖွားမှု ကိုထိခိုက်နိုင်ကာ သယံဇာတလျော့နည်းမှုကို ရင်ဆိုင်ရနိုင်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်အမှု ဆောင်ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောကြားခဲ့သည်။

"ငါးသယံဇာတတွေဟာ ကုန်းတွင်းရေချိုပိုင်းမှာဖြစ်ဖြစ် ပင်လယ် ပိုင်းမှာဖြစ်ဖြစ် ဆုတ်ယုတ်နေတယ်ဆိုတာ အားလုံးကလက်ခံထားပါတယ်။ လူဦးရေကတိုးလာတယ်။ ဖမ်းဆီးမှုကများလာတယ်။ ငါးဖမ်း နည်းစနစ်သစ်တွေသုံးပြီး ဖမ်းဆီးလာကြတယ်။ ဒီလိုအကြောင်းတွေကြောင့် ငါးမျိုးပြုန်းတီးမှုဖြစ်လာပါတယ်။ ရာသီဥတုဖောက်ပြန်မှုကြောင့်လည်း သယံဇာတလျော့နည်းလာတာလည်းရှိပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေးနဲ့ ဆက်နွယ်ပြီးအသုံးပြုတဲ့ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ ဒါတွေကသဘာဝရေပြင်ကို ရောက်တဲ့အခါမှာ ရေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပြီး ငါးတွေပေါက်ဖွားရှင်သန်နှုန်းကို လျော့ကျစေတယ်။ ရေညစ်ညမ်းလာတာကြောင့် ငါးတွေဥ မချနိုင်တာ၊ မပေါက်ပွားနိုင်တာ၊ ချပြီးသားဥတွေပျက်စီးတာတွေ ဖြစ်လာတယ်။ ဒါတွေကြောင့် သယံဇာတလျော့နည်းရခြင်း ဖြစ်လာရတယ်"ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ငါးပုစွန်ရေနေသက်ရှိ သယံဇာတများ ပြန်လည်တိုးတက်လာရန်အတွက် သဘာဝရေပြင်များတွင် ငါးပုစွန်မျိုးစိုက်ထည့်ခြင်း၊ ဖမ်းဆီးမှုနှင့် ဖမ်းဆီးသည့်ကိရိယာများ ထိန်းချုပ်စီမံခန့်ခွဲခြင်းများကို ပြုလုပ်သင့်ကြောင်းနှင့် သက်ဆိုင်ရာကလည်း အဆိုပါကိစ္စများကို ဆောင်ရွက်နေကြောင်း သိရသည်။

လူဦးရေတိုးတက်လာနှင့်အမျှ နှစ်စဉ်ငါးဖမ်းဆီး ထုတ်လုပ်မှုပမာဏ မှာလည်းများပြားလာပြီး ဖမ်းဆီး ထုတ်လုပ်သည့်ငါးပုစွန်သယံဇာတ များ ပြန်လည်တိုးတက်လာရန်နှင့် ရေရှည်ထုတ်ယူ သုံးစွဲနိုင်ရေးကိုလည်း ပြန်လည်ဆောင်ရွက်သင့်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၏ ငါးဖမ်းဆီးထုတ်လုပ်မှုပမာဏကိုကြည့်ပါက ၂၀၀၀-၂၀၀၁ ဘဏ္ဍာရေးနှစ်တွင် မက်ထရစ်တန်ထောင်ပေါင်း ၁၃၀၉ ဒသမ ၈၃ ရှိခဲ့ပြီး ၂၀၀၉-၂၀၁၀တွင် ဘဏ္ဍာနှစ်တွင် မက်ထရစ်တန်ထောင် ပေါင်း ၃၉၂၁ ဒသမ ၉၇ ရှိခဲ့ခြင်းကြောင့် ဆယ်နှစ်တာကာလအတွင်း ငါးဖမ်းဆီးထုတ်လုပ်မှုပမာဏ သုံးဆနီးပါး မြင့်တက်ခဲ့ကြောင်း တွေ့ရှိရသည်။

Source : news-eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.