Monday, February 07, 2011

ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားကြီးသို့ ဘုရားဖူး လာရောက်သူ များပြား

ကမ္ဘာ့အကြီးဆုံး (အတောင် ၄၀၀) လျောင်းတော်မူ ဘုရားကြီးသို့ ဇန်န၀ါရီလအတွင်း ဘုရားဖူးလာရောက်သူ များပြားခဲ့ကြောင်း သိရှိရသည်။ စာသင်တိုက် ၅၀ သို့ ဆန်အိတ် ၆၀၀ လှူဒါန်းခြင်း၊ ပင့်သံဃာ ၁၀၀၀၊ ကိုရင်၊ သီလရှင် ၈၀၀ တို့ကို လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ မွန်မြန်မာရိုးရာ လက်ဝှေ့ပွဲကျင်းပခြင်းနှင့် ဇာတ်သဘင် ဖျော်ဖြေမှု အပြင် နိဗ္ဗာန်ဈေး စတုဒိသာမဏ္ဍပ် ၂၂ ခု ပါဝင်သည့် စတုဒိသာ လှူဒါန်းပွဲကြီးကို ဇန်န၀ါရီလ ၂၉၊ ၃၀ နေ့များတွင် ကျင်းပခဲ့ပြီး ရပ်ဝေးရပ်နီး ဘုရားဖူး နှစ်သိန်းခန့် လာရောက်ကြကြောင်း သိရှိရသည်။

''ဆရာတော် သက်တော် ၉၀ ပြည့်နှစ်မှာ ခါတိုင်းနဲ့မတူ ထူးခြားပြီး ပြည်သူအားလုံး ဖောဖောသီသီ ပေါပေါများများ စားသုံးနိုင်ဖို့ အဓိဋ္ဌာန်ပြုပြီး နိဗ္ဗာန်ဈေး စတုဒိသာပွဲကြီး လှူဒါန်းတာပါ။ လျောင်းတော်မူဘုရားကြီး ညာလက်ချထားတာဟာ တိုင်းပြည် စိတ်ချလက်ချ နေနိုင်အောင် ရည်ရွယ်တယ်လို့ ဆရာတော်ကြီးထံက သိရတယ်။ ဘုရားကြီး အပြီးသတ်ဖို့ အချိန်အခါ စောင့်နေပါတယ်''ဟု ဒေါက်တာမြင့်ဦး(ဥက္ကဋ္ဌ-ဂေါပကအဖွဲ့)က ရှင်းပြပါသည်။

''ဆရာတော်ကြီးရဲ့ မွေးနေ့တိုင်း သွားနေကျပါ။ ဒီနှစ် စတုဒိသာမဏ္ဍပ်တွေမှာ မြန်မာ၊ မွန်ထမင်း၊ သင်္ကြန်ထမင်း၊ မုန့်မျိုးစုံ စတာတွေ ကျွေးမွေးပါတယ်''ဟု ဘုရားပွဲလာ ဒေသခံတစ်ဦးက ပြောကြားသည်။

ဝင်းစိန်ဆရာတော်ကြီးသည် အတောင်လေးရာ လျောင်းတော်မူ ဇိနသုခရန်အောင်ချမ်းသာဘုရားကြီး၏ ပရ၀ဏ်တွင် အတောင် ၆၆ တောင်ရှိ ရှင်ဥပဂုတ္တမထေရ်ရုပ်တု ဆောက်လျက်ရှိပြီး ဇာတိမြေဖြစ်သော မုဒုံမြို့နယ် လက်တက်ကျေးရွာတွင် ခပ်ရပ်ခပ်ယူ သာသနာပြု စခန်း၌ အမြင့် ၁၈၀ ပေရှိ ညီတော်ထိုင်တော်မူ ဗုဒ္ဓသာသနာ ရုပ်ပွားတော်ကြီး တည်ဆောက်လျက်ရှိပြီး လည်ပင်းအထိ အကြမ်းထည် ပြီးစီးနေသည်ဟု သိရှိရသည်။

Source : News-Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.