Sunday, May 29, 2011

မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံတကာ ခရီးသွားများအတွက် ဆိုက်ရောက် ဗီဇာအား ဟိုတယ်/ခရီးဝန်ကြီးဌာနမှ တစ်ဆင့် ပြန်လည် လျှောက်ထားနိုင်ပြီ

မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံတကာ ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာများအား ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ တစ်ဆင့် ပြန်လည် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းသို့လျှောက်ထားခြင်းကို ၂၀၁၁ ခုနှစ် မေလနောက်ဆုံးပတ်အတွင်း ခရီးသွားကုမ္ပဏီများမှ ပြန်လည်ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။ ခရီးသွားကုမ္ပဏီများသည် ခရီးသွားများ မလာရောက်မီ ၁၀ရက်ကြိုတင်၍ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနသို့ ဆိုက်ရောက်ဗီဇာလျှောက်ထားနိုင်ပြီး ရုံးအမှတ် ၄၈ နေပြည် တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနသည် ဟိုတယ်/ ခရီးဝန်ကြီးဌာနမှ ထောက်ခံပေးမှုများကို စိစစ်လက်ခံသွားမည်ဟု သိရသည်။
''၂၀၁၀ စက်တင်ဘာကတည်း က ဟိုတယ်/ခရီးဝန်ကြီးဌာနကို လျှောက်ထားရာကနေ ပြည်ထဲရေး ၀န်ကြီးဌာနကို ပြောင်းပြီးလျှောက်ခဲ့ရတယ်။ အခုတော့ ဟိုတယ်/ ခရီး ၀န်ကြီးဌာနကတစ်ဆင့် ပြန်လျှောက် နိုင်ပါပြီ''ဟု ရန်ကုန်မြို့မှ ခရီးသွား လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပြသည်။
ယခင်က မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာနှင့်ပတ်သက်၍ လာရောက်မည့်  Package Tour မှန်ကန်ကြောင်း သက်ဆိုင်ရာ ကုမ္ပဏီ၏ ထောက်ခံချက်နှင့် ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်းဝန်ကြီးဌာနသို့ လျှောက်ထားခဲ့ကြကြောင်း၊ ၀န်ကြီး ဌာနမှတစ်ဆင့် ဗီဇာထုတ်ပေးသည့် သက်ဆိုင်ရာ ဌာနသို့ ဆက်လက်ပေးပို့ ရသည့်စနစ်ကို ကျင့်သုံးခဲ့ကြောင်း သိရှိရသည်။
ယင်းစနစ်မှ ပိုမိုတိုးတက်သော အနေအထားတစ်ရပ်အဖြစ် ၂၀၁၀ ပြည့်နှစ် မေလဆန်းမှစတင်၍ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ကြိုတင်စီစဉ်ရန် မလိုအပ်သည့် ဆိုက်ရောက်ဗီဇာများကို ပထမဦးဆုံးအကြိမ် စတင်ခွင့်ပြုပေးခဲ့သည်။
ဆိုက်ရောက်ဗီဇာစနစ်ကို စတင်ကျင့်သုံးလိုက်သည့် အချိန်သည် ခရီးသွားများပြားသည့် ကာလမဟုတ်သော်လည်း တိုးတက်မှုများကို ကြုံတွေ့ခဲ့ရသည်ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ဆိုပါသည်။
မေလဆန်းမှ ပထမဆုံးအကြိမ် စတင်လိုက်သည့် ကြိုတင်စီစဉ်ရန် မလိုအပ်သော ဆိုက်ရောက်ဗီဇာ ထုတ်ပေးသည့်စနစ်သည် စတင်ပြီး လေးလအကြာ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ လဆန်း၌ ထုတ်ပေးခြင်းကို ရပ်ဆိုင်း ခဲ့သည်။
ထို့နောက် ဗီဇာလျှောက်ထားခြင်းနှင့် ပတ်သက်၍ ကြိုတင်စီစဉ်ရာတွင် ပြောင်းလဲမှုအချို့ကို လုပ်ဆောင်ခဲ့ရပြီး ယခုအခါတွင်မူ ယခင်စနစ်အတိုင်း ပြန်လည်ကျင့်သုံးတော့မည်ဟု သိရှိရသည်။
''ဗီဇာစနစ်က ဒီထက်ပိုပြီးဖြေလျော့မှုတွေရှိလာမယ်လို့ မျှော်လင့်ထားပါတယ်။ ဘာလို့လဲဆိုတော့ ပြင်ဆင်မှုတွေ လုပ်လာတာ မြင်နေရပြီ။ ဗီဇာဖြေလျော့ပေးလိုက်လို့ ခရီးသွားတွေပြုံဝင်လာရင် ဒီမှာ ဟိုတယ်စတဲ့ အခက်အခဲတွေရှိ တော့အခုပြင်ဆင်နေကြတာလည်း ရှိတယ်။ ဒီတော့ ပိုတိုးတက်လာမယ်လို့ပဲ မျော်လင့်ထားတယ်''ဟု ခရီးသွားလုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။
နိုင်ငံတကာ ခရီးသွားများသည် ကုမ္ပဏီများ၏အစီအစဉ်ဖြင့် လာရောက်သော Package Tour ဖြစ်ပါက ဆိုက်ရောက်ဗီဇာများကို ခရီးသွားကုမ္ပဏီများက ကြိုတင်လျှောက်ထားပေးကြမည် ဖြစ်ပြီး မိမိအစီအစဉ်ဖြင့် လာရောက်သော FIT ခရီးသွားများကမူ မြန်မာနိုင်ငံမှအေးဂျင့်၏ စီစဉ်မှုဖြင့် လျှောက်ထားမှုများလည်း ရှိသကဲ့ သို့ မိမိအစီအစဉ်ဖြင့် လျှောက်ထားမှုများလည်းရှိမည်ဖြစ်သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံသည် ကမ္ဘာတွင် ခရီးသွားများ စိတ်ဝင်စားသည့် နိုင်ငံများ၌ ထိပ်ဆုံးစာရင်းဝင် နိုင်ငံ အဖြစ်သို့ ယခုနှစ်၌ ရောက်ရှိလာသည်။

Source : News Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.