Tuesday, May 31, 2011

လူနေကျေးရွာသို့ ခိုအောင်းလာသော တောဆင်ရိုင်းများ အသတ်ခံရ


elephant-in-jungle
စားကျက်နည်းပါးလာသဖြင့် တောင်ကုတ်မြို့နယ်မှ လူနေ ကျေးရွာများ အနီး ခိုအောင်းလာသော ဆင်အုပ် တစ်ခုထဲမှ ဆင်များ အသတ်ခံခဲ့ရကြောင်း ကျယ်ကျယ်ပြန့်ပြန့် သတင်း ဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါ ဆင်အုပ်မှာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ တရဘ ကျေးရွာအုပ်စုနှင့် ပေါက်ပြင်ကျေးရွာအုပ်စု ရွာအနီးအနား အတွင်း ခိုအောင်းလာသော ဆင်အုပ် ဖြစ်ကြောင်း သိရသည်။

"ဒီဆင်အုပ်က ဆင် ၁၂ကောင်ရှိတာ။ ခုတော့ ငါးကောင် ပျောက်နေပြီး ခုနှစ်ကောင်ဘဲ ကျန်တော့တယ်။ ဆင်ကလေးတွေပဲ ကျန်ပြီး ဆင်ကြီးက တစ်ကောင်တည်း ပါတယ်။ တခြားဆင်ကြီးတွေ အသတ်ခံလိုက်ရတယ်လို့ ကြားရတယ်။ ဆင်စွယ်လိုက်နေတဲ့ မုဆိုးတွေ ဖြစ်ဖို့များတယ်" ဟု တရဘရွာ အနီးဘုန်းတော်ကြီးကျောင်း တစ်ခုမှ သံဃာတစ်ပါးက မိန့်ကြား သည်။

ဆင်ရိုင်း ၁၂ ကောင် ပါသော အဆိုပါ ဆင်အုပ်သည် ကျေးရွာသားများ စိုက်ပျိုးထားသော ငှက်ပျောခင်းများ၊ နာနတ်ခင်းများအား ၀င်ရောက်လာပြီး စားသောက်ဖျက်ဆီးကြပြီး နောက်ပိုင်း အခုအခါ အဆိုပါ ဆင်အုပ်တွင် ဆင်ကလေးများ အပါအ၀င် ဆင် (၇) ကောင်သာ ပါတော့ကြောင်း သိရသည်။

" ရွာနားက ဥယျာဉ်ထဲမှာ ဆင်တွေ ၀င်လာပြီး ညဆိုရင်ရွာစပ်က ငှက်ပျောခင်းကို ဝင်စားတယ်။ ဥယျာဉ်တွေထဲက နာနတ်သီးတွေကိုလည်း စားတယ်။ အခုတော့ ဆင်စားလို့ ငှက်ပျော ခိုင်တွေရော နာနတ်သီးတွေပါ ကုန်ပြီ။ တစ်ခါ တစ်ခါ ဥယျာဉ်ထဲက တဲတွေ၊ ရွာစွန်က တဲတွေကို တောင် လာဖျက်တယ်လေ" ဟု ရွာခံတစ်ဦးကပြောသည်။

တောဆင်ရိုင်းများကြောင့် ဥယျာဉ်များ ပျက်စီးနေသဖြင့် ဒေသခံများ စီးပွားပျက်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

ရခိုင်ရိုးမှာ တောဆင်ရိုင်းများ ကျက်စားရာ နာမည်ကြီး ရိုးမ တစ်ခု ဖြစ်ပြီး အခုအခါ ဒေသအတွင်းမှ စစ်အရာရှိများမှ စီးပွားရေး သမားများနှင့် ပူးပေါင်းက သစ်များကို မဆင်မခြင် ထုတ်လုပ်နေသဖြင့် သစ်တောများ အကြီးအကျယ် ပြုန်းတီးနေကြောင်း သိရသည်။ သို့အတွက် ဆင်ကျက်စားများ ဆုတ်ယုတ် နည်းပါးလာသဖြင့် လူတို့၏ စိုက်ခင်းများသို့ ရွှေ့ပြောင်း ကျက်စား လာခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းပြင် ဆင်မုဆိုးများနှင့် စစ်တပ် တပ်ရင်း တချို့မှ တရားမ၀င် ဆင်များကို လိုက်လံ သတ်ဖြတ်မူများ ရှိနေပြီး ရရှိလာသော ဆင်စွယ်များကို သူတို့ အဆက်အသွယ်ဖြင့် တရုတ်ပြည်ထိတင်ပို့ ကြကြောင်း သိရသည်။


Source : Narinjara

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.