Tuesday, June 28, 2011

နေပြည်တော်တွင် ကျင်းပမည့် ခရီးသွား ပြပွဲတွင် တိုင်းရင်းသား အစားအစာများ ရောင်းချမည်

ဇူလိုင် ၁ ရက်မှ ၁၃ ရက်ထိ နေပြည်တော် ကျောက်မျက်ရတနာ ပြပွဲနှင့် အတူ ကျင်းပမည့် ခရီးသွား ပြပွဲတွင် မြန်မာ နိုင်ငံ စားသောက် ဆိုင်လုပ်ငန်းရှင်များ အသင်းမှ မြန်မာ့ ရိုးရာ အစားအစာများနှင့် တိုင်းရင်း သားရိုးရာ အစားအစာများကို ပြသ ရောင်း ချသွားမည်ဖြစ်ကြောင်း အဆို ပါအသင်းမှ အထွေထွေ အတွင်းရေး မှူး ဦးကျော်ကျော်ထံမှ သိရသည်။

အဆိုပါ ခရီးသွားပြပွဲတွင် မြန် မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်း ရှင်များအသင်းမှ စားသောက်ဆိုင် များ ပါဝင် ရောင်းချနေမှုနှင့် ပတ် သက်၍ အထွေထွေ အတွင်းရေးမှူး ဦးကျော်ကျော်က “အခုပြပွဲမှာ ကျွန် တော်တို့ အသင်းက ဆိုင်ခန်း ၂၄ ခန်း ပြသရောင်းချသွားမယ်။ ဆိုင် ခန်းတွေအားလုံးက ရန်ကုန်ကနေ လာပြ တာပါ။ ဆိုင်ခန်း တွေမှာ မြန် မာ့ရိုးရာ အစားအသောက် တွေနဲ့ တိုင်း  ရင်း သားရိုးရာ အစားအစာ တွေကို ရောင်းချ ပေးမှာပါ။ ဈေးနှုန်း ကတော့  ရန်ကုန် ကဈေးအတိုင်းပဲ ကူပွန်စနစ် နဲ့ ရောင်း သွားမှာပါ။ ရရှိ လာတဲ့ အ ကျိုးအမြတ် အချို့တို့ အသင်း ရန်ပုံ ငွေထဲ အချိုးကျပြန် ထည့်ဖို့ စဉ်းစား ထားတယ်။ ဟိုတယ်နှင့် ခရီးသွားလာ ရေး လုပ်ငန်း ၀န်ကြီးဌာနက အချိန်တို အတွင်း မှာ အဆောက်အအုံ ရော၊ နေရာ ထိုင်ခင်းရော အားလုံးစီစဉ် ပေးတယ်။ ကျွန်တော်တို့ အသင်း တစ်ခုတည်း ဆိုင်ပိုင်ရှင်  နှင့်ဝန်ထမ်း ပါ လူ ၃၀၀ ကျော် လောက်ရှိတယ်။ ကျွန်တော် တို့ရဲ့ အဓိက ရည်ရွယ်ချက် ကတော့ မြန်မာ့ရိုးရာ အစားအစာ၊ တိုင်းရင်းသား ရိုးရာအစားအစာ တွေကို ဘေးအန္တရာယ် ကင်းစွာနဲ့စနစ်တကျ သန့်ရှင်းသပ်ရပ်စွာ စားနိုင် အောင်နဲ့ အစားအသောက် တွေကို ကမ္ဘာက သိအောင် ပြသဖို့ ရည်ရွယ်ထားပါ တယ်” ဟု ဆိုသည်။
အဆိုပါမြန်မာ့ ခရီးသွားပြပွဲကို ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်း ၀န်ကြီး ဌာနနှင့် မြန်မာ နိုင်ငံခရီးသွား လုပ်ငန်း အဖွဲ့(MTB)တို့မှ ဦးစီးကျင်း ပခြင်းဖြစ်ပြီး နေပြည်တော် ကျောက် မျက်ရတနာပြပွဲနှင့် ဘေးချင်း ကပ် သပြေကုန်း ကားရပ်နား ၀င်းအတွင်း ကျင်းပ မည်ဖြစ်ပြီး ပြပွဲကာလမှာ ဇူ လိုင် ၁ ရက်မှ ၁၃ ရက် အထိဖြစ် သော်လည်း စားသောက်ဆိုင် များအ နေဖြင့် ဇွန် ၂၆ ရက်မှစ၍ ရောင်းချ ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

Tuesday, June 21, 2011

ချင်းတွင်းမြစ်အတွင်း သဲသောင်ထု ပမာဏ ပိုများလာမှု အကျိုးဆက် အဖြစ် မိုးဦး မြစ်ရေ၀င်ချိန်တွင် ခရီးသွားများ အခက်တွေ့

ချင်းတွင်းမြစ် အတွင်း သဲသောင်ထု ပမာဏ ပိုများလာမှု အကျိုးဆက် အဖြစ် မိုးဦးကာလ ချင်းတွင်းမြစ်ရေ ၀င်ချိန်တွင် ခရီးသွားများ သွားလာရာတွင် အခက်အခဲ တွေ့ရကြောင်း သတင်းရရှိသည်။
''ဒီနှစ် မြစ်ရေ၀င်ချိန်ကတော့ ပုံမှန်ပါပဲ။ အခု နယုန်လဆန်း ၄ ရက် ၅ ရက်မှာ ရေစ၀င်တယ်။ သဲသောင်ထု ပမာဏက တစ်နှစ်ထက်တစ်နှစ် ပိုလာတယ်။ မနှစ်က နွေမှာ သဲသောင်တွေ သိသိသာသာထွန်းလို့ မနှစ်က စပြီး မြစ်ရေ စ၀င်ချိန်မှာ ခရီးသွားတွေ အခက်အခဲ ဖြစ်ရတယ်။ အရင်နှစ်တွေကတော့ သဲသောင်ခုံထုက နည်းတော့စက်လှေတွေက မြစ်ကမ်းနံဘေး အရင်းအထိ ကပ်လို့ရတယ်။ သဲသောင်ခုံရဲ့အထက် နှစ်တောင်ကျော်ရင် စက်လှေကို ကပ်လို့ရတယ်။ အခုတော့ ရေပမာဏ မမြင့်တာရော၊ သောင်ခုံရဲ့ အကျယ်နဲ့ထုက ပိုပိုကြီးလာတော့ စက်လှေနဲ့ရေက မလွတ်ဘူး။ မုံရွာ တစ်ဖက်ကမ်း ညောင်ပင်ကြီး ဆိပ်ကမ်းကို သွားတဲ့ ခရီးသည်တွေဟာ ဆိပ်ကမ်းကနေ သောင်ခုံပမာဏ အတော်များများ လမ်းလျှောက်ရတယ်။ ရေတိုးလာတဲ့ အချိန်အထိ ဒီအတိုင်း စောင့်နေရဦးမှာပါ''ဟု မုံရွာမြို့မှ တစ်ဖက်ကမ်း ညောင်ပင်ကြီး ဆိပ်ကမ်းသို့ နေ့စဉ် ကူးသန်းသွားလာနေသည့် ဈေးသည်တစ်ဦးက ပြောပြခဲ့သည်။
''ညောင်ပင်ကြီး ဆိပ်ကမ်းမှာ ပုံမှန် အသုံးပြုနေကျ ကမ္ဘာအေးကျောင်းတိုက် ဆိပ်ကမ်းက သဲသောင်ပြင်နေရာများတဲ့ သဲကုန်းကြီးပေါ့။ သဲကုန်းက ရေထဲမှာ လမ်းလျှောက်လို့ရတယ်။ နွံကုန်းလိုမျိုး မြေကလျှောက်ရင် ကျွံဝင်သွားတတ်တယ်။ သဲသောင်ပြင် သိပ်မကြီးတဲ့ နွံကုန်းက ညောင်ပင်ကြီး အမှတ်(၃)ရပ်မှာ ပိုများတယ်။ ရေနည်းနည်းတက်ရင် စက်လှေဆိပ်ကို အမှတ် (၃) ရပ်ကွက်ဘက် ပြောင်းမယ်လို့ သိရတယ်။ စက်လှေတွေကို သဲသောင်စပ်မှာ ရပ်ရတော့ ခရီးသည်တွေက လမ်းလျှောက်ရတယ်။ မြစ်ရေထဲဆင်းရမှာ ကြောက်တဲ့ မြစ်ရေထဲဆင်းရင် အကြောတက်တတ်တဲ့သူတွေ အတွက် လှေသမားတွေက တစ်ယောက် ကျပ် ၁၀၀ နဲ့ လိုက်ပို့တယ်။ ဆိုင်ကယ်ဆို ကျပ် ၂၀၀ ပဲ''ဟု ညောင်ပင်ကြီး ဆိပ်ကမ်းမှ လှေသမားတစ်ဦးက ပြောပြသည်။

''ဆိုင်ကယ် တစ်စီးက ကျပ် ၅၀၀ အသွားအပြန်ကို ကျပ် ၁၄၀၀၊ အခုလို ရေစ၀င်ချိန် ကာလမှာ လှေဖိုး ကျပ် ၄၀၀ နဲ့ ပေါင်းရင် ကျပ် ၁၈၀၀ ကျတယ်။ လှေမစီးဘဲ ရေထဲဆင်းလျှောက်တဲ့ လူတချို့ဆိုရင် အတိမ်အနက် မသိတော့ လဲတဲ့သူတွေ တွေ့ရတယ်''ဟု ခရီးသွား တစ်ဦးက ပြောပြခဲ့သည်။
Source : News-Eleven

Monday, June 20, 2011

သံတွဲတွင်ရေကြီး၍ ကယ်ဆယ်ရေး စခန်းဖွင့်ခဲ့ရသည် အထိ အခြေအနေ ဆိုးရွားခဲ့

ရခိုင်ပြည်နယ် သံတွဲမြို့တွင် မိုးဆက်တိုက်ရွာပြီး ရေကြီးခဲ့သဖြင့် မြေနိမ့်ပိုင်းမှ လူများကို ကယ်ဆယ်ရေး စခန်းဖွင့်၍ ဘေးလွှတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည်ဟု သတင်း ရရှိသည်။

“မိုးက တပတ်ကျော်လောက် အဆက်မပြတ်ရွာနေတဲ့ အတွက် လွန်ခဲ့တဲ့ သောကြာနေ့က စပြီး ချောင်းရေ တက်လာပြီး မြေနိမ့်ပိုင်းမှာ တည်ရှိတဲ့ အိမ်တွေ အကုန်လုံးရေမြုပ်ကုန်ပါတယ်။ ဒါကြောင့် လူတွေကို စက်လှေတွေနဲ့ ကယ်ထုတ်ပြီး ကယ်ဆယ်ရေး စခန်းကို ပို့ခဲ့ရပါတယ်။ မနေ့ညနေပိုင်းကတော့ ရေပြန်ကျသွားခဲ့ပြီ ဖြစ်တဲ့ အတွက် တချို့လည်း အိမ်ပြန်သွားကြပြီး တစ်ချို့လည်း ကယ်ဆယ် စခန်းမှာ ရှိနေပါသေးတယ်” ဟု သံတွဲမြို့ခံ တစ်ဦးက ပြောသည်။

ဇွန်လ ၁၇ ရက်နေ့က ရေတက်လာပြီး ဇွန်လ ၁၈ ရက်နေ့က မြေနိမ့်ပိုင်း နေရာ အတော်များများကို ရေမြုပ်ခဲ့သည်။ ရေမြုပ်ခဲ့သော နေရာများမှာ သံတွဲချောင်းကမ်းနဘေးတွင် တည်ရှိသော နေရာများနှင့် အမှတ် (၄) ရပ်ကွက် ဖြစ်ကြောင်း သိရသည်။

“ အနည်းဆုံး လူပေါင်း ၅၀၀ ခန့်ကို ကယ်ဆယ်ရေး စခန်းလုပ်ထားတဲ့ ဆံတော်တောင် ခြေရင်းမှာ ရှိတဲ့ ဓမ္မာရုံကို ပို့ပေးခဲ့ရပါတယ်။ ချောင်းရေ ချက်ချင်း မြင့်တက်လာတော့ အခြေအနေ စိုးရိမ်ရတဲ့ အတွက် အရေးပေါ် ကယ်ဆယ်ခဲ့ရတာ ဖြစ်ပါတယ်။ သံတွဲအထက်တန်းကျောင်း အပါအ၀င် စက်မူလက်မူ ကျောင်းကိုလည်း ပိတ်ထားခဲ့ရပါတယ်။ ကျောင်းတွေ ဒီနေ့ ဖွင့်မလားတော့ မပြောတတ်သေးပါဘူး” ဟု သူက ဆက်ပြောသည်။

သံတွဲတွင် ယမန်နှစ်ကလည်း ရေကြီးခဲ့ပြီး ယခု ရေကြီးမူက ယခင်နှစ်ကလောက် ဆိုးဝါးခြင်း မရှိကြောင်း သူက ပြောသည်။ “ ရေကြီးတဲ့ အခြေအနေက ယခင်နှစ်လောက်တော့ မဆိုးရွားဘူး။ ဒါပေမယ့် အခက်အခဲကတော့ အရင် နှစ်ကထက် ပိုများတယ်။ လူတွေက ရေကြီးတော့ အလုပ်အကိုင် ဆင်းမလုပ်နိုင်ကြဘူး။ လွန်ခဲ့တဲ့ နှစ်တွေကတော့ လူတွေမှာ စုဆောင်းထားတဲ့ စားစရာ သောက်စရာ ရှိတယ်။ ဒီနှစ်မှာတော့ စုဆောင်းထားတာလည်း မရှိတော့ လက်လုပ် လက်စားတွေက အထူး ဒုက္ခရောက်နေကြပါတယ်။ သူတို့အတွက် အကူအညီတွေ လိုအပ်နေပါတယ်။ သူတို့အတွက်တော့ တစ်ချို့ ချမ်းသာတဲ့ ရွာတွေက ကူညီနေတာတွေတော့ တွေ့ရပါတယ်။”

သံတွဲတွင် ၂၀၀၄ ခုနှစ်က အဆိုးရွားဆုံးရေကြီးခဲ့ပြီး ယခုနှစ်တွင်လည်း မိုးရွာသည်နှင့် စတင်ရေကြီးလာသဖြင့် ၂၀၀၄ ခုနှစ်ကလို ရေကြီးမည်ကို မြို့သူ မြို့သားများက စိုးရိမ်နေကြသည်ဟု သူက ပြောသည်။

ယခုကဲ့သို့သံတွဲတွင် နှစ်စဉ်လိုလို ရေကြီးပြီး မြေနိမ့်ပိုင်း ဒေသများကို ရေမြုပ်နေခြင်းမှာ ချောင်းများတိမ်ကောလာပြီး သစ်တောများ ပြုန်းတီးခြင်းကြောင့် ဖြစ်သည်ဟု တစ်ခြား မြို့လူကြီး တစ်ဦးက ပြောသည်။

“ သံတွဲချောင်းက အခု တိမ်ကောလာပြီ။ တောင်ပေါ် ချောင်းဖျားက ရေကျများရင် သံတွဲချောင်းရေက တက်လာပြီး နစ်တော့တာပါဘဲ။ ပီးရင် သံတွေ အနီးအနားမှာ အခုဆိုရင် သစ်တောတွေ မရှိတော့ဘူး။ စီးပွားရေး သမားတွေ သစ်တွေကို မဆင်မခြင် ထုတ်တဲ့ အတွက် သစ်တောတွေ ပြုန်းတီးကုန်ပြီ။ ဒါကလည်း သံတွဲမှာ ရေကြီးရတဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။

သံတွဲတွင် မိုးတွင်း ရေကြီးလျှင် အနည်းဆုံး တစ်ကြိမ်မှ သုံးကြိမ်ထိ ရေကြီးတတ်သဖြင့် ဆက်လက် မိုးရွာပြီး နောက်ထပ် ရေကြီးမည်ကို မြို့သူ မြို့သားများက စိုးရိမ်နေကြသည်ဟု သိရသည်။


Source : Narinjara

ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး နစ်မြုပ်ရာနေရာကို ရှာဖွေတွေ့ရှိထား

မြစ်အတွင်း နှစ်ပေါင်း ၃၀၀ ၀န်းကျင် နစ်မြုပ်နေသည့် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး နစ်မြုပ်ရာ နေရာအား ရှာဖွေတွေ့ရှိထားသော်လည်း နည်းပညာ လိုအပ်ချက်ကြောင့် ဆယ်ယူမှု မပြုနိုင်သေး၍ နည်းပညာ အသုံးပြုဆယ်ယူပေးရန် အင်္ဂလန်နိုင်ငံမှ ကမ်းလှမ်းထားကြောင်း Global 9 Education Centre မှသတင်း ရရှိပါသည်။

ဓမ္မစေတီ ခေါင်းလောင်းတော် ရှာဖွေမှုကို လွန်ခဲ့သောနှစ်များကပင် ဘူမိဗေဒပညာရှင်များ ပူးပေါင်းရှာ ဖွေခဲ့ရာ နစ်မြုပ်ရာ နေရာအားရှာဖွေ တွေ့ရှိထားပြီးဖြစ်သည်။ ယင်း နောက်၂၀၁၀ ပြည့်နှစ်တွင် သြစတြေး လျမှ ပညာရှင်များ လာရောက်ကာ ဓမ္မစေတီခေါင်းလောင်းတော်ရှာဖွေ မှုအားလုပ်ဆောင်ခဲ့သည်။ ထိုသို့လုပ်ဆောင်ရာတွင် ဓမ္မစေတီခေါင်းလောင်းတော် ရှိရာနေရာကို အတည်ပြုနိုင်ခဲ့သည်။ သို့သော် ဓမ္မစေတီခေါင်း လောင်းတော်အား လုပ်ရိုးလုပ်စဉ် နည်းအတိုင်း ဆယ်ယူပါက ပျက်စီးကြေမွနိုင်သည်ဟု ပညာရှင်များက တွက်ဆနိုင်ခဲ့သည့်အတွက် ဆယ်ယူ မှုမပြုနိုင်ခဲ့ကြောင်း သိရသည်။

“သြစတြေးလျက လာရှာတော့ နှစ်နေရာဖြစ်နေပေမယ့် ကျွန်တော်တို့ ပူးပေါင်းပြီး ကျွန်တော်တွေ့ရှိ ထားတဲ့နေရာကို ထောက်ပြလိုက်တော့ တွေ့သွားပါတယ်။ ဒါပေမယ့် ဆယ်မဖို့အတွက် နည်းပညာလိုနေတယ်။ လုပ်ရိုးလုပ်စဉ်နည်းအတိုင်း ဆယ်လိုက်ရင် အပေါ်ရောက်တဲ့အခါ ကြေမွသွားမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ရေထဲမှာ နှစ် ၃၀၀ ကျော်မြုပ်နေတာဖြစ်တဲ့အတွက်ပါ။ လိုအပ်နေတဲ့ နည်းပညာက ပြင်သစ်မှာ ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဓမ္မစေတီခေါင်းလောင်းကို အင်္ဂလန် က လာဖော်ပေးမယ်လို့ ကမ်းလှမ်းထားတာ ရှိပါတယ်။ အင်္ဂလန်က ဒုတိယကမ္ဘာစစ် အတွင်းတုန်းက သူတို့ပစ္စည်းတွေ မြန်မာနိုင်ငံမှာ မြုပ်ထားတာ ရှိပါတယ်။ အဲဒါကို သူတို့ က လာဖော်ချင်တယ်။ မြန်မာနိုင်ငံ ကခွင့်ပြုပေးရမယ်။ ခွင့်ပြုပေးရင် သူတို့က ဓမ္မစေတီခေါင်းလောင်းကို အကောင်းအတိုင်း ဆယ်ယူပေးမယ်လို့ ကမ်းလှမ်းထားတာပါ။ သူတို့ ပစ္စည်းကိုဖော်ပြီးရင်ပစ္စည်းကို ဆယ်ပုံပုံပြီးနှစ်ပုံကို မြန်မာကိုပေးခဲ့မယ်၊ ကျန်ပစ္စည်းရှစ်ပုံကိုတော့ ပြတိုက်နဲ့ ဟိုတယ်တွေကို ရောင်းချပြီး ရန်ပုံငွေရှာမယ်လို့ ပြောပါတယ်” ဟု ဓမ္မစေတီ ခေါင်းလောင်းတော် နစ်မြုပ်နေသည့် နေရာအား ရှာဖွေတွေ့ရှိထားသူ ဘူမိ ဗေဒပညာရှင် ဦးစိုးသိမ်း(ပါမောက္ခငြိမ်း) က ရှင်းပြခဲ့ပါသည်။


ဓမ္မစေတီခေါင်းလောင်းတော် ကြီး၏ အ၀အကျယ်မှာ ၁၀ပေရှိပြီး အရှည်မှာ ၁၂ ပေရှိကြောင်း သိရ သည်။ အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးသည် ငဇင်ကာမင်း လက်ထက်က သန်လျင်ဘက်သို့သင်္ဘောဖြင့် သယ်ယူရာ၌ ပဲခူးမြစ်နှင့် ပုဇွန်တောင်မြစ်ဆုံရာ အကွေ့နေရာ တွင် သင်္ဘောနှစ်စီးတိုက်မိရာမှ ရန် ကုန်မြစ်ထဲသို့ ပြုတ်ကျနစ်မြုပ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

အငြိမ်းစားပါမောက္ခ ဦးစိုးသိန်း က “ဓမ္မစေတီခေါင်းလောင်း ရှာဖွေ တွေ့ရှိမှုမှာ ကျွန်တော်တို့တွေ့ရှိတုန်းက ဓမ္မစေတီခေါင်းလောင်း နစ်မြုပ်နေမှုမှာ အပေါ်ရေထုက ၆၀ နဲ့မြေထုက ၂၀ စမ်းသပ်ချက်တွေ့ရှိ ခဲ့တာပါ။ ဒါပေမယ့် သြစတြေးလျ ပညာရှင်တွေ စမ်းသပ်ချက်ကတော့ အပေါ်ရေထုက ၆၀နဲ့ မြေထုက ၁ မီတာ(၃ ပေ) ပဲ ကျန်တော့တယ်လို့ သိရပါတယ်။ အဲဒီတော့မြေကြီးက ဖုံးရုံပဲဖုံးနေတာပေါ့။ ဆယ်ဖို့ လွယ်ပေမယ့် နည်းပညာနဲ့ မဆယ်ရင် ခေါင်းလောင်းကို အကောင်းအတိုင်း ရရှိမှာ မဟုတ်ပါဘူး”ဟု ရှင်းပြခဲ့ပါသည်။

Thursday, June 16, 2011

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၇ ရာခိုင်နှုန်းသာ ကျန်ရှိပြီး ၃၆ နှစ်အတွင်း ၁၄ ရာခိုင်နှုန်းအထိ လျော့ကျ

 ရန်ကုန်-ပြည်လမ်း တစ်နေရာတွင် မောင်းနှင်နေသော သစ်လုံးတင်ကားတစ်စီးကို တွေ့ရစဉ်

၁၉၇၅ ခုနှစ်ဝန်းကျင်မှ စတင်လျော့ကျလာသည့် မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ဧရိယာသည် ယခုနှစ်တွင် နိုင်ငံဧရိယာ၏ ၄၇ ရာ ခိုင်နှုန်းအထိ ကျဆင်းလာကြောင်း ဇွန်လပထမပတ်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနား၌မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၁၉၇၅ ခုနှစ်တွင် နိုင်ငံ ဧရိယာ၏ ၆၁ ရာခိုင်နှုန်း၊ ၁၉၈၉ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၅၉ ရာခိုင် နှုန်း၊ ၁၉၉၈ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၅၂ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ်တွင် ၄၇ ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်း ဒုတိယသမ္မတက ဆက်လက်ပြောကြားခဲ့သည်။
တိုးပွားလာသောလူဦးရေနှင့် အညီလိုအပ်သော စားနပ်ရိက္ခာ ဖြည့်ဆည်းပေးရသည့်အတွက် သစ်တောများ လျော့နည်းပြုန်းတီးပြီး သစ်တောမြေများလည်း လျော့နည်းလာခဲ့ကြောင်း၊ မြန်မာနိုင်ငံ၌ ၁၈၅၆ ခုနှစ်မှ စတင်ကာ မြန်မာ့ရွေးချယ် ခုတ်လှဲမှုစနစ်ဖြင့် နှစ် စဉ်ထွက်ရှိနိုင်သည့် သစ်ပမာဏထက် ပိုမိုထုတ်လုပ်ရန်ဆိုသည့် သတ်မှတ်ချက်ဖြင့် သစ်ထုတ်ယူခွင့်များကို ခွင့်ပြုပေးခဲ့ကြောင်း၊ ကျန်ရှိနေသေးသည့် သဘာဝတောကျန်များကို ထိန်းသိမ်းရန် လိုအပ်နေပြီဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
၁၉၇၅ ခုနှစ်မှ ၂၀၁၀ပြည့်နှစ် အထိ ၃၆ နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုမှာ ၁၄ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
တရားမ၀င် သစ်ထုတ်ယူမှုများကို စနစ်တကျ တားဆီးလျက်ရှိသော်လည်း စီမံခန့်ခွဲရန် မလွယ်ကူသော၊ သွားလာရခက်ခဲသော ဒေသများရှိ သစ်တောများမှ တရားမ၀င် သစ်ထုတ်ယူမှုများ ရှိနေဆဲပင်ဖြစ်ကြောင်း သစ်တောပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
“အရင်တုန်းကတော့ တရားမ၀င် သစ်ထုတ်ယူမှုတွေကို ကာကွယ်ရာမှာ ဥပဒေအရဖမ်းဆီးတဲ့ သဘောကို အဓိက လုပ်တယ်။ တိုက်ရိုက်ကာကွယ်တာကတော့ ဥပဒေအရဖမ်းဆီးတာပဲ ဖြစ်ပါတယ်။ တိုက်ရိုက်ကာကွယ်မှု အပြင် ဒေသခံတွေ၊ စီးပွားရေးလုပ်ငန်းရှင် တွေကို စည်းရုံးသိမ်းသွင်းပြီး သွယ် ၀ိုက်ကာကွယ်တာတွေ ရှိပါတယ်။ ဒီလိုကာကွယ်မှုတွေ ပြုလုပ်ခဲ့သလို သစ်တောဝန်ကြီးဌာနအပြင် တခြား အာဏာပိုင်အဖွဲ့အစည်းတွေ ပူးပေါင်း ပြီး တရားမ၀င် သစ်ထုတ်ယူသူတွေ ကိုဖမ်းဆီးခဲ့တာတွေလည်း ရှိပါတယ်။ တရားမ၀င် သစ်ထုတ်ယူမှုတွေရဲ့ အဓိကအကြောင်းအရင်းကတော့ ဈေးကွက်ဝယ်လိုအားရှိလို့ဖြစ်ပါ တယ်။ နယ်စပ်ဖြတ်ကျော် တရားမ၀င်သစ်ထုတ်ယူမှုတွေကိုလည်း တခြားအိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီးတရုတ်၊ ယိုးဒယားနယ်စပ် ဧရိယာတွေမှာ ကာကွယ်မှုပြုလုပ်တာ မျိုးတွေရှိခဲ့ပါတယ”  ဟု သစ်တော ရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူးချုပ် တစ်ဦးက ဆိုပါသည်။
ထို့ပြင် စစ်တမ်းတစ်ခုအရ ကမ္ဘာ့သစ်တော ပြုန်းတီးမှုပမာဏမှာ နှစ်စဉ်ဟက်တာ ၁၃ သန်းခန့်အထိ ရှိကြောင်း၊ သစ်တောပြုန်းတီးမှု အများဆုံးနိုင်ငံမှာ ဘရာဇီးနိုင်ငံဖြစ်ပြီး ဒုတိယအများဆုံးမှာ အင်ဒိုနီးရှား နိုင်ငံဖြစ်ကြောင်း သိရှိရသည်။
သစ်တောပညာရှင်များ၏ သုံးသပ်ချက်အရ  သဘာဝသစ်တောများမှ စီးပွားဖြစ် သစ်အလွန်အကျွံ ထုတ်ယူမှုများ၊ များပြားလာသော လူဦးရေအတွက် ထင်းထုတ်ယူ သုံးစွဲမှုများပြားလာခြင်း၊ စိုက်ပျိုးမြေ များ ပိုမိုချဲ့ထွင်လာခြင်းတို့ကြောင့် နှစ်စဉ်သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်လျက်ရှိနေရခြင်းဖြစ်ကြောင်း သိရှိရသည်။

Source : News Eleven 
 

Tuesday, June 14, 2011

FEC တယူနစ်လျှင် ဒေါ်လာ ကျပ် ၁၀၀ကျော် နိမ့်ကျသောကြောင့် လုပ်ငန်းများ အခက်အခဲဖြစ်

အမေရိကန်ဒေါ်လာနှင့် တန်ဖိုးတူညီသည်ဟု သတ်မှတ် ထုတ်ဝေထားသော FEC (foreign Exchange Certificate) တယူနစ်လျှင် ဒေါ်လာထက် ကျပ် ၁၀၀ ကျော် နိမ့်ကျနေ သောကြောင့် FEC နှင့် ငွေလက်ခံရသော လုပ်ငန်းများ အခက်အခဲ ဖြစ်နေကြကြောင်း သတင်းရရှိသည်။

အမေရိကန်ဒေါ်လာ တန်ဖိုးသည် လွန်ခဲ့သည့် ရသတ္တ ၃ ပတ်ခန့်ကတည်းက တရိပ်ရိပ် ကျဆင်းနေပြီး ယနေ့ ဈေးနှုန်းမှာ ၁ ဒေါ်လာလျှင် ၇၄၅ ကျပ်သာရှိ၍ FEC တယူနစ်လျှင် ၆၄၀ ကျပ်သာ ရှိတော့သည်။

ထိုသို့ FEC ဈေးနှုန်းများ ကျဆင်းနေသောကြောင့် FEC ဖြင့် ပေးချေရသည့် ဟိုတယ်များ၊ လေကြောင်းလိုင်းများ၊ ခရီးသွား ကုမ္ပဏီအများစုက လုံးဝ လက်မခံတော့ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေးဈေးကွက်မှ စုံစမ်း သိရှိရသည်။

“အထူးသဖြင့်တော့ ခရီးသွားကုမ္ပဏီတွေ၊ လေကြောင်းလိုင်းတွေ၊ ဟိုတယ်တွေ အများစုကတော့ FEC ကို လုံးဝ လက်မခံဘူး။ အစိုးရက FEC ကိုလက်ခံဖို့ ညွှန်ကြားချက်ထုတ်ထားတာ ရှိတယ်။ တချို့ကတော့ FEC တ၀က်၊ ဒေါ်လာတ၀က် လက်ခံတာမျိုး ရှိတယ်။ ငွေလဲနှုန်း ပြဿနာက တော်တော်ကို တက်နေပြီ။ ဒေါ်လာရယ်၊ FEC ရယ် ဈေးကျ လွန်းတဲ့အတွက် ခရီးသွား လုပ်ငန်းတွေ အကုန်ထိတယ်” ဟု ရန်ကုန် အခြေစိုက် ခရိးသွား ဧည့်လမ်းညွှန် တဦးက ပြောသည်။

ရန်ကုန်မြို့ရှိ Park Royal Hotelသည်လည်း ငွေလဲနှုန်း ကွာဟမှုကြောင့် FEC ကို လက်ခံမည် မဟုတ်ဘဲ အမေရိကန် ဒေါ်လာကိုသာ လက်ခံမည် ဖြစ်ကြောင်း ရှင်းပြသည်။

“FEC လက်မခံဘူး။ အစိမ်း (အမေရိကန်ဒေါ်လာ) ပဲ လက်ခံပါတယ်။ ငွေလဲနှုန်းကွာလို့ လက်မခံ တော့တာပါ” ဟု Park Royal Hotel ဧည့်ကြိုဌာနမှ ၀န်ထမ်းတဦးက ပြောသည်။

ရန်ကုန်ရှိ ကုန်သည်ကြီးများ ဟိုတယ်ကလည်း FEC နှင့် ဒေါ်လာဈေးနှုန်း ကွာဟမှုကြောင့် မကြာမီ ရက်ပိုင်းအတွင်း FEC လက်ခံမှု ရပ်ဆိုင်းသွားရန် ရှိသည်ဟု အဆိုပါ ဟိုတယ်မှ ဝန်ထမ်းတဦးက ဆိုသည်။

“FEC ကို အခန်းခ ရှင်းဖို့ ဒီနေ့လက်ခံပေမယ့်၊ မနက်ဖြန် လက်ခံမှာလား ဆိုတာတော့ မသိသေးပါဘူး။ လက်မခံဖို့ကတော့ များတယ်လို့ပဲ ပြောရမှာပါ” ဟု ၎င်းက ပြောသည်။

အမေရိကန်ဒေါ်လာနှင့် FEC သည် ယခင်က တန်ဖိုးအနည်းငယ်သာ ကွာဟ သော်လည်း ယခုဇွန်လတွင် ရုတ်တရက်တန်ဖိုးကွာဟမှု ကြီးမားလာကြောင်း၊ အမေရိကန်ဒေါ်လာ သည်ပင်လျှင် ဈေးကွက်တွင် ၀ယ်သူနည်းပါး လွန်းသော အခြေအနေ ဖြစ်နေသောကြောင့် FEC ကို ၀ယ်သူထက် ရောင်းသူ အလွန် ပေါများပြီး တန်ဖိုး ဆက်တိုက် ကျဆင်းနေကြောင်း ဈေးကွက်မှ သိရသည်။

မေလ ၃ ရက်နေ့က အမေရိကန်တဒေါ်လာ ၈၃၇ ကျပ်ရှိချိန်တွင် FEC သည် တယူနစ်လျှင် ၈၃၄ ကျပ်ဈေး ရှိခဲ့ပြီး ဈေးနှုန်း ကွာဟမှု ကျဉ်းမြောင်းခဲ့သော်လည်း ဇွန်လ ၁၁ ရက်နေ့က အမေရိကန် တဒေါ်လာ ၇၆၀ ကျပ်ရှိချိန်တွင် FEC သည် တယူနစ် ၆၅၈ ကျပ်အထိ ဈေးထိုးကျခဲ့ပြီး ဒေါ်လာနှင့် FEC ကြား ဈေးနှုန်းကွာဟမှု ၁၀၀ ကျပ်ကျော်အထိ ဖြစ်ပေါ်ခဲ့သည်။

FEC ကို အများဆုံး ထုတ်ရောင်းနေကြသော သူများတွင် ဦးတေဇ ပိုင်ဆိုင်သည့် ထူး ကုမ္ပဏီကဲ့သို့သော စီးပွားရေး လုပ်ငန်းကြီးများ ပါဝင်သည်ဟု ရန်ကုန်စီးပွားရေး သမားများက ဆိုသည်။

“ထူးကုမ္ပဏီမှာ FEC ကို နိုင်ငံခြားငွေကြေးအဖြစ် လက်ခံ လုပ်ပေးနေရတာတွေ အများကြီးရှိတယ်။ ဥပမာ ဆိုရင် FEC ဖုန်းကတ်တွေ၊ ငွေဖြည့်ကတ်တွေ ရောင်းတာမျိုးရှိတယ်၊ အဲပုဂံ လေကြောင်းလိုင်းမှာ FEC နဲ့ လက်မှတ်ဝယ်ဖို့ လက်ခံရတာမျိုး ရှိသလို တချို့ လုပ်ငန်းတွေမှာလည်း FEC ကို အမေရိကန်ဒေါ်လာနဲ့ တန်ဖိုးညီမျှတဲ့ငွေကြေး အဖြစ် လက်ခံရတာ မျိုးတွေရှိတယ်။ ထူးကုမ္ပဏီလိုမျိုး FEC ၀င်ငွေများတဲ့ တခြား ကုမ္ပဏီတွေကလည်း FEC ထုတ်ရောင်းကြတယ်” ဟု FEC နှင့်အမေရိကန်ဒေါ်လာ နှစ်မျိုးကိုသာ သီးသန့် အရောင်းအ၀ယ် လုပ်နေသူ တဦးက ရှင်းပြသည်။

FEC တန်ဖိုးကျခြင်းကြောင့် ကုလသမဂ္ဂအပါအ၀င် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ စီမံကိန်းများ၊ FEC နှင့် လစာ ရရှိနေသော အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ၀န်ထမ်းများ၊ နိုင်ငံခြား ကုမ္ပဏီ များတွင် လုပ်ကိုင်လျက် ရှိသော ၀န်ထမ်းများ အဆင်မပြေဖြစ်နေသည်ဟု သိရှိရသည်။

“NGO၊ INGO တွေက ဝန်ထမ်းတွေ၊ ဟိုတယ်တွေ၊ နိုင်ငံခြား ကုမ္ပဏီတွေမှာ လုပ်တဲ့ ဝန်ထမ်းတွေက FEC နဲ့ လစာရတာလေ။ ငွေလဲနှုန်း ကျလွန်းတော့ ၀င်ငွေက အတော်ကို လျော့ကုန်ကြတယ်။ အရင် ငွေလဲနှုန်းက FECတယူနစ်ကို ကျပ် ၁၀၀၀ လောက် ရှိတော့ တလကို FEC ၂၅၀ လောက် ရတဲ့သူက ကျပ် ၂ သိန်းခွဲလောက် ရတယ်။ အခုဆို ၁ သိန်း ၆ သောင်း လောက်ပဲ ရတော့တယ်။ သူတို့ ၀င်ငွေက ၃၀ ရာခိုင်နှုန်းကျော် ကျသွားတယ်” ဟု ရန်ကုန် Chatrium Hotel ဟိုတယ် ၀န်ထမ်းတဦးက ပြောသည်။

ပြည်တွင်း စီးပွားရေးပညာရှင်တဦးက ငွေလဲနှုန်း အလွန်ကျဆင်းမှုကြောင့် မြန်မာ့ပို့ကုန် စီးပွားရေးရပ်တန့် နေပြီဟု ဆိုသည်။

“အစိုးရက ဘာလုပ်ရမှန်း မသိတာလား၊ ကျပ်ငွေတန်ဖိုး တက်တယ်ဆိုပြီး ထိုင်ကြည့်နေတာလား မဝေခွဲတတ်ဘူး။ ဒီငွေ တန်ဖိုးတက်တာက နိုင်ငံကို ဆင်းရဲမှုတွေ ဖြစ်စေမယ်။ သွင်းကုန်တွေချည်းပဲ သွင်းကုန်တဲ့ စီးပွားရေးကို ဦးတည်နေတယ်။ ဒါကို အမြန် ထိန်းဖို့လိုနေပြီ။ ဒါကိုမထိန်းရင် အားလုံးထိခိုက်နေပြီ” ဟု အဆိုပါပညာရှင်က ပြောသည်။

ယခင် စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က FEC များကို အမေရိကန်ဒေါ်လာ အစားထိုး နိုင်ငံခြားငွေအဖြစ် ထုတ်ဝေသုံးစွဲခဲ့သည်။

Source : Travel Myanmar Group

Saturday, June 11, 2011

ပြည်တွင်းလေကြောင်း ခရီးစဉ်အချို့တွင် e- ticket စနစ်စတင်ကျင့်သုံး

ပြည်တွင်း လေကြောင်း ခရီးစဉ် အချို့တွင် e- ticket စနစ်ကို Air Bagan လေကြောင်းလိုင်းမှ ၂၀၁၁ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စတင် ကျင့်သုံးလျက် ရှိကြောင်း Air Bagan မှ Senior Marketing Assistant မှ ပြောပြခဲ့သည်။ Air Bagan လေကြောင်းလိုင်းသည် SITA Reservation System ဖြင့် e- ticket အား နိုင်ငံတကာ ခရီးစဉ် ဖြစ်သော ရန်ကုန်- ချင်းမိုင် ခရီးစဉ်တွင် ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှ စတင် အသုံးပြုခဲ့သည်။ ယခုအခါ ညောင်ဦး၊ မန္တလေးနှင့် ဟဲဟိုး ခရီးစဉ်များ၌ e- ticket စနစ်အား စတင် အသုံးပြုနေကြောင်း၊ ပထမဆုံးအနေဖြင့် အဖွဲ့လိုက်ဘွတ်ကင် (group booking) အတွက်သာ ရည်ရွယ်ပြီး နောက်ပိုင်းတွင် တစ်ဦးချင်း ခရီးသွားများ အတွက် တိုးချဲ့ အသုံးပြုသွားမည်ဖြစ်ပြီး e- ticket ထုတ်ယူမှုအား Air Bagan Ticketing office များတွင်သာ စတင်ထုတ်ပေးမည်ဟု သိရကြောင်း ၂၀၁၁ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
 
Source : Khit Lu Nge

Friday, June 03, 2011

ဒီရေတော ပျက်သုဉ်းမှု စိုးရိမ်ဖွယ်

(မင်္ဂလာမြန်မာ ဒေါက်တာဖုန်းဝင်းနှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္ဈိမ) ။ ။ဇွန်လ ၅ ရက်နေ့သည် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်သည်။ ၂ဝ၁၁ ခုနှစ်အတွက် ဆောင်ပုဒ်မှာ “သဘာဝ ပတ်ဝန်းကျင် ထာဝစဉ် တည်တံ့ရေး သစ်တောများကို ထိန်းသိမ်းပေး” ဟူ၍ ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ဒီရေတောများ ပျက်စီးဆုံးရှုံးမှု၊ ဖွံ့ဖြိုးရေး လုပ်ငန်းများကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးရမှုများ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ဆိုးကျိုးများ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ စသည်တို့ကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဒီရေတောများ ပြန်လည် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် မင်္ဂလာမြန်မာ အကျိုးဆောင်အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းကို မဇ္ဈိမသတင်းထောက် မျိုးသန့် က မေးမြန်းထားပါသည်။

ဒီလ ၅ ရက်နေ့က ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဆိုတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး လုပ်နေတာ သိပါရစေ။

“လောလောဆယ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့လုပ်နေတာ သစ်ပင်စိုက်တာကို အဓိက ဦးစားပေး ပြောရရင် ကျနော်တို့က ဒီရေတောပင် ၇၀၀,၀၀၀ စိုက်တယ် အဲဒါတွေက ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းမှာပေါ့ ဒီပင်လယ်ကမ်းနားတွေမှာပေါ့ ရွာပေါင်း ၆၀ ကျော်လောက် ပါမယ်၊ ဧရာဝတီထဲမှာ တဝက်လောက် စိုက်မယ် ရန်ကုန်ထဲမှာ တဝက်လောက် စိုက်မယ်”

ဘယ်မြို့နယ်တွေလဲ ခင်ဗျာ့ ဘယ်တုန်းက စလုပ်တာလဲ။

“ဧရာဝတီမှာ ဘိုကလေးမြို့နယ်ပေါ့နော်၊ ရန်ကုန်တိုင်းမှာကျတော့ တညင်၊ ကျောက်တန်းပေါ့ အဲဒီပင်လယ်ဝဘက်မှာ စိုက်မှာပေါ့၊ ကျနော်တို့ အဲဒါကို မနှစ်က နိုဝင်ဘာလောက်တည်းက စပြီးတော့ လုပ်တယ် ဒါပေမယ့် ဒီနှစ်ထဲမှာတော့ အရှိန်ရလာပြီပေါ့လေ ပြီးတော့ မပြီးသေးဘူး”

နည်းပညာက ဘယ်ကယူပါလဲခင်ဗျာ့။

“နည်းပညာကတော့ မော်လမြိုင်တက္ကသိုလ်ရှိတယ်၊ ပုသိမ်တက္ကသိုလ် အဲဒီက ဆရာတွေဖြစ်တဲ့ ဒေါက်တာ ဆွေသွင်တို့
 ဒေါက်တာ စန္ဒာထွန်းတို့ ကျနော်တို့ကို စာအုပ်တွေလည်း ထုတ်ထားပေးတယ် အဲဒီစာအုပ်က လွန်ခဲ့တဲ့ ၂ နှစ်က ပတ်ဝန်းကျင် ထိန်းသိမ်းရေး အထိမ်းအမှတ်အဖြစ် ထုတ်ထားတာ သူတို့ အကူအညီနဲ့လုပ်တယ်”

မျိုးကျတော့ ဘယ်လိုလုပ်ပါသလဲ။

“မျိုးကတော့ အဓိက ဓနိပေါ့၊ ဓနိအသီးကတော့ ကျနော်တို့ နီးစပ်ရာ နေရာကနေယူတယ် မျိုးတွေ ကောင်းကောင်း ထွက်တဲ့ ရွာတွေလည်း ရှိတယ် အဲဒီရွာတွေနဲ့လည်း ကျနော်တို့ ပူးပေါင်းပြီးတော့ ရှာတယ် ပျိုးပင်တွေလုပ်ပြီးတော့ ကျနော်တို့ စုပြီးတော့ သုံးတာပေါ့”

မြန်မာနိုင်ငံမှာ ဒီရေတော ဧရိယာ ဘယ်လောက် ရှိခဲ့လဲ၊ အခုဘယ်လောက် ကျန်သေးလဲ။

“ဒီရေတော ဧရိယာက အချက်အလက်ကတော့ အတိအကျ မရဘူးဗျ ပဲခူး တချို့ကမ်းခြေတွေမှာ ရှိတယ်၊ မွန်မှာ ရှိတယ် မွန်ကတော့ တော်တော်နည်းသွားပြီ တနင်္သာရီမှာလည်း ရှိသေးတယ်၊ ဒါပေမယ့် ကျနော်သိတာတော့ အခုရှိနေတဲ့ဟာက အရင်ရှိခဲ့တာထက် ၃၀ ရာခိုင်နှုန်း ၄၀ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ် အဲဒီလိုဟာတွေကို ၅၀ ရာခိုင်းနှုန်း ရအောင် စိုက်မလား ၆၀ ရာခိုင်နှုန်း ရအောင် စိုက်မလား အဲဒီလိုမျိုး လုပ်ရမှာပေါ့”

ဘာကြောင့် ၃၀ ရာနှုန်းလောက်ပဲ ကျန်ခဲ့တာလဲခင်ဗျာ့။

“၁၉၈၀ ကျော်ကျော်လောက်မှာ ကမ္ဘာ့ဘဏ်ကနေ မြန်မာပြည်ကို လာပြီးတော့ ဒီရေတောကနေ ပုဇွန်ကန် ဖြစ်ရမယ် လယ်ကွင်း ဖြစ်ရမယ် ဒါမှ သားငါးပေါမယ် ဆန်စပါး ဖူလုံမယ်ဆိုတဲ့ စီမံကိန်း လုပ်ခဲ့ဖူးတယ်၊ အဲဒါလွန်ခဲ့တဲ့ နှစ် ၃ဝ လောက် သူတို့ရဲ့ ယူဆချက်ပေါ့လေ အဲဒါကို အကောင်အထည် ဖေါ်ရင်းနဲ့ ၁၉၈၈ ရောက်တော့ ကမ္ဘာ့ဘဏ်က ရပ်ပြီးတော့ ပြန်သွားကော ပြန်သွားပြီး သုံးလေးနှစ်လောက်နေတော့ သူတို့က ဘာဖြစ်လဲဆိုတော့ ဒီရေတောတွေ ဒီလို ဆက်ခုတ်နေလို့ရှိရင် ဆိုင်ကလုန်းဖြစ်မယ် ဆူနာမီဖြစ်မယ် လူတွေသေမယ်ဆိုတာ သွားတွေ့သွားတယ်
တွေ့တော့ သူတို့ရဲ့ အယူအဆကို ပြင်လိုက်တယ်”

၂ဝဝ၈ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ နာဂစ်ကြောင့်လည်း ဒီရေတောတွေ ဆုံရှုံးခဲ့တယ်လို့ သိပါတယ် အခု အဲဒီဒေသရဲ့ အခြေအနေကကော။

“တကယ်တော့ နာဂစ် မတိုင်ခင်တည်းက ဒီရေတောတွေက မရှိတော့တာ ဥပမာ မိန်းမလှကျွန်းပေါ့ မိန်းမလှကျွန်းဆိုရင် သွားကြည့်ရင် ကမ်းဘေးနားမှာပဲ အပင်ရှိတာ အလယ်မှာ မရှိဘူး ကျနော်တို့ အဲဒီတုန်းက ရဟတ်ယာဉ်နဲ့လည်း သွားကြည့်တယ် ဓာတ်ပုံတွေလည်း အသေချာ ရိုက်ထားတယ်၊ သွားကြည့်ရင် သင်္ဘောနဲ့ သွားရင် သိပ်မသိသာဘူး သင်္ဘော ရပ်ပြီးတော့ ကုန်းပေါ်တက်ကြည့်ရင် အပင်က မရှိတော့ဘူး အလယ်မှာ ချုံပုတ်ပဲ ရှိတယ် ဆိုတော့ အဲဒါတွေက အရင်တုန်းက အချိန်အကြာကြီး မီးသွေးဖုတ် ရောင်းလာတဲ့ ပြဿနာပေါ့ သစ်ခုတ်ရောင်းလာတဲ့ ပြဿနာကြောင့် ဖြစ်တာပေါ့၊ ကျနော်တို့ အခုလုပ်တဲ့အခါမှာ မီးသွေးတွေ အလွန်အကျွံ ဖုတ်မရောင်းဖို့လည်း လိုသေးတယ်လေ မဟုတ်ရင် ကုန်မှာပဲလေ အဲဒီ မီးသွေးကို အစားထိုးနိုင်ဖို့ လည်းလိုတယ်”

ဒီလိုသဘာဝ ဘေးအန္တရာယ်တွေအပြင် တခြားဘာတွေက ဒီရေတောတွေကို ဆုံးရှုံးစေလဲ။

“တကယ်တမ်းကျတော့ ဒီပတ်ဝန်းကျင် ထိန်းသိမ်းရေးက ပတ်ဝန်းကျင် ထိခိုက်လို့ လူတွေ ကျန်းမာရေး ထိခိုက်တာကော၊ သောက်ရေတွေ ရှားပါးမှုကော နောက်တခုက စားနပ်ရိက္ခာ ဖူလုံဖို့အတွက် သစ်တောတွေကို ခုတ်ပြီးတော့ လယ်စိုက်တဲ့ ဟာမျိုးတွေ မလုပ်အောင်လည်း ထိန်းရမယ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကတော့ ဘက်ပေါင်းစုံက လုပ်ရမယ်”

ဖွံ့ဖြိုးရေး လုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်တယ်လို့လည်း သိရပါတယ် ဒီအပေါ်မှာကော ဆရာ့အမြင် ဘယ်လိုရှိပါသလဲ။

“ ဖွံ့ဖြိုးရေး လုပ်ငန်းတွေလုပ်ရင် ပျက်စီးသွားမယ့် သဘာဝ ပတ်ဝန်းကျင်ကိစ္စ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်မယ့်ကိစ္စ စက်ရုံတွေ တည်ထောင်လို့ ဖြစ်လာမယ့် ပတ်ဝန်းကျင် ထိခိုက်မှုတွေ ဒါတွေကိုလည်း ကျနော်တို့ ဂရုစိုက်ရမယ်”

ဆည်တွေ ဆောက်တာကြောင့်လည်း သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်တယ်လို့ ဝေဖန်မှုတွေ ရှိပါတယ် အဲဒီအပေါ်မှာကော ဘယ်လိုမြင်ပါသလဲ။

“အခုန ပြောတဲ့ မြစ်ထဲမှာ ရေနည်းလာတဲ့ ပြဿနာဟာ ရေကာတာတွေ ဆောက်လို့ ဖြစ်တဲ့ ပြဿနာ ပါသလို တကယ်တမ်းကျတော့ တကယ့် ရေနည်းဒေသတွေမှာရှိတဲ့ သစ်တောတွေ ပြုန်းတီးလို့လည်းပါတယ် အဲဒီသစ်တောတွေ ပြုန်းတီးတော့ သစ်ပင်တွေမရှိရင် ရေကနည်းတယ် ရေနည်းတဲ့အတွက် မြစ်တွေ
ချောင်းတွေကလည်း ရေနည်းတာ ပါတယ် သစ်တောမရှိတော့ မြစ်တွေထဲကို နှုန်းတွေဆင်းတယ် အဲဒီတော့ ချောင်းတွေကောတာလည်း ပြဿနာ တခုပဲ”

အင်းလေးကန် ရေခန်းတဲ့ကိစ္စမှာလည်း အစိုးရလည်း လုပ်နေတယ်ပေါ့ ဒါပေမယ့် အောင်မြင်မှု မရဘူးလို့ ဝေဖန်ကြပါတယ် ဒီအပေါ်မှာကော။

“အင်းလေးက ၁၉၉၄ ခုနှစ်လောက်ကစပြီးတော့ UNDP (ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်) နဲ့ သစ်တောဌာနက လုပ်တာပဲ ဒါပေမယ့် ကျနော်မြင်တာက ဒေသခံတွေ မပါဘူးပေါ့၊ ဒေသခံတွေ မပါတဲ့အတွက်
အောင်မြင်သင့်သလောက် မအောင်မြင်ဘူးပေါ့ နည်းပညာပိုင်းလည်း လိုအပ်တယ်ပေါ့လေ၊ NGO တွေကော အစိုးရဌာနတွေကော ဒေသခံတွေကော ပေါင်းပြီးလုပ်မှ ကောင်းမယ်”

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့အတွက် ဘယ်သူ့မှာ အဓိက တာဝန်ရှိပါသလဲ။

“သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ကတော့ လူတိုင်းမှာ တာဝန်ရှိတာပေါ့ NGO တွေမှာလည်း တာဝန်ရှိတယ် ရပ်ရွာလူထုတွေမှာလည်း တာဝန်ရှိတယ် အစိုးရမှာလည်း တာဝန်ရှိတယ်၊ သူ့အပိုင်းနဲ့ သူပေါ့ အစိုးရကတော့ ပိုကောင်းတဲ့ ပေါ်လစီတွေ မူဝါဒတွေ ချပေးဖို့ သူ့မှာတာဝန်ရှိတာပေါ့ NGO တွေကလည်း အစိုးရက မှန်ကန်တဲ့ မူဝါဒတွေ ချမှတ်ဖို့အတွက် ရပ်ရွာလူထုက မပြောနိုင်တဲ့အတွက် ရပ်ရွာလူထုရဲ့ သဘောထားတွေကို ကျနော်တို့က မေးရမယ် ရပ်ရွာလူထုရဲ့ သဘောထားကို ပေါ်လစီ ချမှတ်တဲ့ အစိုးရဆီကို ကျနော်တို့က ပို့ရမယ် နောက်တခုက ပညာရှင်တွေ တည်ထွင်ထားတဲ့ နည်းပညာတွေကို လူထုတွေဆီ ရောက်အောင် ပို့ရမယ်”

Source : Mizzima Burmese