Tuesday, June 21, 2011

ချင်းတွင်းမြစ်အတွင်း သဲသောင်ထု ပမာဏ ပိုများလာမှု အကျိုးဆက် အဖြစ် မိုးဦး မြစ်ရေ၀င်ချိန်တွင် ခရီးသွားများ အခက်တွေ့

ချင်းတွင်းမြစ် အတွင်း သဲသောင်ထု ပမာဏ ပိုများလာမှု အကျိုးဆက် အဖြစ် မိုးဦးကာလ ချင်းတွင်းမြစ်ရေ ၀င်ချိန်တွင် ခရီးသွားများ သွားလာရာတွင် အခက်အခဲ တွေ့ရကြောင်း သတင်းရရှိသည်။
''ဒီနှစ် မြစ်ရေ၀င်ချိန်ကတော့ ပုံမှန်ပါပဲ။ အခု နယုန်လဆန်း ၄ ရက် ၅ ရက်မှာ ရေစ၀င်တယ်။ သဲသောင်ထု ပမာဏက တစ်နှစ်ထက်တစ်နှစ် ပိုလာတယ်။ မနှစ်က နွေမှာ သဲသောင်တွေ သိသိသာသာထွန်းလို့ မနှစ်က စပြီး မြစ်ရေ စ၀င်ချိန်မှာ ခရီးသွားတွေ အခက်အခဲ ဖြစ်ရတယ်။ အရင်နှစ်တွေကတော့ သဲသောင်ခုံထုက နည်းတော့စက်လှေတွေက မြစ်ကမ်းနံဘေး အရင်းအထိ ကပ်လို့ရတယ်။ သဲသောင်ခုံရဲ့အထက် နှစ်တောင်ကျော်ရင် စက်လှေကို ကပ်လို့ရတယ်။ အခုတော့ ရေပမာဏ မမြင့်တာရော၊ သောင်ခုံရဲ့ အကျယ်နဲ့ထုက ပိုပိုကြီးလာတော့ စက်လှေနဲ့ရေက မလွတ်ဘူး။ မုံရွာ တစ်ဖက်ကမ်း ညောင်ပင်ကြီး ဆိပ်ကမ်းကို သွားတဲ့ ခရီးသည်တွေဟာ ဆိပ်ကမ်းကနေ သောင်ခုံပမာဏ အတော်များများ လမ်းလျှောက်ရတယ်။ ရေတိုးလာတဲ့ အချိန်အထိ ဒီအတိုင်း စောင့်နေရဦးမှာပါ''ဟု မုံရွာမြို့မှ တစ်ဖက်ကမ်း ညောင်ပင်ကြီး ဆိပ်ကမ်းသို့ နေ့စဉ် ကူးသန်းသွားလာနေသည့် ဈေးသည်တစ်ဦးက ပြောပြခဲ့သည်။
''ညောင်ပင်ကြီး ဆိပ်ကမ်းမှာ ပုံမှန် အသုံးပြုနေကျ ကမ္ဘာအေးကျောင်းတိုက် ဆိပ်ကမ်းက သဲသောင်ပြင်နေရာများတဲ့ သဲကုန်းကြီးပေါ့။ သဲကုန်းက ရေထဲမှာ လမ်းလျှောက်လို့ရတယ်။ နွံကုန်းလိုမျိုး မြေကလျှောက်ရင် ကျွံဝင်သွားတတ်တယ်။ သဲသောင်ပြင် သိပ်မကြီးတဲ့ နွံကုန်းက ညောင်ပင်ကြီး အမှတ်(၃)ရပ်မှာ ပိုများတယ်။ ရေနည်းနည်းတက်ရင် စက်လှေဆိပ်ကို အမှတ် (၃) ရပ်ကွက်ဘက် ပြောင်းမယ်လို့ သိရတယ်။ စက်လှေတွေကို သဲသောင်စပ်မှာ ရပ်ရတော့ ခရီးသည်တွေက လမ်းလျှောက်ရတယ်။ မြစ်ရေထဲဆင်းရမှာ ကြောက်တဲ့ မြစ်ရေထဲဆင်းရင် အကြောတက်တတ်တဲ့သူတွေ အတွက် လှေသမားတွေက တစ်ယောက် ကျပ် ၁၀၀ နဲ့ လိုက်ပို့တယ်။ ဆိုင်ကယ်ဆို ကျပ် ၂၀၀ ပဲ''ဟု ညောင်ပင်ကြီး ဆိပ်ကမ်းမှ လှေသမားတစ်ဦးက ပြောပြသည်။

''ဆိုင်ကယ် တစ်စီးက ကျပ် ၅၀၀ အသွားအပြန်ကို ကျပ် ၁၄၀၀၊ အခုလို ရေစ၀င်ချိန် ကာလမှာ လှေဖိုး ကျပ် ၄၀၀ နဲ့ ပေါင်းရင် ကျပ် ၁၈၀၀ ကျတယ်။ လှေမစီးဘဲ ရေထဲဆင်းလျှောက်တဲ့ လူတချို့ဆိုရင် အတိမ်အနက် မသိတော့ လဲတဲ့သူတွေ တွေ့ရတယ်''ဟု ခရီးသွား တစ်ဦးက ပြောပြခဲ့သည်။
Source : News-Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.