Tuesday, June 14, 2011

FEC တယူနစ်လျှင် ဒေါ်လာ ကျပ် ၁၀၀ကျော် နိမ့်ကျသောကြောင့် လုပ်ငန်းများ အခက်အခဲဖြစ်

အမေရိကန်ဒေါ်လာနှင့် တန်ဖိုးတူညီသည်ဟု သတ်မှတ် ထုတ်ဝေထားသော FEC (foreign Exchange Certificate) တယူနစ်လျှင် ဒေါ်လာထက် ကျပ် ၁၀၀ ကျော် နိမ့်ကျနေ သောကြောင့် FEC နှင့် ငွေလက်ခံရသော လုပ်ငန်းများ အခက်အခဲ ဖြစ်နေကြကြောင်း သတင်းရရှိသည်။

အမေရိကန်ဒေါ်လာ တန်ဖိုးသည် လွန်ခဲ့သည့် ရသတ္တ ၃ ပတ်ခန့်ကတည်းက တရိပ်ရိပ် ကျဆင်းနေပြီး ယနေ့ ဈေးနှုန်းမှာ ၁ ဒေါ်လာလျှင် ၇၄၅ ကျပ်သာရှိ၍ FEC တယူနစ်လျှင် ၆၄၀ ကျပ်သာ ရှိတော့သည်။

ထိုသို့ FEC ဈေးနှုန်းများ ကျဆင်းနေသောကြောင့် FEC ဖြင့် ပေးချေရသည့် ဟိုတယ်များ၊ လေကြောင်းလိုင်းများ၊ ခရီးသွား ကုမ္ပဏီအများစုက လုံးဝ လက်မခံတော့ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေးဈေးကွက်မှ စုံစမ်း သိရှိရသည်။

“အထူးသဖြင့်တော့ ခရီးသွားကုမ္ပဏီတွေ၊ လေကြောင်းလိုင်းတွေ၊ ဟိုတယ်တွေ အများစုကတော့ FEC ကို လုံးဝ လက်မခံဘူး။ အစိုးရက FEC ကိုလက်ခံဖို့ ညွှန်ကြားချက်ထုတ်ထားတာ ရှိတယ်။ တချို့ကတော့ FEC တ၀က်၊ ဒေါ်လာတ၀က် လက်ခံတာမျိုး ရှိတယ်။ ငွေလဲနှုန်း ပြဿနာက တော်တော်ကို တက်နေပြီ။ ဒေါ်လာရယ်၊ FEC ရယ် ဈေးကျ လွန်းတဲ့အတွက် ခရီးသွား လုပ်ငန်းတွေ အကုန်ထိတယ်” ဟု ရန်ကုန် အခြေစိုက် ခရိးသွား ဧည့်လမ်းညွှန် တဦးက ပြောသည်။

ရန်ကုန်မြို့ရှိ Park Royal Hotelသည်လည်း ငွေလဲနှုန်း ကွာဟမှုကြောင့် FEC ကို လက်ခံမည် မဟုတ်ဘဲ အမေရိကန် ဒေါ်လာကိုသာ လက်ခံမည် ဖြစ်ကြောင်း ရှင်းပြသည်။

“FEC လက်မခံဘူး။ အစိမ်း (အမေရိကန်ဒေါ်လာ) ပဲ လက်ခံပါတယ်။ ငွေလဲနှုန်းကွာလို့ လက်မခံ တော့တာပါ” ဟု Park Royal Hotel ဧည့်ကြိုဌာနမှ ၀န်ထမ်းတဦးက ပြောသည်။

ရန်ကုန်ရှိ ကုန်သည်ကြီးများ ဟိုတယ်ကလည်း FEC နှင့် ဒေါ်လာဈေးနှုန်း ကွာဟမှုကြောင့် မကြာမီ ရက်ပိုင်းအတွင်း FEC လက်ခံမှု ရပ်ဆိုင်းသွားရန် ရှိသည်ဟု အဆိုပါ ဟိုတယ်မှ ဝန်ထမ်းတဦးက ဆိုသည်။

“FEC ကို အခန်းခ ရှင်းဖို့ ဒီနေ့လက်ခံပေမယ့်၊ မနက်ဖြန် လက်ခံမှာလား ဆိုတာတော့ မသိသေးပါဘူး။ လက်မခံဖို့ကတော့ များတယ်လို့ပဲ ပြောရမှာပါ” ဟု ၎င်းက ပြောသည်။

အမေရိကန်ဒေါ်လာနှင့် FEC သည် ယခင်က တန်ဖိုးအနည်းငယ်သာ ကွာဟ သော်လည်း ယခုဇွန်လတွင် ရုတ်တရက်တန်ဖိုးကွာဟမှု ကြီးမားလာကြောင်း၊ အမေရိကန်ဒေါ်လာ သည်ပင်လျှင် ဈေးကွက်တွင် ၀ယ်သူနည်းပါး လွန်းသော အခြေအနေ ဖြစ်နေသောကြောင့် FEC ကို ၀ယ်သူထက် ရောင်းသူ အလွန် ပေါများပြီး တန်ဖိုး ဆက်တိုက် ကျဆင်းနေကြောင်း ဈေးကွက်မှ သိရသည်။

မေလ ၃ ရက်နေ့က အမေရိကန်တဒေါ်လာ ၈၃၇ ကျပ်ရှိချိန်တွင် FEC သည် တယူနစ်လျှင် ၈၃၄ ကျပ်ဈေး ရှိခဲ့ပြီး ဈေးနှုန်း ကွာဟမှု ကျဉ်းမြောင်းခဲ့သော်လည်း ဇွန်လ ၁၁ ရက်နေ့က အမေရိကန် တဒေါ်လာ ၇၆၀ ကျပ်ရှိချိန်တွင် FEC သည် တယူနစ် ၆၅၈ ကျပ်အထိ ဈေးထိုးကျခဲ့ပြီး ဒေါ်လာနှင့် FEC ကြား ဈေးနှုန်းကွာဟမှု ၁၀၀ ကျပ်ကျော်အထိ ဖြစ်ပေါ်ခဲ့သည်။

FEC ကို အများဆုံး ထုတ်ရောင်းနေကြသော သူများတွင် ဦးတေဇ ပိုင်ဆိုင်သည့် ထူး ကုမ္ပဏီကဲ့သို့သော စီးပွားရေး လုပ်ငန်းကြီးများ ပါဝင်သည်ဟု ရန်ကုန်စီးပွားရေး သမားများက ဆိုသည်။

“ထူးကုမ္ပဏီမှာ FEC ကို နိုင်ငံခြားငွေကြေးအဖြစ် လက်ခံ လုပ်ပေးနေရတာတွေ အများကြီးရှိတယ်။ ဥပမာ ဆိုရင် FEC ဖုန်းကတ်တွေ၊ ငွေဖြည့်ကတ်တွေ ရောင်းတာမျိုးရှိတယ်၊ အဲပုဂံ လေကြောင်းလိုင်းမှာ FEC နဲ့ လက်မှတ်ဝယ်ဖို့ လက်ခံရတာမျိုး ရှိသလို တချို့ လုပ်ငန်းတွေမှာလည်း FEC ကို အမေရိကန်ဒေါ်လာနဲ့ တန်ဖိုးညီမျှတဲ့ငွေကြေး အဖြစ် လက်ခံရတာ မျိုးတွေရှိတယ်။ ထူးကုမ္ပဏီလိုမျိုး FEC ၀င်ငွေများတဲ့ တခြား ကုမ္ပဏီတွေကလည်း FEC ထုတ်ရောင်းကြတယ်” ဟု FEC နှင့်အမေရိကန်ဒေါ်လာ နှစ်မျိုးကိုသာ သီးသန့် အရောင်းအ၀ယ် လုပ်နေသူ တဦးက ရှင်းပြသည်။

FEC တန်ဖိုးကျခြင်းကြောင့် ကုလသမဂ္ဂအပါအ၀င် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ စီမံကိန်းများ၊ FEC နှင့် လစာ ရရှိနေသော အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ၀န်ထမ်းများ၊ နိုင်ငံခြား ကုမ္ပဏီ များတွင် လုပ်ကိုင်လျက် ရှိသော ၀န်ထမ်းများ အဆင်မပြေဖြစ်နေသည်ဟု သိရှိရသည်။

“NGO၊ INGO တွေက ဝန်ထမ်းတွေ၊ ဟိုတယ်တွေ၊ နိုင်ငံခြား ကုမ္ပဏီတွေမှာ လုပ်တဲ့ ဝန်ထမ်းတွေက FEC နဲ့ လစာရတာလေ။ ငွေလဲနှုန်း ကျလွန်းတော့ ၀င်ငွေက အတော်ကို လျော့ကုန်ကြတယ်။ အရင် ငွေလဲနှုန်းက FECတယူနစ်ကို ကျပ် ၁၀၀၀ လောက် ရှိတော့ တလကို FEC ၂၅၀ လောက် ရတဲ့သူက ကျပ် ၂ သိန်းခွဲလောက် ရတယ်။ အခုဆို ၁ သိန်း ၆ သောင်း လောက်ပဲ ရတော့တယ်။ သူတို့ ၀င်ငွေက ၃၀ ရာခိုင်နှုန်းကျော် ကျသွားတယ်” ဟု ရန်ကုန် Chatrium Hotel ဟိုတယ် ၀န်ထမ်းတဦးက ပြောသည်။

ပြည်တွင်း စီးပွားရေးပညာရှင်တဦးက ငွေလဲနှုန်း အလွန်ကျဆင်းမှုကြောင့် မြန်မာ့ပို့ကုန် စီးပွားရေးရပ်တန့် နေပြီဟု ဆိုသည်။

“အစိုးရက ဘာလုပ်ရမှန်း မသိတာလား၊ ကျပ်ငွေတန်ဖိုး တက်တယ်ဆိုပြီး ထိုင်ကြည့်နေတာလား မဝေခွဲတတ်ဘူး။ ဒီငွေ တန်ဖိုးတက်တာက နိုင်ငံကို ဆင်းရဲမှုတွေ ဖြစ်စေမယ်။ သွင်းကုန်တွေချည်းပဲ သွင်းကုန်တဲ့ စီးပွားရေးကို ဦးတည်နေတယ်။ ဒါကို အမြန် ထိန်းဖို့လိုနေပြီ။ ဒါကိုမထိန်းရင် အားလုံးထိခိုက်နေပြီ” ဟု အဆိုပါပညာရှင်က ပြောသည်။

ယခင် စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က FEC များကို အမေရိကန်ဒေါ်လာ အစားထိုး နိုင်ငံခြားငွေအဖြစ် ထုတ်ဝေသုံးစွဲခဲ့သည်။

Source : Travel Myanmar Group

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.