Monday, July 04, 2011

မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် အိပ်စင်သီးသန့် အထူးရထား စတင် ပြေးဆွဲခြင်းနှင့်အတူ လက်ရှိ ရထားခရီးစဉ် ထွက်ခွာချိန်များ ပြောင်းလဲ ပြေးဆွဲ

 မန္တလေးဘူတာကြီး တစ်နေရာ

မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် အိပ်စင်သီးသန့် အထူးရထားကို ဇူလိုင်လ ၂ ရက်နေ့က စတင် ပြေးဆွဲခြင်းနှင့်အတူ လက်ရှိ ပြေးဆွဲလျက် ရှိသော ရထားခရီးစဉ် ထွက်ခွာချိန် များလည်း ပြောင်းလဲ ပြေးဆွဲခဲ့ကြောင်း သိရှိရသည်။ ၃၄ အစုန်၊ ၃၃ အဆန် အိပ်စင် အထူးရထားကို အတွဲကိုးတွဲ၊ ရိုးရိုးတန်းတွဲ တစ်တွဲ၊ ရထားထိန်းတွဲ တစ်တွဲတို့ ချိတ်ဆက်ကာ ပြေးဆွဲသွားမည် ဖြစ်ပြီး မန္တလေးမြို့မှ အပတ်စဉ် စနေ၊ အင်္ဂါ၊ ကြာသပတေးနေ့ မွန်းလွဲ ၁ နာရီတွင် ထွက်ခွာကာ မြစ်ကြီးနားမြို့သို့ နောက်တစ်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် ဆိုက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ ထို့အတူ မြစ်ကြီးနား မြို့မှလည်း တနင်္ဂနွေ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် ထွက်ခွာ၍ မန္တလေးမြို့သို့ နောက်တစ်နေ့ နံနက် ၆ နာရီ ၀န်းကျင်တွင် ဆိုက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားသားများ အတွက်မူ အိပ်စင် တစ်နေရာလျင် ၄၅ ဒေါ်လာနှင့် ရိုးရိုးတန်းနေရာ အတွက် အမေရိကန်ဒေါ်လာ ၁၈ ဒေါ်လာ သတ်မှတ်ထားသည်။ ''အိပ်စင်သီးသန့် ရထား အတွက် မန္တလေး-မြစ်ကြီးနားထိ လမ်းအစအဆုံး လက်မှတ်ဈေးနှုန်းက ကျပ် ၁၅၀၀၀ ဖြစ်ပါတယ်''ဟု မန္တလေးဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ''အခု ပြောင်းလဲပြေးဆွဲတဲ့ ခရီးစဉ်တွေမှာ မန္တလေးကနေ အရင် ၁၂ နာရီ ထွက်ခွာတဲ့  ၅၅ အဆန် အထူးအမြန်ရထားကို  ၂ နာရီ ၁၀ မိနစ် ပြောင်းလဲပြီး မြစ်ကြီးနားကနေ အရင် ၉ နာရီ ၄၅ မိနစ် ထွက်ခွာတဲ့ ၅၆ အစုန် အထူးအမြန်ရထားကို ၇ နာရီ ၄၅ မိနစ် ပြောင်းလဲခဲ့ပါတယ်။ မြစ်ကြီးနားက ထွက်မယ့် ၅၈ အစုန်နဲ့ ၄၂ အစုန် ရထားချိန်တွေကိုတော့ အရင် ထွက်ခွာချိန်တွေထက် နောက်ကျပြီး သတ်မှတ်ထားပါတယ်''ဟု ဆက်လက် ပြောကြားခဲ့သည်။

လက်ရှိ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် မြစ်ကြီးနားမှ မိုးကောင်း ဘူတာအထိ ပြေးဆွဲနေသော ရှေ့ပြေး (မိုင်းရှင်း)ရထား APT (Army Pilot Train)ကို ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး နယ်နိမိတ် အစပ်ရှိ
နန့်စီအောင်ဘူတာ အထိ ပြေးဆွဲသွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

Source : News-Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.