Saturday, July 09, 2011

ဇူလိုင်လ ၁ ရက်နေ့ မှစတင်၍ အသစ်လျှောက်ထားသော ယာယီမြန်မာနိုင်ငံကူး လက်မှတ်အား သက်တမ်း သုံးနှစ်မှ ခြောက်နှစ်အထိ တိုးမြှင့်

ထိုင်း - မြန်မာ နယ်စပ်တွင် ထုတ်ပေးလျက်ရှိသည့် ယာယီမြန်မာ နိုင်ငံကူးလက်မှတ်များကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ အသစ်စတင်လျှောက်ထားသူများအား ယခင်သက်တမ်း သုံးနှစ်အစား ခြောက်နှစ်သို့ တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း ယာယီ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဇူလိုင်လ ၁ ရက်နေ့တွင် စတင် လျှောက်ထားသည့် ယာယီ မြန်မာနိုင်ငံကူး လက်မှတ်များကို သက်တမ်း ခြောက်နှစ်တိုးမြှင့်လိုက်ခြင်းဖြစ်ပြီး ယခင်ပြုလုပ်ခဲ့ပြီးသော သက်တမ်းပြည့်၍ သက်တမ်းတိုးသည့် ယာယီမြန်မာ နိုင်ငံကူးလက်မှတ်များကိုမူ သက်တမ်းသုံးနှစ်သာ ထပ်မံတိုးမြှင့်ပေးခဲ့သည်ဟု သိရသည်။ ဗီဇာကြေးကိုလည်း ယခင်ကောက်ခံနေသည့် နှုန်းထားအတိုင်း ဘတ် ၅၀၀ သာ ဆက်လက်ကောက်ခံရန် ထိုင်းအစိုးရ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် ယာယီ မြန်မာနိုင်ငံကူး လက်မှတ်အတွက် ငွေကျပ် ၃၀၀၀၊ ဗီဇာကြေး ဘတ် ၅၀၀ သာ ဖြစ်သော်လည်း သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ ရှိနေသည်ဟု သိရသည်။

၂၀၀၉ ခုနှစ် ဇွန်လမှ လက်ရှိအချိန်ထိ ယာယီမြန်မာနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူ ဦးရေမှာ ၅သိန်းကျော်သွားပြီ ဖြစ်သည်။ ယင်းအပြင် ၂၀၁၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ တစ်လအတွင်း မြန်မာရွှေ့ပြောင်း လုပ်သားများကို တရားဝင်လုပ်သားအဖြစ် မှတ်ပုံတင်ခွင့် ပေးထားရာ မြန်မာလုပ်သား တစ်သန်းအထိ မှတ်ပုံတင်နိုင်ရန် ခန့်မှန်းထားသည်။ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံခြားရေးနှင့် အလုပ်သမားဝန်ကြီး ဌာနများကိုလည်း မေတ္တာရပ်ခံညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး မှတ်ပုံတင်ကာလ အတွင်း မြန်မာရွှေ့ပြောင်းလုပ်သားများအား မဖမ်းဆီးရန်၊ အလုပ်ရှင်များ အနေဖြင့်လည်း ပွဲစားဖြင့်စေလွှတ်ခြင်း မပြုဘဲ ခန့်အပ်ထားသော ကိုယ်စားလှယ်ဖြင့်သာ လုပ်သားမှတ်ပုံတင်ခြင်း၊ ယာယီမြန်မာနိုင်ငံကူး လက်မှတ်လျှောက်ထားခြင်းတို့ကို ပြုလုပ်ရန် ညွှန်ကြားထားသည်ဟု သိရသည်။

“ အရင်က ထိုင်းအလုပ်သမား ဥပဒေအရ ထိုင်းနိုင်ငံရောက် ပြည်ပ လုပ်သားတွေ အလုပ်လုပ်ခွင့်လေးနှစ် သက်တမ်းပြီးတာနဲ့ တစ်ကြိမ်နားရပါတယ်။ အဲဒီမှာ ယာယီမြန်မာနိုင်ငံကူး လက်မှတ်သက်တမ်းက  သုံးနှစ် ဆိုတော့ အလုပ်လုပ်ခွင့် လေးနှစ်မပြည့်မီမှာဘဲ ပြန်ရ၊ နားရပါတယ်။ အခု အဲဒီ သုံးနှစ်သက်တမ်းကို ခြောက်နှစ် အထိ တိုးပေးလိုက်တော့ အလုပ်လုပ်ခွင့် လေးနှစ်အထိ အလုပ်လုပ်ခွင့်ရှိသလို ပြည့်သွားရင်လည်း ထိုင်းနိုင်ငံမှာပဲ လပိုင်းအတွင်း အလုပ်ပြန်ဝင်ခွင့်ရအောင် ထိုင်းအစိုးရနဲ့ ညှိနှိုင်းခဲ့ တာပါ”ဟု ပြည်ပလုပ်သားရေးရာနှင့် လူကုန်ကူးမှုဆိုင်ရာ သုတေသီ စာရေးဆရာ ၀င်းနိုင်ထွန်းက ပြောကြားခဲ့သည်။

ယာယီ မြန်မာနိုင်ငံကူး လက်မှတ်များကို မြန်မာနယ်စပ်မြို့များ ဖြစ်သည့် မြ၀တီ၊ တာချီလိတ်၊ ကော့သောင်းမြို့နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့တို့တွင် ရုံးဖွင့် ဆောင်ရွက်ပေးလျက် ရှိသည်။ ထိုင်းနိုင်ငံရှိ ရေလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသော မြန်မာ ရွှေ့ပြောင်း လုပ်သားဦးရေမှာ သုံးသန်းခန့်ရှိနေကြောင်း သိရသည်။

Source : News Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.