တာလေဒေသ တောင်ကြောများ၌ ဘူမိဗေဒပညာရှင်များ ကွင်းဆင်း လေ့လာနေစဉ်

တာလေ ငလျင်ဒဏ်သင့် ဒေသရှိ တောင်တန်းများ၌ မတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ကျောက်အက်ကြောင်းနှင့် မြေပြင်အက်ကြောင်းများ ဖြစ်ပေါ်ခဲ့သဖြင့် ရုတ်တရက် တောင်ပြိုကျမှုများ ကြုံတွေ့ရနိုင်ကြောင်း တာလေဒေသသို့ သွားရောက် ကွင်းဆင်းလေ့လာခဲ့သည့် မြန်မာနိုင်ငံ ငလျင်ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

အလားတူ တောင်တန်းများတွင် ဖြစ်ပေါ်ခဲ့သော မြေပြင်အက်ကြောင်း နှင့် ကျောက်အက်ကြောင်းများအတွင်းသို့ မိုးရေစီးဝင်မှုနှင့်အတူ တောင်စောင်းမြေထု၏ အလေးချိန်ကြောင့် တောင်ပြိုခြင်းများ ကြုံတွေ့လာနိုင်ရာ အဆိုပါ တောင်ပြိုနိုင်သည့် နေရာဒေသနှင့် အနီးဝန်းကျင်တွင် အခြေချနေထိုင်ခြင်းနှင့် တောင်ယာလုပ်ကိုင် စားသောက်ခြင်းမပြုရန် ပညာရှင်များက သတိပေးထားကြောင်းလည်း သိရှိရပါသည်။
“တာလေဒေသက တောင်တန်းတွေမှာ ငလျင်ဒဏ်ကြောင့် ကျောက်အက်ကြောင်းတွေ၊ မြေပြင်အက်ကြောင်းတွေ ဖြစ်ပေါ်ခဲ့တာကို တိုင်းတာသိရှိခဲ့ရတယ်။ အဲဒီ အက်ကြောင်းတွေကနေ ရုတ်တရက်တောင်ပြိုတာတွေ ကြုံတွေ့ရနိုင်တယ်။ ဒီတော့ အဲဒီဒေသ၀န်းကျင်မှာ အခြေချနေထိုင်တာတွေ မပြုဖို့ သတိပေးထားပါတယ်။ နောက်ပြီး တောင်ယာလုပ်ကိုင် စားသောက်နေတဲ့ ဒေသခံတွေကိုလည်း တတ်နိုင်ရင် ဒီနေရာမှာ မလုပ်ကြဖို့ ကျွန်တော်တို့ သတိပေး ခဲ့ပါတယ်”ဟု မြန်မာနိုင်ငံမြေငလျင် ကော်မတီမှ အတွင်းရေးမှူး ဦးစိုးသူရ ထွန်းက ပြောကြားခဲ့သည်။
အလားတူ တာလေ-မိုင်းလင်း ဒေသကို အုပ်မိုးထားသော တောင်တန်းများတွင် ကျောက်အက်ကြောင်းကြီးများ၊ အပေါ်ယံမြေပြိုဆင်းမှု များကိုလည်း တွေ့ရှိခဲ့ရကြောင်းလည်း သိရှိရသည်။
“ကျွန်တော်တို့က မိုင်းလင်းရဲ့ မြောက်ဘက် ၇ မိုင်လောက်ဝေးတဲ့ လွိုင်စောင် တောင်းတောင်ကဆိုရင် တော်လဲသံတွေ ကြားရတယ်။ နောက်ပြီး ဒုန်း၊ ဒုန်းဆိုတဲ့ အသံတွေလည်း မကြာခဏကြားရတယ်။ ပြီးတော့ အဲဒီတောင်မှာလည်း အက်ကြောင်းကြီးတွေ ဖြစ်နေတော့ တောင်ပြိုမှာကို ကျွန်တော်တို့စိုးရိမ်နေကြပါတယ်”ဟု ဒေသခံတစ်ဦးက ပြောပြခဲ့သည်။
အလားတူ တာလေ-မိုင်းလင်း ဒေသရှိ ၅၃၁၆ ပေအမြင့်ရှိ လွိုင်တော်ခမ်းတောင့် တောင်ကြောများတွင်လည်း ကျောက်အက်ကြောင်းကြီးများနှင့် အပေါ်ယံ မြေပြိုဆင်းမှုများကို တွေ့ရကြောင်း သိရသည်။

“တာလေ-မိုင်းလင်းဒေသက တောင်တွေမှာ တောင်ပြိုကျမှုတွေ ကြုံတွေ့ရနိုင်တယ် ဆိုတာကိုဒေသခံတွေ ကို သတိပေးခဲ့သလို သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြထားပါတယ်။ နောက်ပြီး အဲဒီဒေသမှာရှိတဲ့ အမြောက်တပ်တောင်ကုန်း မြောက်ပိုင်းတွေမှာလည်း ဒီလိုအန္တရာယ်တွေ ရှိနေတယ်ဆိုတာ သက်ဆိုင်ရာ တပ်ကအရာရှိတွေကို သတိပေးခဲ့ပါတယ်။ ဒါတွေကို ကြိုတင်ကာကွယ်ဖို့ လိုတယ်ဆိုတာကိုလည်း အသိပေးခဲ့ပါတယ်။ နောက်ပြီး အကြီးစား မြေပြိုမှုတွေဖြစ်ရင် ဒေသခံတွေကို ထိခိုက်နိုင်တယ်။ နောက်ပြီး မြေပြိုမှု တွေဖြစ်ရင် ပြင်ဆင်ထိန်းသိမ်းဖို့ ခက်ခဲလို့ ကြိုတင်အစီအမံတွေ ထားရှိဖို့လည်း လိုအပ်ပါတယ်”ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
“ငလျင်ကြောင့် မြေပြင်အက်ကြောင်းတွေကို ပြတ်ရွေ့ကြောင်းတစ်လျှောက်မှာ တွေ့ရပါတယ်။ တချို့ အက်ကြောင်းတွေမှာ မြေအောက်ရေ မြင့်တဲ့နေရာတွေမှာ ငလျင်လှုပ်လို့ ဖြစ်လေ့ရှိတဲ့ သံပျော်ပန်းထွက်မှု (Liquefaction) အဖြစ် တွေ့ရပြီး တော့ တချို့မှာတော့ ဟသွားတဲ့ အက်ကြောင်းသက်သက်အဖြစ်ပဲ တွေ့ရပါတယ်။ တချို့နေရာကျတော့ ပြတ်ရွေ့အတိုင်း လက်ဝဲရွေ့အံလွဲမှု (Left lateral offset) အဖြစ် တွေ့ရပါတယ်။ တာလေမှာ အဆောက်အအုံ ပျက်စီးတာအများစုက ငလျင်လှိုင်း ဒဏ်ကြောင့်ပြီးရင် အဲဒီသံပျော်ပန်းထွက်မှုနဲ့ မြေလွှာအက်ကြောင်းတွေကြောင့် အဓိကဖြစ်ရတာပါ”ဟု  ဘူမိဗေဒပညာရှင် တစ်ဦးက ပြောပြခဲ့သည်။

၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက် နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ မြောက်ဘက် ၁၈ မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ငလျင်ကြောင့် တာချီလိတ်မြို့နယ် အတွင်းရှိ တာလေနှင့်မိုင်းလင်းမြို့ နယ်ခွဲများ၊ ကျကူနီ၊ ၀မ်းဟိုမိန်း၊ ကုန်းသာ၊ ဖကန်၊ ၀မ်ဟအစရှိသည့် ရွာများစွာတွင် အဆောက်အအုံများစွာ ပြိုကျပျက်စီးပြီး တရားဝင်ထုတ်ပြန်သော မှတ်တမ်းများအရ လူ ၇၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

Source : News-Eleven

0 Comments:

Post a Comment



Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.

Creative Commons License