Thursday, July 21, 2011

လာမည့် ခရီးသွားရာသီတွင် ဟိုတယ်အခန်းခ နှုန်းထားများ အပြောင်းအလဲ ပြုလုပ်ရန် ဟိုတယ်အချို့စီစဉ်

 ခရီးစဉ်ဒေသ တစ်ခုဖြစ်သော ငွေဆောင်ကမ်းခြေ

လာမည့် အောက်တိုဘာ လဆန်းပိုင်း ပွင့်လင်းကာလတွင် စတင်မည့် ခရီးသွားရာသီ၌ ဟိုတယ်အခန်းခ နှုန်းထားများ အပြောင်းအလဲပြုလုပ်ရန် မြန်မာနိုင်ငံ ခရီးစဉ်ဒေသများရှိ ဟိုတယ်အချို့ စီစဉ်နေကြောင်း သတင်း ရရှိပါသည်။

ယင်းသို့ ဈေးနှုန်းအပြောင်းအလဲ ပြုလုပ်ရန် စီစဉ်ခြင်းသည် လတ်တလော အနေအထား၌ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း တိုးတက်လာနေခြင်းနှင့် သက်ဆိုင်နေပြီး အမေရိကန်ဒေါ်လာ ငွေလဲနှုန်း ကျဆင်းမှုနှင့်လည်း ပတ်သက်မှု ရှိနေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် အဓိကခရီးစဉ် ဒေသများအနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ ငပလီ၊ ငွေဆောင်၊ ချောင်းသာစသည်တို့ ရှိနေပြီး လက်ရှိအချိန်တွင် ကမ်းခြေဒေသများ၌ ဟိုတယ်အများစု လုပ်ငန်းလည်ပတ်မှု ရပ်နားထားကာ အခြားသောခရီး စဉ်ဒေသများတွင်မူ ပုံမှန်လုပ်ငန်း လည်ပတ်မှုရှိနေကြသည်။

“ဟိုတယ်တချို့တော့ လာမယ့် ပွင့်လင်းရာသီမှာ ဈေးနှုန်း ပြောင်းလဲနိုင်တယ်။ ဒါကတော့ ငွေလဲနှုန်း ကြောင့်လို့ ပြောလို့ရတာလည်း တစ်ပိုင်းရှိတယ်။ နောက်တစ်ပိုင်းကတော့ ဈေးကွက်တက်လာတာပေါ့။

အဓိကကတော့ ဈေးကွက်ပေါ်မူတည်နေတာ”ဟု ရန်ကုန်မြို့ရှိ ပြည်ပရင်းနှီး မြှုပ်နှံမှုဖြင့် ဖွင့်လှစ်ထားသည့် ဟိုတယ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ဟိုတယ်များနှင့် ခရီးသွားကုမ္ပဏီများ အကြားတွင် ခရီးသွားရာသီ အလိုက်၊ သတ်မှတ်ကာလအလိုက် သဘောတူညီမှု ပြုလုပ်ထားသော ဈေးနှုန်းများဖြင့် အလုပ်လုပ်ကိုင်ကြပြီး ယခုအခါတွင်မူ လာမည့်ခရီးသွား ရာသီအတွက် ဈေးနှုန်းများမှာ သတ်မှတ်ပြီးကြပြီ ဖြစ်သည်ဟု သိရှိရသည်။

“ခရီးသွားကုမ္ပဏီတွေနဲ့ ဟိုတယ်တွေကြားမှာ သဘောတူညီမှုနဲ့ ဈေး နှုန်းသတ်မှတ်ပြီး အလုပ်လုပ်ကြတာ ကတော့ ကာလအမျိုးမျိုးရှိတယ်။ တချို့က ခြောက်လချုပ်ကြတယ်။ တချို့က တစ်နှစ်ချုပ်ကြတယ်။ တချို့ က Calendar year  နဲ့ သွားတာရှိတယ်၊ ခရီးသွားရာသီနဲ့ သွားတာလည်း ရှိတယ်”ဟု ပြည်ပရင်းနှီး မြှုပ်နှံမှုဖြင့် ဖွင့်လှစ်ထားသည့်ဟိုတယ် တစ်ခုမှ တာဝန်ရှိသူက ဆက်လက် ပြောပြသည်။

“ကုမ္ပဏီတွေနဲ့ ကျွန်မတို့ဟိုတယ်တွေကြားမှာ ဈေးနှုန်းက ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ၊ ဒီဇင်ဘာ လလောက်ကတည်းက သတ်မှတ်ပြီးသား။ အဲဒီအပေါ်မှာတော့ ထပ်ပြီး ပြောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ကိုယ် သဘောတူညီထားပြီးသား ဖြစ်တဲ့ အတွက် မပြောင်းလဲပါဘူး”ဟု ပုဂံ၊ ငွေဆောင်တို့တွင် ဖွင့်လှစ်ထားသည့် ဟိုတယ်များ၏ ဈေးကွက်ဆိုင်ရာ တာဝန်ရှိသူက ဆိုပါသည်။

“ပွင့်လင်းရာသီမှာတော့ ဟိုတယ်တချို့ ဈေးအပြောင်းအလဲ လုပ်နိုင်တယ်။ သတ်မှတ်ဈေးနှုန်းတွေတော့ ထွက်ပြီးသား ဖြစ်တဲ့အတွက် မပြောင်းနိုင်ဘူး။ မိမိအစီအစဉ်နဲ့ လာတဲ့ ခရီးသွားတွေဆိုရင်တော့ အခန်းခ ဈေးပြောင်းနိုင်တာပေါ့။ ငွေဆောင် အနေနဲ့ပြောရရင်တော့ မိုးရာသီမှာ ဈေးလျှော့ထားခဲ့တယ်။ ပွင့်လင်းရာသီ ပြန်စရင်တော့ ပုံမှန်ဈေးကို ပြန်ရောက်မှာပါ”ဟု ငွေဆောင်ကမ်းခြေ  ရှိ Emerald Sea ဟိုတယ်မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်ထွန်းက ပြောကြားခဲ့သည်။

၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းအထိ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ တစ်နိုင်ငံလုံးတွင် ဟိုတယ်၊ မိုတယ်နှင့်တည်းခိုခန်း ပေါင်း ၆၉၀ ကျော် ရှိကြောင်းလည်း သိရသည်။

Source : News-Eleven

No comments:

Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.