ဧရာဝတီမြစ်ကြောင်းအတွင်း ရှင်သန်ပေါက်ဖွားသော ကမ္ဘာ့ရှားပါး မျိုးနွယ်စာရင်းဝင် ဧရာဝတီလင်းပိုင်များ၏ ရှင်သန်နေထိုင်မှုပုံစံများ ပြောင်းလဲလာကြောင်း ငါးလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးဟန်ဝင်း (ပတ်ဝန်းကျင်/မျိုးသုဉ်းရှားပါး)၏ ပြောကြားချက်အရ သိရသည်။ ယခင်က ဧရာဝတီမြစ်၏ မြစ်ကျဉ်းများတွင် ကျောက်သားကမ်းပါး၊ ရေအောက်ကျာက်ဆောင်တို့နှင့် ရေစီးသန်မှုကြောင့် လင်းပိုင်များ ဖြတ်သန်းသွားလာမှုမရှိကြောင်းသိရပြီး ယခုအခါ ဧရာဝတီမြစ်ကျဉ်းများရှိ မြင့်မားမတ်စောက်သော ကျောက်သားကမ်းပါးယံများတွင် မြစ်အထက်ပိုင်းမှ နုန်းမြေပို့ချမှု များပြားလာခြင်းကြောင့် ကျောက်သားဆန်မှု နည်းပါးလာပြီး ယခင် ကျောက်စိုင် ထူထပ်သော မြစ်ကျဉ်းများအတွင်း လင်းပိုင်များ ဖြတ်သန်းနေထိုင်မှုများကို တွေ့ရှိလာကြောင်း သိရသည်။

ကချင်ပြည်နယ် ဧရာဝတီမြစ်ဖျားခံရာ အရပ်ဒေသများတွင် မြစ်အတွင်းမှ ရွှေတူးယူသော ရွှေဖောင် ၃၀၀ ခန့်နှင့်မြစ် အထက်ပိုင်းများတွင် ရွှေတူးဖော်လုပ်ကိုင်မှုများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားနေပြီး  အဆိုပါရွှေဖောင်များသည် ဧရာဝတီမြစ်၏ ရေဝေရေလဲဒေသများ၊ မြစ်လက်တက်များနှင့် ချောင်းလက်တက်များသို့ သွားရောက်ကာ မြစ်ကြမ်းပြင်မှဖြုန်းများကို စက်အားဖြင့်ရယူကာ ရွှေကျင်ပြုလုပ်ပြီးနောက် စွန့်ပစ်ပစ္စည်းများဖြစ်သော မြေစာခဲများ၊ ပြဒါး၊ ဆိုက်ရာနိုက်များကို မြစ်အတွင်းသို့ပင် ပြန်လည်စွန့်ပစ်ကြောင်း သိရသည်။ ကချင်ပြည်နယ်အတွင်း၌ ထိုကဲ့သို့ ရွှေတူးလုပ်ငန်းများတွင် ကျယ်ပြန့်လာခြင်းသည် အလုပ်အကိုင်အခွင့်အလမ်းများ၊ စက်ပစ္စည်း ရောင်းဝယ်ရေးဈေးကွက်နှင့် စားသောက်ကုန်စည်ဈေးကွက်တို့ကို ဖြစ်ပေါ်စေသော်လည်း အခြားတစ်ဖက်တွင် မြစ်ကြောင်းတိမ်ကောခြင်း၊ မြစ်ကြောင်းဂေဟစနစ်များ ပြောင်းလဲလာခြင်း၊ ကမ်းပါးပြိုခြင်း၊ စွန့်ပစ်စ္စည်းဖြစ်သော မာကျူရီဆိုင်ရာနိုက်ကြောင့် ရေနေသတ္တ၀ါများကို သေကြေ ပျက်စီးစေနိုင်ကြောင်း သိရသည်။


မြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ အရင်ကလို ရှင်သန်နေထိုင် နိုင်ခြင်း မရှိတော့ဘူး။ မနှစ်က ရေနည်းကာလမှာ လင်းပိုင် ငါးကောင်လောက် သေဆုံးခဲ့တယ်။ မြစ်ရေနည်းပါးသွားတဲ့ အချိန်မှာဆိုရင် လင်းပိုင်တွေက မြစ်ညာ အထက်ဘက်ကိုတက်ပြီး ပြောင်းရွှေ့နေထိုင် ကြပေမယ့် လူတွေကြောင့် မြစ်ကြောင်းပိတ်တာ၊ ရေပြင်ညစ်ညမ်း လာတာတွေကြောင့် မျိုးမပွားနိုင်တာတွေ ဖြစ်လာနိုင်တယ်


ဧရာဝတီမြစ်ကြောင်း ပြောင်းလဲလာမှုနှင့်ပတ်သက်၍ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး တာဝန်ခံတစ်ဦးဖြစ်သူ ဦးဟန်ဝင်းကတတိယမြစ်ကျဉ်းအထက်ပိုင်းမှာ အရင်က ရေစီးသန်ပြီး ၀ဲကြမ်းကြမ်း နှစ်နေရာ၊ သုံးနေရာလောက် တွေ့ရလေ့ရှိတယ်။ အခုတော့သောင်တွေ များလာတယ်။ ၀ဲကြီးတွေ နည်းလာတယ်။ မလယ်ရွာအောက်ဘက် ပေသောင်ကျေးရွာနားမှာဆို မြစ်ကြောင်းအနေအထားက ကမ်းနှစ်ခုထိစပ်လုနီးထိ ဖြစ်သွားတာ။ မြစ်အထက်ပိုင်းတစ်လျှောက်မှာ ရွှေတူးဖော်တာတွေများလာပြီး ကမ်းပါးတွေ ဖြိုချပစ်တာမျိုးတွေကြောင့် မြစ်ကြောင်းက တဖြည်းဖြည်း တိမ်လာတယ်။ နောက်ဆို မြစ်ကြောင်းပိတ်တာမျိုးတွေ ကြုံလာနိုင်တယ်။ အခုတောင်မှ ပထမမြစ်ကျဉ်း အောက်နားမှာ မြစ်ကြောင်းက ရေလယ်မှာတောင် ကျောက်ပုံတွေ စုပုံနေပြီ။ ရွှေကူမြို့နားမှာဆို  မြစ်ရေအရောင်က ရွှေတူးတဲ့မျောတွေရဲ့ စွန့်ပစ်ရေတွေကြောင့် မြေနီရောင်ဖြစ်နေတယ်ဟု ဆိုသည်။
မဲခေါင်မြစ်မှာနေထိုင်တဲ့ ရေချိုလင်းပိုင်တွေဟာ မြစ်ကြောင်းကျပ်တာ၊ ရေအောက် ကျောက်ဆောင်တွေ ထူထပ်တာကြောင့် ကူးခပ်ရှင်သန်ရတာ မလွတ်လပ်တော့ပါဘူး။ ဒါကြောင့် မျိုးသုဉ်းအန္တရာယ် ရင်ဆိုင်ရနိုင်ပါတယ်။ ဧရာဝတီလင်းပိုင်တွေကတော့ မြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ အရင်ကလို ရှင်သန်နေထိုင်နိုင်ခြင်း မရှိတော့ဘူး။ မနှစ်ကရနည်းကာလမှာ လင်းပိုင်ငါးကောင်လောက် သေဆုံးခဲ့တယ်။ မြစ်ရေနည်းပါးသွားတဲ့အချိန်မှာဆိုရင် လင်းပိုင်တွေက မြစ်ညာအထက် ဘက်ကိုတက်ပြီး ပြောင်းရွှေ့နေထိုင်ကြပေမယ့် လူတွေကြောင့် မြစ်ကြောင်းပိတ်တာ၊ ရေပြင်ညစ်ညမ်းလာတာ တွေကြောင့် မျိုးမပွားနိုင်တာတွေ ဖြစ်လာနိုင်တယ်ဟု လေ့လာသူတစ်ဦးက ဆိုသည်။

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ကျဉ်းများ၌ ဆင်ဘိုရွာအနီးမှ စတင်သော ပထမမြစ်ကျဉ်းမှာသာ မိုင်းကြီးရွာအနီးထိ ရှည်လျားပြီး ပထမမြစ်ကျဉ်း၏ အချို့နေရာများတွင် မြစ်ကြောင်းအကျယ် ပေ ၁၆၀ ခန့်သာရှိကြောင်း သိရသည်။ ဗန်းမော်နှင့် ရွှေကူဒေသရှိ ဒုတိယမြစ်ကျဉ်းမှာ ၁၄ မိုင်ခန့်ရှည်လျားပြီး ပထမမြစ်ကျဉ်းထက် မြစ်ပြင်ကျယ်ပြန့်သေးသည်။ မလယ်ရွာအလွန်မှ သပိတ်ကျင်း အောက်ဘက် ကျောက်မြောင်းအထိ မိုင် ၄၀ ခန့်ရှည်လျားသော တတိယမြစ်ကျဉ်းတွင် ကမ်းပါးမြင့်ကျောက် တောင်များနှင့် ရေစီးသန်မှုအရ ရေယာဉ်များ ခက်ခဲစွာ ဖြတ်သန်းကြရသည်။ အဆိုပါမြစ်ကျဉ်းများတွင် နုန်းမြေပို့ချမှုကြောင့် ကျောက်သားကမ်းပါးများ၏ ကျောက်သားဆန်မှု လျော့ကျလာပြီး ကျောက်သားကျောက်စိုင်ထူထပ်သော မြစ်ကြောင်းများတွင် ရှင်သန်နေထိုင်မှုမရှိသော ဧရာဝတီလင်းပိုင်များကို အဆိုပါမြစ်ကျဉ်း နေရာများ၌ တွေ့ရှိလာရကြောင်း ဒေသခံရေလုပ်သားများထံမှ သိရသည်။

လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်းမှာ မနှစ်က လင်းပိုင်ကောင်ရေလေးကောင် သေဆုံးခဲ့ပေမယ့် ဒီနှစ် ကောင်ရေပိုပြီးတိုးလာတာ တွေ့ရတယ်။ ခုလို ကောင်ရေများလာတာက လင်းပိုင်ထိန်းသိမ်းရေး နယ်မြေအတွင်းမှာပေါက်ဖွားတာလည်း ဖြစ်နိုင်သလို မြစ်အထက်ပိုင်းက လင်းပိုင်တွေ ဆင်းလာတာ လို့လည်း ယူဆရတယ်။ ဘာကြောင့်လဲဆိုရင် မြစ်ကျဉ်းတွေကိုဖြတ်ပြီး သွားလာနေထိုင်မှုတွေ တွေ့လာရတာကြောင့် ဧရာဝတီလင်းပိုင်တွေရဲ့ နေထိုင်ရှင်သန်မှုတွေ ပြောင်းလဲလာတာ တွေ့ရတယ်။ ရေချိုလင်းပိုင်တွေက ကျောက်သားဆန်တဲ့ ရေအောက်ကျောက်စိုင်တွေကြားမှာ ကူးခတ်သွားလာတာ တွေ့ရလေ့မရှိဘူးဟု ဦးဟန်ဝင်းက ဆက်လက်ပြောကြားခဲ့သည်။
ဧရာဝတီမြစ်ရဲ့ မြစ်ဖျားပိုင်းဖြစ်တဲ့ မေခမြစ်၊ မလိခမြစ်နဲ့ တခြားချောင်းလက်တက်တွေမှာ ၁၉၉၆ ခုနှစ်က စပြီး မြစ်အတွင်းမှာ ရွှေတူးတဲ့လုပ်ငန်းတွေ တစ်နှစ်ထက်တစ်နှစ် ပိုများလာတာတွ့ရတယ်။ ဒီလိုလုပ်ကိုင်တဲ့နေရာမှာ တစ်ဖက်နိုင်ငံကမြစ်ထဲမှာတင် ရွှေတူးရွှေကျင်လုပ်နိုင်တဲ့ ရွှေဖောင်တွေကို သွင်းယူလာခဲ့တယ်။ အဲဒီရွှေဖောင်တွေကို ဒေသခံတွေက ကုန်းကလုံးလို့ခေါ်တယ်။ ဘာလို့လဲဆိုတော့ မြစ်ထဲမှာတစ်နေကုန် ကုန်းကလုံး၊ ကုန်းကလုံးလို့ မြည်နေလို့ ထွက်တဲ့အသံကို စွဲပြီးခေါ်တာပါ။ အခုဆိုရင် မြစ်ညာပိုင်းတစ်လျှောက်မှာ အဲဒီလိုရွှေဖောင်တွေ ၃၀၀ ကျော်လောက်ကို ရှိနေပါပြီ။ ဧရာဝတီမြစ်ဖျားခံရာအရပ်ကိုထိရင် မြစ်အောက်ပိုင်းတစ်လျှောက်လည်း ထိမှာပါ”ဟု မြစ်ကြီးနားမြို့မှ ဒေသခံတစ်ဦးကပြောသည်။

ဧရာဝတီမြစ်သည် ဟိမ၀န္တာအရပ်မှ မြစ်ဖျားခံ စီးဆင်းလာသော မလိခမြစ်နှင့် တရုတ်ပြည်မှ မြစ်ဖျားခံ စီးဆင်းလာသော မေခမြစ်တို့ ပေါင်းဆုံ၍ဖြစ်ပေါ်လာပြီး မြစ်အရှည် ၁၂၃၀ မိုင်ရှိကြောင်းနှင့် မြစ်အရှေ့ဘက်ကမ်းတွင် ဗန်းမော်၊ မန္တလေး စသည့် မြို့နယ် ၂၁ မြို့နယ်နှင့် အနောက်ဘက်ကမ်းတွင် မြစ်ကြီးနား၊ စစ်ကိုင်းစသည့် ၁၇ မြို့နယ်တို့ကို ဖြတ်သန်းကာ ကပ္ပလီပင်လယ် အတွင်းသို့စီးဝင်ကြောင်း သိရသည်။

ဧရာဝတီလင်းပိုင်မျိုးစိတ်ကို  Orcaella Brevirostris ဟု အမည်ပေးထားပြီး ယေဘုယျအား Irrawaddy Dolphin ဟု အမည်ပေးထားသည်။ လက္ခဏာအသွင်အပြင်အားဖြင့် ကျောဘက်ပိုင်းတွင် မီးခိုးရောင် (သို့မဟုတ်) အပြာရောင်သန်းသည့်မီးခိုးရောင်ရှိပြီး ၀မ်းဗိုက်ပိုင်းသည် ဖြူဖျော့သော မီးခိုးရောင်ဖြစ်သည်။ ခန္ဓာကိုယ်သည် တော်ပီဒိုသဏ္ဌာန်ရှည်မျောမျောနှင့် ဦးခေါင်းသည် ဖရဲသီးကဲ့သို့လုံးဝန်းမှုရှိသည်။ မွေးဖွားပြီးစကာလတွင် ခန္ဓာကိုယ်အလျား ၁ မီတာအရှည်ခန့်နှင့် အလေးချိန် ၁၂ ကီလို၊ အရွယ်ရောက်အကောင်များသည် အလျား ၂ မီတာမှ ၂ ဒဿမ ၇၅ မီတာနှင့် အလေးချိန် ၁၅၀ ကီလိုအထိရှိနိုင်သည်။ ဧရာဝတီမြစ်အတွင်း ဧရာဝတီလင်းပိုင်တို့ ကျက်စားနေထိုင်လေ့ ရှိသောနေရာများမှာ ဗန်းမော်မြို့နှင့် မန္တလေးမြို့အကြားရှိ မြစ်အပိုင်းအတွင်းတွင် ဖြန့်ကြက်သွားလာ ပေါက်ဖွားရှင်သန်လျက်ရှိသည်ဟု လေ့လာမှုများအရသိရပြီး ရေနေနို့တိုက်သတ္တ၀ါတစ်မျိုးဖြစ်သော ဧရာဝတီလင်းပိုင်များကို ထိန်းသိမ်းရေး နားလည်မှုစာချွန်လွှာတစ်ရပ်ကို ၂၀၀၇ ခုနှစ်မှစတင်၍ ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့ လက်မှတ်ရေးထိုးကာ ထိန်းသိမ်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။

Source : News-Eleven

0 Comments:

Post a Comment



Post a Comment

Thank you for your comment on my blog, Anythig you can suggesting and discuss to me.

Creative Commons License